Thursday, July 23, 2009

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ်


ဘ ကိုကြီး ရေးသည်

အခန်း (၁)

တောက်..တောက်.တောက် ဖုံး- ဖုံး -ဖုံး ဖန်း..ဖန်း ဖန်း …..ဝုန်း…… ဝုန်း……
လက်နက်ငယ်အသံတွေက မိုးသီးမိုးပေါက်တွေကျသလို။ လက်နက်ကြီးသံတွေက ကြိုကြား ကြိုကြားပေမယ်လို့ ခတ်စိတ်စိတ် ကွဲနေသည်။
ယခင်ကတော့ ဒီအသံမျိုးတွေကို ခတ်ဝေးဝေးမှသာ ကြားဖူးခဲ့တာ ဖြစ်သည်။…
ခုတော့…ဇွီ - ကနဲ ဇွီ -ကနဲ ဖြတ်သွားသော ကျည်ငယ်သံတွေက ကိုယ့် ခေါင်းထက်မှာ၊

အခန်း (၂)

ဒီဒေသတွေဟာ စစ်မြေပြင်ဖြစ်ရေး အတွက် ကံထရိုက်များ ဆွဲထားလေသလား တွေးမိလိုက်သေးသည်။ တွေးရင်း သူတို့သမီး ပြေးထွက်ရာသို့ ဦးတည်ပြီး ပြေးရှိန်ကိုမြှင့် သူတို့သမီးကို မှီဘို့ လိုက်ခဲ့သည်။ ဒီလို လက်နက်ကြီး မိုးလိုရွာနေချိန်မှာ အတွေ့အကြုံတွေအရ အကာအကွယ်ကောင်းတယ်လို့ ယူဆရတဲ့ နေရာကလေးမှာ ငြိမ်ငြိမ်လေး ဝပ်နေတာဘဲ ကောင်းသလေ။ ပြေးလွှားနေတာက တော့် .ကတွတ်ပီ ပြောသလို ရှောင်လို့ထိတာ ဖြစ်တတ်တယ် မဟုတ်လား။
သူတို့သမီးကိုမီလုပြီ … ဒီအခိုက် ကလေးမှာဘဲ လက်နက်ကြီး ဖြတ်လာသံက ကိုယ့်ဦးတည်ရာ ဖက်ဆီမှ ရွီသံပေးလာသည်။
ရွီ……………….ရှား.ရှား ရှ
အသံပြတ်သွားပြီ…..
စိုးရီမ်စိတ်တို့က ငယ်ထိပ်ရောက်ပြီ၊ သူတို့သမီးရဲ့ သင်တိုင်းဖြူစကို ထိလုလု အချိန်မှာဘဲ…….
ဝုန်း…………………
လက်နက်ကြီးပေါက်ကွဲသံ၊ ပြတ်တောက်သွားတဲ့ အတွေးများ၊ ဖြူနီပြာ လျှပ်ပြက် သလို အလင်းပွင့်တွေ၊
ပြီးတော့……..

အခန်း (၃)
၁၉၈၆
၁၀ တန်းသုံးခါကျ။ အစိုးရ ဌါနဆိုင်ရာ အလုပ်တွေနဲ့လဲ အစဉ်မပြေ။ အစဉ်ပြေနေတဲ့ အလုပ်ကိုလည်း ဆက်လက် လုပ်လိုစိတ်မရှိတော့။ အစိုးရဌာနတွေမှာ အလုပ် အစဉ်ပြေတယ်ဆိုတာ အကြံ အဖန် ရ မရ ဆိုတာနဲ့ တိုင်းထွာပြီး ပြောရတာကိုး။ အကြံဖန် ရတဲ့ဌာနမှာ ၃ နှစ်ကျော် အလုပ်ဝင်ခဲ့ပြီ ဖြစ်ပေမယ့် လူက အစဉ်ပြေသော်လည်း စိတ်က အစဉ်မပြေတော့ပေ။ တနေ့တနေ့ ခိုးဝှက်ဖို့ စာရင်းလိမ်ပြဖို့ကို လုပ်ရိုး လုပ်စဉ် သဘော လုပ်နေရ သည်ကို ဘဝင်မကျ ဖြစ်လာရသည်။ လုပ်ခဲ့တဲ့ ဌာနရဲ့ သဘောကိုက လုပ်သားတိုင်းကို အချိန်ပို လုပ်အားခ ရှင်းပေးမှ ဆိုရှယ်လစ်ခေတ်ရဲ့ လုပ်သားကောင်းများ အင်တိုက်အားတိုက် အလုပ်လုပ်နေကြောင်း ယူဆတဲ့ ဌာန ဖြစ်နေသည်။ အချိန်ပို ဆင်းဆင်း မ ဆင်းဆင်း အိုတီ ဒေးလီးဖိုး တနေ့ လေးနာရီ လောက်တော့ အချိန်ပို လုပ်ခ စားရသည့် ထုံးစံကရှိနေသည်။
ရိုးရိုး လုပ်သားက စက်ဆီ၊ ဘိလပ်မြေ၊ သံ စသဖြင့် တနိုင်ခိုး၊ စာရေးက စာရင်း တင်ကာခိုး၊ အရာရှိက လက်မှတ်ထိုးပြီးခိုး၊ ဝန်ကြီးတွေက သူခိုးကြီးတွေ ပေးတဲ့ အကောက်ခွန်ကိုစား အခိုး သံသရာထဲ ဝဲလည်နေတဲ့ အစိုးရအလုပ် တခုမှာ အလုပ်ဝင်ခဲ့တာ ၃ နှစ်ကျော် ကြာခဲ့ပြီ။ ခိုးရင်းနဲ့ဘဲ ကိုယ့် ပစ္စည်း ကိုယ်ပြန်ခိုးနေမှန်း ရိပ်မိလာတော့မှ ဒီအလုပ်တွေကို စိတ်ပျက် ငြီးငွေ့လာသည်။
ဒီလိုနဲံ့ဘဲ အလုပ်ထဲမှာ ၁ နှစ်နီးပါး အတူတွဲလုပ်ဖူးတဲ့ သူငယ်ချင်းတယောက်ရှိရာ တောင်ပေါ်ကို သွားဖြစ်ဖို့ အကြောင်းဖန်လာသည်။ တောင်ပေါ် တောင်ပေါ်ဟု ပြောတာ ကြားသိခဲ့ရသော်လည်း တောင်ပေါ်ဆိုတာ လုံးသလား ပြားသလား အရှင်းမသိရသေးပေ။ သူငယ်ချင်းနေထိုင်ရာ မွန်ပြည်နယ် ကရင်ပြည်နယ် တလွှားမှာတော့ တောင်ပေါ်သွားတာ ခေတ်စားတဲ့အကြောင်း၊ ကုန်ကူးဖို့ ဖြစ်ဖြစ် အလုပ် လုပ်ဖို့ ဖြစ်ဖြစ် တောင်ပေါ်မှာ အစဉ်ပြေ နိုင်ကြောင်း မစားရ ဝခမန်း သတင်းစကား တွေကတော့ ကြားထားပြီးသား ဖြစ်နေသည်။ နင်လားဟဲ့ တောင်ပေါ် တခါလောက်တော့ ရောက်အောင်လာဦးမည်ဟု အားခဲထား ခဲ့ရင်းလည်းရှိနေသည်။ ဒီနှစ်တော့ တနှစ်တာ နားရက်မယူဘဲ အလုပ်ဆင်းခဲ့သည်မို့ ဒေးဆော့ (day off) လုပ်ခမပျက် နားရက် ၁ လ ရခဲ့သည်။ နားရက်ရသော တလ လုံးလုံး အိမ်မှာလည်း အချိန် မဖြုံးချင်၊ တနေရာရာကို ခရီးသွားဦးမည် စိတ်ကူးရင်း တောင်ပေါ် သွားမည့် စိတ်ကူးက အထမြောက်ခဲ့သည်။ စိတ်ကူးထဲမှာ ခရီးစဉ်တခုစာ ဇယားချ ကြည့်လိုက်သည်။ သူငယ်ချင်းရှိရာရွာကို အရင်ဆုံး သွားမည်၊ နောက် သူငယ်ချင်းနှင့်အတူ တောင်ပေါ်တက်မည်၊ ဒီတခေါက် ခရီးက ခရီးဝေး၊ ယခင်လို တခေါက်တခေါက် အိမ်ပြန်ဖို့ နဲနဲ ခက်မည်၊ လက်ရှိအလုပ်ကိုတော့ စွန့်လိုက်တော့မည်ဟုလည်း တွေးထားလိုက်သည်။
အိမ်ပြန်ရက်မရောက်မှီ မှာပင် အလုပ်ထဲမှ သူငယ်ချင်းထံ ဒေးဆော့ ဘက်ပေး လစာကို လွှဲစာရေးပေးပြီး သူ့ဆီပှ ငွေကို ကြိုတင်ယူထားလိုက်သည်။ ဒါကတော့ ဌာနတွင်း နားလည်မှု ဖြစ်ပြီး နားရက် ပြန်သူတိုင်း တယောက် တလှည့် လုပ်နေကျမို့ အခက်အခဲမရှိချေ။ နားရက် ရောက်သောနေ့မှာ ချောက် ရေနံမြေမှ ရန်ကုန်သို့ ပြန်မည့် ရန်ကုန် ရုံးချုပ်မှ မေကား ကားကြုံရသဖြင့် လမ်းစားရိတ် ငွေ ၈၀ - ၁၀၀ လောက် သက်သာသွားသည်။ မေကား ဆိုတာကတော့ ရန်ကုန်ဌာနချုပ်မှ ချောစာနှင့် ပစ္စည်းများကို တနိုင်ငံလုံးရှိ ရေနံမြေဌာန များသို့ လိုက်လံ ပို့ဆောင်ပေးနေသောကားကို လုပ်သားများမှ ခေါ်သောအမည်ဖြစ်သည်။ ကိုယ့်ဆရာသမား အင်ဂျင်နီယာက တကူးတကပင် အသအချာ အပ်နှံပြီး ကားကြုံ ထည့်ပေးလိုက်တာမို့ စားစရာကော သောက်စရာပါ ဘာမှ ပူပင်စရာမရှိပေ။ အညာနွေပူပူ ထနောင်းရိပ်ချိုချို ကုက္ကိုလ်ရိပ် အေးအေးတွေကို ဖြတ်သန်းရင်းနှင့်ပင် ဒေါင်းသေချောင်း ယင်းချောင်းတို့ကိုလွန်ခဲ့ပြီ။ ဟိုယ္ခင် ဧရာဝတီဒေသ ကိုယ့် အသိုက်အမြုံဆီမှ စတင်ထွက်ခွာခဲ့စဉ်က ယင်းချောင်းတံတားထိပ်က ဒီယင်းဆိပ်ရွာ ကို အရင်ဆုံးရောက်ခဲ့တာဖြစ်သည်။ အသိုက်ကိုစွန့် မိဘရင်ခွင်ကို စွန့်ခဲ့ပြီး အဝေးဆုံးပျံသန်းဖို့ အတောင်ဖြန့်ခဲ့တဲ့ ငှက်ငယ်တကောင်ဟာ ဒီ ယင်းဆိပ်ရွာမှာ ပဌမဆုံး နားခိုခဲ့ဖူးသည်။ ယင်းချောင်းတံတားပေါ်မှ အိမ်ကိုမျှော်ခဲ့ဘူးသည်။ ယင်းချောင်းတံတားထိပ်က မျှော်စင်ပေါ်မှာ ဂစ်တာတလက် အရက်တပိုင်းနဲ့ ခိုင်ထူးသီချင်းတွေ ဆိုရင်း ကြွေခဲ့ဘူးပုံတွေ သတိတရရှိရင်း ပြုံးမိသေးတော့သည်။
အော်.. အရင်ကတော့ အညာရောက်လို့ အိမ်ကို လွမ်းခဲ့ဘူးပြီး နောက်ဆို ဘယ်လိုဒေသမျိုးကို ရောက်ကာ ဒီနေရာကိုပြန်လည် တမ်းတရဦးမည်နည်း ဟုလည်း တွေးနေမိသေးတော့သည်။ ခရီးစဉ်အတိုင်း ကျော်ဖြတ်လာခဲ့ပြီး ရန်ကုန် အဝင်တွင်တော့ မိုးချုပ်ပြီဖြစ်၍ ရှေ့သို့ ခရီးဆက်ရန် မဖြစ်တော့၊ ရန်ကုန် နယ်နိမိတ် အဝင် ထောက်ကြံတွင် ဆင်းနေခဲ့ပြီး မိတ်ဆွေထံတွင် တညတာ နားခိုခဲ့သည်။ မနက် မိုးလင်းမှ လှည်းတန်း ဆိပ်သို့ ဆင်းခဲ့ပြီး ရေကြောင်းခရီးဖြင့် ဇာတိမြေ ဧရာဝတီ သို့ ခရီးဆက်ခဲ့လေသည်။

ဆက်လက်ဖေါ်ပြပါမည် ……

No comments:

Post a Comment