Wednesday, July 15, 2009

လျှာကို အလိုလိုက်မိသည့် ဒေါ်ရွှေကြာ

ကိုယ်ခန္ဓာ ဝဝဖိုင့်ဖိုင့်နဲ့ အသက် (၆၀) ခန့်ရှိသော ဒေါ်ရွှေကြာတယောက် လူများတွဲပြီး ဆေးရုံသို့ ရောက်လာသည်။ သူ့မှာ သွေးတိုး၊ နှလုံးနှင့် ဆီးချိုရောဂါရှိသည်။
သူ့အား လူနာစမ်းသပ်ခုတင်ပေါ်တွင် နားနေစေပြီး သူအမောပြေလောက်မှ ဘာများ ဖြစ်လာပြန်ပြီလဲ ဒေါ်ရွှေကြာ ဟု မေးလိုက်သည်။ ထုံးစံအတိုင်း ဒေါ်ရွှေကြကတော့ မပြောပါနဲ့တော့ ဆရာရယ် က စသည်။ ပြောသာ ပြောပါ ဒေါ်ရွှေကြာ ဟု ကျနော်က လမ်းကြောင်းပေးတော့မှ သူကဆက်ပြီး တစ်လောက ကျမတို့အိမ်နားမှာ ဒီနှစ်ရာသီပေါ်စာကလေး တညင်းသီးလေးတွေ လှတာနဲ့ ဝယ်ပြီး ပြုတ်၊ ထောင်း၊ အုန်းနို့ဆမ်းကလေးနဲ့ စားလိုက်တယ်.... စားလို့ ကောင်းကောင်းရှိတာနဲ့ စားလိုက်တာ အလုံး (၂၀) လောက် ကုန်သွားတယ်... စားလဲပြီးရော ဆီးချုပ်တော့တာပဲ၊ ပြီးတော့ လူလဲ လေးလာတယ်၊ အိပ်ချင်လာတယ်၊ ထုံ ထိုင်းထိုင်းရှိတာနဲ့ အိမ်နားက ဆရာဝန်မလေး မသီတာကို ခေါ်ပြီးတော့ သွေးတိုင်းတော့ အောက်သွေး (၁၂၀)၊ အပေါ်သွေး (၁၈၀) ဖြစ်နေတယ်.... ဒါနဲ့ သူက ခပ်မြန်မြန်လေး ဆီးဆေးထိုးပေးပြီး သွေးကျဆေးတစ်လုံးတိုက်တယ်၊ အဲဒီဆေးလေး ထိုး ဆေးလေးသောက်ပြီး နည်းနည်းတော့ နေထိုင် ကောင်းလာတယ်.... ဒါပေမဲ့ ညနေကျတော့ ထမင်းလေးနည်းနည်းနဲ့ ချဉ်ပေါင်စပ်ချဉ်ဟင်း ခံတွင်းတွေ့တွေ့နဲ့ စားလိုက်တာ ချဉ်ရေဟင်းထဲ ငါးပိပါလို့ထင်ပါရဲ့ ဇက်ကြော တအားထိုးပြီး မူးလာတယ်။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ဆရာတို့ဆီ လာခဲ့တာပါဟု ရှည်ရှည် လျားလျား ဖြေသည်။

သူ၏ စကားကို နားထောင်လိုက်ကတည်းက ဒီအဒေါ်ကြီး အစားသရမ်းပြန်ပြီ ဒါကြောင့် ဒီလိုခံရတာ ဟု မှတ်ချက် ချမိသည်။ သူ ယူလာခဲ့သော ဆေးမှတ်တမ်းစာအုပ်ကို ကြည်လိုက်တော့ ယခင်ကတည်းက သူ့မှာ ဆီးချိုရော၊ သွေးတိုးရော၊ နှလုံးသွေးကြောကျဉ်းရောဂါများ ရှိခဲ့သည်။ ဤရောဂါများ ရှိနေ၍ ဒေါ်ရွှေကြာကို ကျနော်တို့က ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေ သိပ်မစားဖို့၊ အချိုဆိုရင်လဲ ထန်းလျက်တို့၊ ကြံသကာတို့၊ သကြားတို့ မစားဖို့၊ နှလုံးသွေးကြောအတွက် အဆီအဆိမ့်တွေ အထူးသဖြင့် အုန်းနို့တို့ စားအုန်းဆီနဲ့ ကြော်ထား ချက်ထားတဲ့ဟင်းတွေ မစားဖို့ မှာသည်။ စာအုပ်တွင် ရေးလဲ ရေးထားသည်။

သို့သော် သူက အစားကို မရှောင်၊ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး အရသာ (၆) မျိုးစလုံးပါသော ထမင်းဟင်းနဲ့ မုန့်ပဲ သွားရည်စာများကို လူမမြင်လျှင် မမြင်သလို စားသည်။

အမေ ဆရာတွေက မှာထားတယ်လေ၊ သိပ်ချိုတာတွေ၊ ငန်တာတွေ မစားနဲ့ဆို၊ စားနေပြန်ပြီ ဟု ပြောကာ သူ့ထံမှ စားသောက်နေဆဲ ပန်းကန်တို့ ခွက်တို့ကို သိမ်းသွားလျှင် သူက စိတ်ဆိုးသည်။

သေချင်သေ၊ ငါတော့ စားမှာပဲ ဟုပြောကာ သူ့ထိုင်ခုံဘေးရှိ ကြောင်အိမ်ထဲက နနွင်းမကင်းတတုံးကို လှမ်းယူကာ စားလိုက်သည်။ ကြာတော့ သူ၏ သားတွေ၊ သမီးတွေ၊ တူ၊ တူမတွေက မပြောနိုင်တော့၊ အစားရှောင်ဖို့ပြောလို့မရတော့ သူသောက်ဖို့ ဆောင်ထားသည့် ဆေးများကို အချိန်မှန်မှန် တိုက်ကျွေးကြသည်။ အမှန်တော့ ဆေးတွေက ရောဂါကို သက်သာအောင် ပို၍ဆိုးမလာအောင်၊ ဝေဒနာဒဏ်မခံစားရအောင်သာ တားဆီးပေးနိုင်သည်။

အစားမရှောင်ဘဲ ချဉ်ချင်းတ`ရာ လျှောက်စားနေသူအတွက်တော့ ဆေးတွေက မနိုင်တော့။ ဒီတော့ သူ၏ သွေးတိုးက ဆိုးလာသည်။ သွေးချိုက ပိုတက်လာသည်။ အဆီတွေတိုးလာ၍ နှလုံးသွေးကြောတွေက ပို၍ ကျဉ်းလာသည်။ သူ အသည်းအသန် ဖြစ်နေသည်ကို မကြည့်ရက်နိုင်သော အစ်ကိုဝမ်းကွဲတော်သူ ဦးလေးစံက ရွှေကြည် နင် အစားအသောက် ဆင်ခြင်ဦး၊ လျှာကို သိပ်အလို မလိုက်နဲ့၊ ဆရာဝန်တွေမှာတဲ့အတိုင်း အဆီတွေ၊ အငန်တွေ၊ အချိုတွေ လျှော့စား၊ နင့်လျှာက တမိုက်လောက် မရှည်ဘူး။ ငန်ငန် မငန်ငန်၊ ချိုချို မချိုချို စားစရာကို အဟာရဖြစ်အောင် မျိုသာချလိုက်၊ အန္တရာယ်ကင်းတယ် ဟု ကရုဏာသက်စွာ ပြောသည်။

အစ်ကိုတယောက်က ပြောသည်ဆိုတော့လဲ ဒေါ်ရွှေကြာက ဟုတ်ကဲ့ ဟု ပြန်ဖြေသည်။ သို့သော် သူ၏စိတ်နှင့် သူ၏ လျှာကိုတော့မထိန်း၊ စားမြဲ ဆက်စားသည်။ ရမ်းမြဲ ဆက်ရမ်းနေလေသည်။ ဒီတစ်ခေါက် ဆေးရုံသို့ရောက်လာတော့ ကျနော်က ဒေါ်ရွှေကြာ.... ကျနော်တို့စကားကို နားထောင်မလား ဟု မေးရသည်။ နားထောင်ပါ့မယ် ဆရာ ဟု သူက ချက်ချင်းပင် ကတိပေးသည်။ ထိုကတိကြောင့် သူအား အချို၊ အငန်၊ အဆီ၊ အဆိမ့်တွေ ပေါ့ထား၊ ဖယ်ထားသော အစာများကိုသာ ကျွေးသည်။ သောက်ဆေး၊ ထိုးဆေးများကိုလဲ ပြန်လည်တိုင်းထွာပြီး သောက်ခိုင်း၊ ထိုးခိုင်းတော့ သူ၏ သွေးချို၊ ဆီးချို သွေးပေါင်ချိန်တွေ မှန်လာသည်။ လူလဲ နေလို့ထိုင်လို့ ကောင်းလာသည်။ ဆရာဝန်များလိုပင် ဒဿနိက ဆရာများကလဲ လျှာ ကို ထိန်းခိုင်းသည်။ ဤလျှာကို မထိန်းနိုင်ဘဲ ပြောချင်ရာပြော၊ ဆိုချင်ရာဆိုမှုတွေကြောင့် ငြင်းခုန်မှု၊ စကားများမှု၊ ရန်လိုမှုတွေ ဖြစ်ကြသည်။

ထို့ကြောင့် ကျန်းမာရေးအတွက်ရော၊ လူမှုရေးအတွက်ပါ အဆင်ပြေစေရာ လျှာကို ထိန်းကြပါဟု ဤဆောင်းပါးဖြင့် တင်ပြနှိုးဆော်လိုက်ပါသည်။

ကမ္ဘောဇခင်လှိုင်
၂၀၀၉ ဧပြီလထုတ် ကလျှာမဂ္ဂဇင်းမှ ကူးယူပါသည်။

No comments:

Post a Comment