Tuesday, July 21, 2009

လေးဆယ့်ရှစ်ဆိုတာ …. အပိုင်း (၃)



ရွာကလေးဟာ တောင် မြောက် အလျားလိုက်တည်နေတဲ့အနေအထားမှာ ၃ လမ်းပြိုင် အရှည် တမိုင် ခွဲလောက်ရှိပါတယ်။ ရွာလည် အဓိကလမ်းမကြီးမှာ အခုတော့ ထိုင်းတွေဖြစ်နေကြပီဖြစ်တဲ့ တရုပ်နဲ့ ရှမ်းလူမျိုးတွေ အများစု နေထိုင်ကြတယ်။ ဘေး ၂ ဘက်က လမ်းတွေမှာတော့ လားဟူနဲ့ အီကော လူမျိုးစုတွေ နေထိုင်ကြပါတယ်။ အဲဒီလမ်း ၃ လမ်းစလုံးရဲ့ အကျိုအကြားတွေထဲမှာတော့ ကျနော်တို့တွေပေါ့။ လားဟူနဲ့ အီကော အများစုက ထိုင်းတောင်ပေါ်သားလက်မှတ်သာ ရကြပါသေးတယ်။ ထိုင်းနိုင်ငံသား မှတ်ပုံတင် စစ်စစ် ရတဲ့သူက နည်းပါသေးတယ်။ တူညီတာတခုကတော့ သူတို့အားလုံးဟာ ဗမာပြည်ကနေ ထိုင်းမြေထဲဝင်လာပြီး အခြေချနေထိုင်သူတွေဖြစ်ပါတယ်။ နောက်တူညီတာတခုက သူတို့အားလုံးဟာ ဒီရွာကိုတည်ခဲ့တဲ့ စစ်ခေါင်ဆောင် ၀ဏ္ဏစွန်ချိုင်းရဲ့ တပ်သားများနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ၊ နီးစပ်သူတွေ ဖြစ်ပါတယ်။
ဒီဒေသကို ခြေကုတ်ယူပြီး ထိုင်အစိုးရကို တိုက်ခိုက်ခဲ့တဲ့ မုန်းလူမျိုးတပ်ဖွဲ့တွေကို နှိမ်နှင်းခဲ့သူ ၀ဏ္ဏစွန်ချိုင်းရဲ့ အဓိက အထောက်အပံ့က ကူမင်တန်တပ်ဖွဲ့တွေဆီက ဖြစ်ခဲ့ပြီး တပ်သားအင်အား အများစုဟာ ဗမာပြည်ထဲ ကျွံဝင်လာပြီး လွတ်လပ်ရေးရကာစ ဗမာပြည်ကို အတော်အတန်ဒုက္ခပေးသွားခဲ့သေးတဲ့ တရုပ်ဖြူတွေ အခြေစိုက်ထားတဲ့ ရှမ်းပြည်နယ်ထဲက တပ်သားများနဲ့ မူလ ဘိန်းဘုရင် လော်စစ်ဟန်နဲ့ လော်စစ်ဟန်ကို ဆက်ခံခဲ့သူ ခွန်ဆာတို့ရဲ့ တပ်ဖွဲ့ဝင် အင်အားတွေဖြစ်ပါတယ်။
မုန်းလူမျိုးတပ်တွေကတော့ တရုပ်ပြည်မကြီးရဲ့ အဆက်အနွယ်တွေဖြစ်ပါတယ်။ ထိုင်းအစိုးရကို တော်လှန်ပုန်ကန်ရာတွင်လည်း မုန်းလူမျိုးများသည် ထိုင်းကွန်မြူနစ်များနဲ့ လက်တွဲခဲ့ပါတယ်။ ကနေ့ လက်ရှိအချိန်မှာတော့ ဗမာပြည်က ချင်းရွှေဟော် …. မှသည် …. မန္တလေးအထိ ဒီဒေသမှာနေ နေတဲ့ မုန်းလူမျိုးတွေရဲ့ ဆွေမျိုးမောင်နှမတွေ အခြေချနေကြပါပြီ။ မုန်းလူမျိုးတွေကို ဒီဒေသမှာနေတဲ့ ဗမာပြည်သားတွေက မျှော့ လူမျိုးတွေလိုပဲ ခေါ်ကြပါတယ်။
ရွာရဲ့ခေါင်းဆောင် ၀ဏ္ဏစွန်ချိုင်းကို ၁၉၈၀ ၀န်းကျင်လောက်မှာ ထိုင်းဘုရင် ဘူမိဘော အဒူလာဒက် က တွေ့ဆုံဖူးမျှော်ခွင့်ြ့ပုခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ဖို့ အခွင့်အပ်နှင်းခဲ့တယ်လို သိရပါတယ်။ ကျနော်တို့ ဗမာပြည် ပဒေသရာဇ်လက်ထက်က ဘုရင်ကိုအကျိုးပြုသူတွေကို မြောက်စားပြီး နယ်စားပေးတဲ့ သဘောပါပဲ။
၄၈ ရွာကလေးတည်ဦးစက ဒီရွာကလေးမှာ မုန်းလူမျိုးတွေကို အခြေချနေထိုင်ခွင့်မပေးခဲ့ပါဘူး။ ဗမာတွေကိုတော့ နေထိုင်ခွင့်ပေးခဲ့ပါတယ်။ ရွာခံအများစုကလည်း ဗမာစကား ပြောနိုင်ကြသူတွေပါ။ ရှေးဦး ပြောင်းရွှေ့လာကြတဲ့ ဗမာအများစုဟာ KNU တပ်ဖွဲ့တွေ အခြေစိုက်ခဲ့ဖူးတဲ့ ဖလူးဒေသကို န၀တ အာဏာပိုင် တွေရဲ့ တပ်တွေ ၀င်ရောက်စီးနင်းသိမ်းပိုက်ပြီး ကာလမှာ စတင်ခဲ့ပါတယ်။ ဖလူးစခန်းဟာ မြ၀တီမြို့ နယ်နိမိတ်ထဲမှာရှိပါတယ်။ KNU တပ်တွေရဲ့ ခွဲခြားသက်မှတ်ချက်အရဆိုရင်တော့ KNU တပ်မဟာ (၆) ဂွင်ထဲမှာ ရှိပါတယ်။
ဖလူးစခန်းကျပြီးတဲ့အချိန် အဲဒီဒေသမှာ နေထိုင်ခဲ့ကြတဲ့ ရှမ်း (ထိုင်း)၊ တွေက မဲ့ကိုကင်း မဲ့ကူလွမ်၊ မဲ့ကု့နွှဲ့စတဲ့ ထိုင်းရွာတွေဆီကို ပြောင်းရွှေသွားခဲ့ကြပါတယ်။ ကရင်လူမျိုးအများစုကတော့ ဖုတ်ဖတ်မြို့နယ်ထဲက မောကဲ ဒုက္ခသည်စခန်းထဲကို ၀င်ရောက်သွားခဲ့ကြပါတယ်။ အဲဒီဒေသမှာနေတဲ့ ဗမာအများစုကတော့ မဲဆောက်မြို့နဲ့ အထူးအားဖြင့် ၄၈ ရွာကလေးဆီကို ခိုဝင်နေထိုင်ခဲ့ကြပါတယ်။ ထိုအချိန်ကတည်းက ခိုဝင် ရောက်ရှိလာသူများထဲတွင် ယခုတိုင်ရှိနေသူတချို့ ကျန်နေပါသေးတယ်။ အခွင့်သာရင် ထိုသူများရဲ့ ပြောကြား ချက်တွေကိုလည်း မိတ်ဆက်ပေးပါဥိးမယ်။
အဲဒီလို ဗမာပြည်သားတွေ အခြေချရောက်ရှိခဲ့ခြင်းကပဲ ဘန့်လောင်ကောက်စဟာမစ် လို့ခေါ်တဲ့ ထိုင်းအမည်ကို လူသိနည်းစေခဲ့ပြီး ၄၈ ၊ ထိုင်း ဘာသာဖြင့် စီစီ့ပတ် ဆိုတဲ့ အမည်တွင်လာခဲ့တာဖြစ်ပါတယ်။ ၄၈ ရွာထိမ်မှာ 48 Km ဆိုတဲ့ ကီလို မှတ်တိုင်ရယ် ဘန့်လောင်ထိုင်းစဟာမစ်လို့ ရေးထားတဲ့ ရွာဆိုင်းဘုတ်ရယ် ရှိပါတယ်။ ဒါပေမယ့် ဗမာတွေက ထိုင်းစာမဖတ်တက်တော့ ဘယ်သွားမလဲမေးရင် ၄၈ (စီစိ့ပတ်)၊ ဘယ်မှာနေသလဲမေးရင် စီစိ့ပတ်၊ အဲဒိလိုပြောရင်းကနေ ကာလအတန်ကြာလာတော့ ဒိဒေသကို ပြေးဆွဲတဲ့ လိုင်းကားတွေမှာပါ ဘန့်လောင်ထိုင်းစဟာမစ် …. မဲဆောက် ဆိုတဲ့စာကို ဖြုတ်ခဲ့ရပြိး ၄၈ …. မဲဆောက် ဆိုတဲ့ စာကို ပြောင်းလဲ တပ်ဆင်လိုက်ရပါတော့တယ်။

ဆက်လက်ဖေါ်ပြပါဦးမယ် ……..

No comments:

Post a Comment