Monday, July 13, 2009

ဝါတွင်းချိန်


ငှက်ကလေးက ၊ စိုးစီစိုးစီ
ဝင်းပေါက်မှာမည် ။
ချိန်တန်ပြီ ၊ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး ။
ဦးပေါင်းကို ၊ ဆွမ်းတော်တင်
သုံးချောင်ထောက်ပြင်
သံလွင်လွင် ကျေးစည်တီးလို့
ထွန်းတဲ့ဆီမီး ။
အမျှတဲ့ သုံးကြိမ်ဝေ
သွန်းတဲ့ညောင်ရေ
မာပါစေ ကမ္ဘာသား
အောက်ထက်နံလျား ။
ရွာဦးကကြေးစည်သံ
ကျောင်းဝေဠု ဝန်
ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်
ဆွမ်းအုပ်ပြင်ပ ။

ကိုရင်ကြီး ပျိုတို့မောင်
ညိုနွဲ့ယောင်ယောင်
ပျိုတို့မောင်မာပါစ
မေးလိုက်ပါကြ ။
မာပါရဲ့အထွေးရယ် ၊ ပြောလိုက်ပါကွယ်
ရွာလယ်မှာ ကိုရင်ပန်းလို့ ညှိုးလျ ရိ နွမ်း ။
ကပ္ပိယအဘိုးအို ဆိုးလှတယ်ဆို
တို့ကိုရင် ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား ။
ဟင်းလေးကို ကျိုချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင်ဖို့ ကွယ် ။
ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ ။
ချားရစ်လေး မပျောက်ခင်
ထွက်ခဲ့စေချင် ။
လိင်ပြန်ရင်ဆံရှည်ထားပါနဲ့
သန်းတွေကများ ။
လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကတ် အနံကျယ် ဈေးကြိုကဝယ် ။
အနံကျယ် ခါးပုံနွဲ့တယ် ဆုတ်လိုက်ပ်ါတဲ့ ။
ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ်စလို့မေလိုက်တယ် ။
ရှင်လိင်ပြန် ဘယ်တော့ရက် ၊ ထွက်ခဲ့ပါမယ် ။
မျက်နှာငယ်ငယ် ဘယ်နှယ်မှမမိန့်
ဒီတဝါအနိုင်ခဲလို့ ၊ နွှဲရရှာလိမ့် ။
ကိုရင်ကြီး လာမယ်ဆို ၊ ဝင်းပေါက်ကကြို
အို အလို ကိုရင်ထွက်ကယ်
ငါး ငါးပိချက် ။

မင်းသုဝဏ်
၁၉၃၆

No comments:

Post a Comment