Monday, August 24, 2009

ဒုက္ခသည် ဈေးတနေ့


ဒုက္ခသည် ဈေးတနေ့

လူဗိုလ်

(တစ်)

အဖိုးကြီးထထ၊ ဒီနေ့ဈေးနေ့လေ ကျမထမင်းချက်ထားလိုက်မယ်။

ကလေးတွေ ကျောင်းတက်အမှီ စားသွားလို့ရအောင်၊ အမြန်လည်းပြန်ခဲ့အုံးနော်

ဟုတ်ပ ဒီနေ့ သောကြာနေ့ ဆိုတော့ဈေးနေ့။ ပြီးခဲ့တဲ့ တင်္နလာနေ့နဲ့ ဗုဒ္ဓဟူး ဈေးနေ့တွေမှာ ဈေးမသွားဖြစ်ခဲ့။ ဒါကြောင့်ဒီနေ့တော့ သွားကိုသွားတော့မှ … ပြောမယ့်သာပြောရတာပါ။ တခါတခါလည်း နှစ်ပတ်သုံးပတ်အထိကို ဈေးမသွားနိုင်တဲ့ အခါလည်းရှိပါတယ်။ ရှိတော့ရှိတယ် များတယ်လို့တောင် ပြောရမလိုလို၊ အိမ်ရှေ့ မျက်စောင်းထိုးမှာရှိတဲ့ ကုန်စိမ်းဆိုင်လေးက ချဉ်ပေါင်ရွက် ၅ဘတ်ဖိုးလောက်၊ ကန်စွန်းရွက် ၅ဘတ်ဖိုးလောက်နဲ့ ပြီးသွားရတဲ့ရက်တွေကလည်းအများကြီး။

အခုဟာကလည်း ငွေယားလေးရှိလာလို့ လို့ ပြောရမှာပဲ။ နော်ဝေ ကိုမကြာခင်ကမှ ထွက်သွားတဲ့ ကိုနွေအောင်က ကလေးတွေကို သင်္ကြန်မှာသုံးနိုင်ဖို့ အတွက်ဆိုပြီး ရင်းနှီးရာ တအိမ်တအိမ်ကို ဘတ်၅၀၀ စီပို့လိုက်လို့ ကလေးတွေ စကေးထဲက ကပ်သုံးရမှာ ကလေးတွေကတော့ မသိရှာကြပါဘူး။ တယောက်ကို ၂၀ တန်တရွက်စီနဲ့ သင်္ကြန် သေနတ်လေးတွေ ဝယ်ပေးလိုက်လို့ ပျော်နေကြပြီ။ ဒုက္ခသည်စခန်းမှာကလည်း တတိယနိုင်ငံတခုခုကို ထွက်သွားတဲ့ လူတွေ ပြန်ကြင်နာနိုင်မှ အူစိုကြရတာ။

တချို့ဒုက္ခသည်တွေကတော့ တတိယနိုင်ငံတွေမှာ ဆွေမျိုးအရင်းအချာတွေရှိကြလို့ ငွေကို အလျှံအပယ် သုံးနိုင်ကြတယ်။ ဒုက္ခသည်စခန်းထဲမှာ ငွေထုတ်ပိုက်ပြီး ဝင်လာကြသူတွေနဲ့ နိုင်ငံခြားမှာ ဆွေမျိုးရှိတဲ့လူတွေက အခွင့်ထူးခံလူတန်းစားတစ်ရပ် ၊ သူများကောင်းစားတာမနာလိုလို့ ပြောခဲ့တယ် အထင်ရှိခဲ့မယ်ဆိုရင်လည့်း လွတ်ခွင့်ဗျာ။ ကျနော်တို့ ရောက်စ ၂၀၀၆ခုနှစ် လောက်ကဆို မီးသွေးတအိတ်မှ ၃၅ဘတ်ထဲ။ အခုတအိတ် ၆၀ - ၇၀ ဖြစ်သွားပြီ။ အဲဒီလူတန်းစားတွေ လက်ချက်ပေါ့။ အိမ်အရောက်သာ လာပို့ပေး ၅၀ပေးမယ်၊ ၆၀ပေးမယ်နဲ့ လုပ်ကြရာက ဖြစ်သွားတာ။ ဝက်သားဆိုလည်း အရင်ကတကီလိုမှ ၅၀ ပဲ။ အရိုး၊ အသား၊ အဆီ မျှပြီးပါတယ်။ အခုတော့အသားချည်း သက်သက်ဆို ၁၀၀ ဖြစ်သွားပြီဗျ။ အသားကောင်းကောင်းပဲပေးနော် ဈေးပိုပေးမယ် ဈေးပိုပေးမယ်နဲ့ ဈေးဖျက်လိုက်ကြတာပေါ့။ ခုဆို အရိုးချည်းသက်သက်တောင် တကီလို ၅၀ ဖြစ်ကုန်ပြီလေ။

ဆွေမျိုးမရှိကြပေမယ့် ခင်ရာမင်ရာတွေက လှမ်းပို့ပေးတဲ့ လူတွေလည်းရှိကြပါတယ်။ တူရာတူရာ အစုအဖွဲ့ လေးတွေအလိုက်လေ။ ဥပမာ- နိုင်ငံရေးသမားချင်း တူကြတာမျိုးလိုပေါ့။ ဒီလိုမျိုးအစုအဖွဲ့လေးတွေက ကျနော်တို့ နို့ဖိုးစခန်ဲးမှာက အများသား။ အဖွဲ့အစည်းသဘောအရဆိုရင် NLD တို့ ABSDF တို့ နိုင်ငံရေးအကျဉ်းသားသမဂ္ဂတို့ မျိုးချစ်စစ်သည်ဟောင်းအဖွဲ့ တို့လိုမျိုး၊ တိုင်းရင်းသားအရဆိုရင်လည်း ရခိုင်လူမျိုး၊ မွန်လူမျိုး ၊ ချင်းလူမျိုး၊ ကချင်လူမျိုး စသည်ဖြင့် အချင်းချင်းပြန်ကူညီကြတာလေးတွေက ကြည်နူးစရာပီတိဖြစ်စရာ။ ပုံမှန်တောင်းကြ ပို့ကြတာလေးတွေရှိကြသလို အရေးပေါ်အခြေအနေတွေအရ ကလေးမွေးခါနီးလို့ နေမကောင်းလို့ ဘာအခမ်းအနား ညာပွဲတော်ရှိလို့ စသဖြင့် တွေလည်းရှိတတ်ကြသေးတယ်။

ဒီလိုပြန်ပြန်ပြီးကူညီကြတဲ့အထဲမှာ တောင်းစရာကိုမလိုဘဲ အလိုက်တသိ ကူညီတတ်တဲ့ ထူးထူးခြားခြားအဖွဲ့တဖွဲ့လည်းရှိလေရဲ့။ ယမကာလုလင်ဆိုတဲ့အဖွဲ့ပေါ့ဗျာ။ သူတို့ အဖွဲ့ကတော့ တကယ့်နယ်ခြားမဲ့ပဲ။ သူတို့မှာဘာတံဆိပ်၊ ဘာအလံမှလညှ်း မရှိဘူး။ သောက်ဖူးသူချင်းဆိုရပြီ။ သူတို့နဲ့ ပတ်သတ်ပြီး အိမ်ရှင်မတွေဆီက လျှံထွက်လာတဲ့ စကားရှိတယ်လေ။ ဘာတဲ့…

ရှင်တို့ နိုင်ငံရေးသမားတွေထက် အရက်သမားတွေကမှ သံယောဇဉ်တို့၊ သစ္စာတို့ ပိုရှိကြသေးတယ်။ လက်တွေ့ပဲ အာနဲ့မဟုတ်ဘူး။ သူတို့အချင်းချင်းက ဖုန်းဆက်စရာတောင်မလိုဘူး။ ဘယ်သူကို ဘယ်လောက်ဆိုတဲ့ စာရင်းနဲ့ အိမ်အရောက် စီစဉ်ပြီး ပို့ပေးကြတာ။ ရှင်တို့ ရဲဘော်ရဲဘက် ဆိုသူတွေကတော့ ဖုန်းနံပါတ် လျှို့ဝှက်ထားရတာတို့ ဖုန်းဆက်ရင်မကိုင်ချင်တာတို့ ကလေးတွေကို ကိုင်ခိုင်းပြီး မရှိဘူးလို့ပြောခိုင်းတာတို့နဲ့ ။ ဖုန်းရပြန်တော့လည်း အဆင်ပြေရဲ့လား အဆင်ပြေရဲ့လား မေးမေးနေသေးတယ်။ ဖြစ်မှဖြစ်ရလေတော်။ ဒီဒုက္ခသည်စခန်းမှာ တဝနေပြီးမှ ထွက်သွားကြတဲ့လူတွေကများ အဆင်ပြေကြရဲ့လားတဲ့ မေးရက်ကြတယ်ရှင်။ ဪ… ဪ… ။ အံ့ပါ့။

(နှစ်)

ဟောဒီမှာ အမဲသား အသားကောင်းကောင်းလေးတွေ ရမယ်နော်…

အမဲသားဆိုပေမယ့် ဒီကအမဲသားက အတန်းအစားတွေက အများသား။ မိုးခိုသားတို့၊ အသည်းတို့၊ ပေါင်သားတို့၊ ကလီစာတို့ကနေ ခေါင်း၊ အမြီး၊ အရိုးပေါင်းစုံနဲ့ အရိအရွဲအစုံရှိတယ်။ နွားတကောင်လုံးက အမွေးတို့ ချိုတို့နဲ့ ခွာတွေပဲ ဆိုင်ပေါ် တင်ရောင်းတာ မတွေ့ရမှာ။ ဈေးနေ့ ဈေးနေ့ဆို အမဲသားဆိုင်နားမှာ ထိုင်ထိုင်ပြီးတော့လေ ဒုက္ခသည်တွေထဲက ဘယ်သူ ဘယ်အဆင့်ဆိုတာကို စစ်တမ်းကောက်လို့ ရနိုင်တယ် သိလား။ တချို့ဆို ဆိုင်ရှေ့ရောက်တာနဲ့ မိုးခိုသားအပုံကို လက်ညှိုးထိုး၊ ရာတန်နှစ်ရွက်ကိုပစ်ချပေးလိုက်ပြီး လက်လေး ၂ ချောင်းပဲထောက်ပြလိုက်တယ်။ မျက်နှာကလည်းခပ်မော့မော့ ခပ်တင်းတင်းနဲ့ ။ တချို့ကြပြန်တော့လည်း အသားတို့ ကလီစာတို့ ထားတဲ့ဘက်ကိုတောင် မကြည့်နိုင်အား အရိုးတထောင် ထောင်နဲ့ အပုံဘက်က နံရိုးတွေကိုကိုင်ကြည့်လိုက်၊ ဒူးဆစ်ရိုးတွေကို ကိုင်ကြည့်လိုက်နဲ့ တော်တော်နဲ့ကို မဝယ်ဖြစ်ဖူး။ တအောင့်လောက်ကြာတော့မှ ဒီအထဲက ၂၀ ဖိုးလောက်ရောင်းပေးပါဆိုတဲ့ ဖျော့တော့တော့ လေသံမျိုးကိုကြားရလိမ့်မယ်။

ကျနော်က ဈေးတစ်ခါတခါဝယ်ရင် စခန်းအဝင်ဂိတ်နဲ့ UN ရုံးနားအထိ ဈေးအစအဆုံးကို အနည်းဆုံး သုံးလေးခေါက်လောက် လျှောက်ဖြစ်တယ်။ ဒီလို ဈေးဝယ်ရတဲ့အလုပ်က ဒုက္ခသည်စခန်းထဲမှာ နေနေသမျှ ဦးနှောက် အစားရဆုံး အချိန်လို့တောင် ပြောရမယ်ထင်တယ်။ ပါလာတဲ့ပိုက်ဆံလေးနဲ့ ဟာမိုနီဖြစ်အောင် ဘယ်ဟာကို ဘယ်လောက်ဖိုး ဝယ်ရမယ်ဆိုတာစဉ်းစားရတာကိုက အနုပညာပဲ။

ဦးနှောက်ချည်းပဲလားဆိုတော့ မဟုတ်ရပါဘူးဗျာ။ ခြေထောက်တွေကိုလည်း လိုရင်လိုသလောက် အနှေးအမြန်ချိန်ပြီး လျှောက်နေရတယ်။ ဈေးဝယ်ချင်းတိုက်မိမှာ ဈေးသည်နဲ့ တိုက်မိမှာ အပြင် ဈေးကား၊ ဈေးတွန်းလှည်း၊ ဆိုင်ကယ်နဲ့ စက်ဘီးတွေကိုလည်း ရှောင်ရဖယ်ပေးရသေးတယ်။ မျက်လုံးနှစ်လုံးကလည်း ကိုယ်လိုချင်တာလေးတွေ ကျော်မသွားရအောင် မကျန်ခဲ့ရအောင် လမ်းဘေး ဝဲ၊ ယာ နှစ်ဖက်ကို မပြတ်အာရုံစိုက်ထားရတယ်။ ထူးထူးခြားခြား ဘာလေးတွေများတွေ့မလဲပေါ့။ ဥပမာ ဈေးပေါပေါနဲ့ များများရမယ့် ကိုက်မဲ့ ဟာမျိုး။

တခါတခါ စခန်းနဲ့ အနီးအနားရွာတွေက လာရောင်းကြတဲ့အသီးအရွက်တွေက လတ်ဆတ်တဲ့အပြင် ဈေးလည်းတော်ကြတယ်။ စားလို့လည်းပိုကောင်းတယ်။ ကြာကြာ အထားလည်းခံတယ်လေ။ မြို့ကနေလာရောင်းတဲ့ အသီးအရွက်တွေက မြေဩဇာတွေ ဆေးတွေသုံးထားတာများလို့ဖြစ်မယ်။ ကြာကြာအထားမခံဘူး။ ခဏလေးနဲ့ ရိ ပုပ်ပြီး အနံ့ထွက်လာတတ်တယ်။ စားလို့လည်းသိပ်အရသာမရှိဘူး။

ဈေးဝယ်ရင် နားကိုလည်းအလုပ်ပေးထားရတယ်ဗျ။

ကဲ … ကဲ … ကုန်တော့မယ်နော် … တကီလို တဆယ်ထဲနဲ့ပဲယူသွား ဆိုတဲ့ အသံမျိုးကိုလည်း ဂရုစိုက်ရသေးတယ်။ ကုန်ခါနီးပြီဆို ဈေးတော်တတ်တယ်လေ။ ဈေးသည်ရဲ့အသံကိုချည်း မဟုတ်ဘူး။ ဈေးဝယ်အချင်းချင်းရဲ့ အသံတွေကိုလည်း အမှုမဲ့ အမှတ်မဲ့ ထားလို့ မရဘူးနော်။

အမရေ … အောစော်ရုံးရှေ့က ရှမ်းမဆိုင်မှာလေ ခရမ်းချဉ်သီးတွေတန်မှတန် ၃ ကီလိုမှ အစိတ်ထဲရယ်

ဂိတ်ဝနားက ကရင်မကြီးဆီမှာ သံပုရာသီး နှစ်လုံး ၁ဘတ်တဲ့ မြန်မြန်သွားဝယ်နော် ဟိုမှာလုဝယ်နေကြတာ အောင်မလေး အလကားပေးနေသလိုပဲ…

ဟိုးဈေးကားပေါ်က ဝယ်လာတာတော်ရေ့ … သင်္ဘောသီးမှည့်တွေ ရွှေဖရုံသီးတွေလည်းပါတယ်။ ဈေးချိုမှချိုပဲ။

ဒီအသံတွေက မင်္ဂလာသံတွေလေ။ ဒီအသံတွေကြောင့် ပေါချောင်ကောင်းနဲ့ ညားတတ်သလို အိမ်ရောက်ရင်လည်း အဝင်လှပြီး နားပူသက်သာတာပေါ့။ မဟုတ်လို့ကတော့ မသက်သာဘူးသာမှတ်။

အ ပါ့တော် သူများတွေဝယ်လာကြတာ တကီလိုမှ ၁၀ တည်း ရှင့်ကျမှ ၁၅ ဘတ်တောင်ပေးရတယ်ဆိုတော့ သေလိုက် …

ဈေးသွားတယ်ဆိုတာ စတိုးဆိုင်မှာ ပစ္စည်းဝယ်သလိုမျိုးမဟုတ်ဘူးရှင့် တဈေးလုံး လျှောက်ကြည့်နိုင် ရှာနိုင် ဈေးဆစ် နိုင်မှ။ ရှင့်ပုံစံက ပိုက်ဆံ အထပ်လိုက်ကိုင်ပြီး ဈေးဝယ်နည်းမျိုးဆိုတော့ …

ပိုက်ဆံရမယ့် အလုပ်တော့ မလုပ်တတ်ဘဲနဲ့ … စသဖြင့် နိဂုံးမချုပ်တတ်တော့ …

ဟုတ်တော့လည်း အဟုတ်သား။ လောလောဆယ် ဒုက္ခသည်စခန်းမှာက ပြည်တွင်းမှာ ၁၄ နှစ် - ၁၅ နှစ် သင်ခဲ့တဲ့ ပညာတွေနဲ့လည်း လုပ်စားလို့ မရ။ နယ်စပ်တကျော မှာ လေ့လာခဲ့ သင်ခဲ့ရတဲ့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဥပဒေစိုးမိုးရေးတို့ဆိုတဲ့ ပညာတွေနဲ့ လည်း လုပ်စားလို့ မရ။ ဂွကျပါ့။

(သုံး)

ကျနော်တို့ မိသားစုကလည်းအခက်သား ။ တယောက်နဲ့တယောက် အကြိုက်က မတူကြဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဆိုတာကို မြတ်မြတ်နိုးနိုး ယုံကြည်မိပေမယ့် ခုလို အကြပ်အတည်းကာလမှာတော့ ဝန်ထုတ်ဝန်ပိုး ဖြစ်တာအမှန်၊ ဒီတော့ ဈေးတခါတခါလာရင် ကျနော့်မှာ အနည်းဆုံး သုံးမျိုးလောက် ခွဲစဉ်းစားရတယ်။ ကျနော်ကိုယ်တိုင်လာဝယ်တော့ ကျနော့်အကြိုက် ပထမစဉ်းစားမိတာ သဘာဝ ကျပါတယ်နော်။ ကျနော်က ထူးထူးခြားခြားလေးတွေ ကြိုက်တတ်တယ်ဗျ။ အသီးအရွက်ဆိုရင် ခွေးအီးသီး ၊ ခွေးအီးညွန့် ၊ ပိန်းနွယ် ၊ ပိန်းပွင့် ၊ ဆိတ်ဖူးမြစ်နဲ့ ဒရင်ကောက်ညွန့်လိုမျိုး သဘာဝတောထွက်အစာတွေကို ပိုကြိုက်တယ်။

ဝက်သားတို့ အမဲသားတို့ ဆိုရင်လည်း ဦးနှောက်တို့ လျှာတို့ ကလီစာတို့ ပဲကြိုက်တယ်။ ငါးဆိုရင်တော့ ခေါင်းနဲ့ ဝမ်းတွင်းသားဘဲ။ ဒါပေမယ့် ကျနော့် အကြိုက်တွေဝယ်သွားရင် အိမ်ကလူတွေ ဘယ်သူမှ မစားကြတော့ အခက်သား။ တယောက်တည်း စားရတော့လည်း ပျင်းစရာကြီး ။ ဒါကြောင့် ကြိုက်တာလေးတွေ တွေ့ပေမယ့် နောက်ဆုံးဦးစားပေး စာရင်းထဲမှာဘဲထားပြီး ပိုက်ဆံလေးပိုမှ စဉ်းစားရတယ်။

ဒီတော့ တအိမ်သားလုံးစားလို့ ရမယ့် အကြိုက်တူမယ့်ဟာကို အရင်အလှည့်ပေးရပြန်ရော။ ဒါတွေကလည်း ပုံမှန်လိုဖြစ်နေတဲ့ ဈေးပေါပေါ၊ များများရနဲ့ ကြာကြာခံတဲ့ အမျိုးအစားတွေပဲလေ။ ခရမ်းသီး ရွှေဖရုံသီး ဘူးသီး အာလူးနဲ့ ငါး ငါးခြောက်တွေဘဲ ပေါ့။

ကလေး၂ ယောက်က အထူးဦးစားပေးဆိုတော့ သူတို့ ကို ကျော်စဉ်းစားလို့လည်း မရပြန်ဘူး။ သူတို့ ကြိုက်တဲ့ ပုဇွန်လေး ၂ ခစ်လောက်ဖြစ်ဖြစ် ကြက်အသည်းအမြစ်လေး ၂ ခစ်လောက်ဖြစ်ဖြစ်၊ ကြက်ပေါင်လေးတချောင်း နှစ်ချောင်းဖြစ်ဖြစ် ဝယ်ဝယ်ပေးမှ။ ဒါတင်မကဘူးရာသီစာ အသီးအနှံတွေပေါ်လာရင်လည်း ကလေးတွေက စားချင်ကြပြန် ၂ ခစ်လောက်ဖြစ်ဖြစ် ရော။ လိမ္မော်သီးတို့ သရက်သီးတို့ ပြောင်းဖူးတို့ လမ်းမြားသီး၊ မရမ်းသီး တို့ စသဖြင့်ပေါ့ဗျာ ။ မနက်က ဈေးကိုလာခါနီးတောင် သမီးငယ်က နား နားကပ်ပြီး မှာ လိုက်သေးတယ်။

အဖေ … နန်းအိစံတို့ စားတဲ့ ကြက်မောက်သီးလိုမျိုး ဝယ်ခဲ့ပေးနော် တဲ့

(လေး)

ကိုကိုကျော်အဂ္ဂရေ၊ အဖေ ကြက်မောက်သီးတွေ ဝယ်လာတယ်၊

ဝယ်လာတဲ့ ကြက်မောက်သီး ကီလိုဝက်ကို တခါတည်း အကုန်ကျွေးလို့မဖြစ်ဘူး။ သူတို့စားချင်သလောက်သာ အဝကျွေးလို့ကတော့ ဒီမောင်နှမ နှစ်ယောက်ထဲနဲ့ ၃-၄ ကီလို လောက်ကုန်မယ်။ တဝက်ကို ခွဲခြန်ထားပြီး ကျန်တာကို ဝေပေးလိုက်တယ်။ ချန်ထားတဲ့ တဝက်ကိုတော့ ကျောင်းသွားမှ ထည့်ပေးလိုက်ရမယ်။ မုန့်ဖိုးထပ်မကုန်တော့ဖူးပေါ့ဗျာ။

ပြီးတာနဲ့ ဟင်းချက်ဖို့ နေရာယူရပြန်ပါလေရော။ ကလေးတွေ အမေက ထမင်းချက်ထားပြီးပြီမို့ ရုံးမသွားခင်အဝတ်တွေ ကမန်းကတန်း လျှော်နေတယ်။ သူက ARC လို့ ခေါ်တဲ့ ကျန်းမာရေးဌာနတခုမှာ ဝန်ထမ်းလုပ်ပြီး တအိမ်လုံးကို ရှာကျွေးနေတာ။ အိမ်ထောင်ဦးစီးဆိုလည်းဟုတ်ပေါ့၊ ကျနော်က မှီခိုအဆင့် ဖြစ်လာပြီးကတည်းက ကြွင်းကျန်အာဏာလို့ ပြောရမယ်။ သူ မလုပ်တဲ့ တောက်တိုမယ်ရအလုပ် အကုန်လုပ်ရတယ်။ ဒီဖက်နယ်စပ် အမျိုးသမီး အခွင့်အရေး အဖွဲ့တွေ ခေါ်ခေါ်နေတဲ့။ ခေတ်မှီ ယောက်ျား ဆိုတာမျိုးပေါ့ ။

ဝယ်လာတဲ့ငါးကြင်းကို ချက်လို့ရတဲ့ အနေအထားရောက်အောင် ခုတ်ထွင် ရှင်းလင်းလိုက်တယ်။ ဝယ်လာကတည်းက ဗိုက်ဖောင်းဖောင်းကို ရွေးခဲ့တော့ အထဲမှာ ဥတွေပါတယ်လေ။ ဒါက ကလေးတွေအတွက်။ ကျန်တဲ့အသားတွေကို ကျော်ပြီး နောက်အနပ်တွေအတွက် တခုခုနဲ့ရောချက်ဖို့ ချန်ထားရမယ်။ ဒီမနက်စာကိုတော့ ခေါင်းနဲ့ အမြီးကို ချဉ်ပေါင်ရွက်နဲ့ရောပြီး အချဉ်ရည်ချက်မယ်ဗျ။ အယ် … နောက်ပြီး ဗိုက်ထဲက အူတွေကိုလည့်း ဒုက္ခသည် ငါးပိနဲ့ရောပြီး ငါးချေးခါး ချက်မယ်။ တို့ စရာကတော့ ဝယ်လာတဲ့ ခွေးအီးသီး။ ဒီကောင်က အသီးလို့သာပြောတာပါ။ အသီးလိုလို ဥလိုလို နဲ့ စားလိုက်ရင်လဲ ဓညင်းဝက်စားရသလိုလို။ နာမည်ဆိုးပေမယ့် ခံတွင်းတော့အတွေ့သား။ မြန်မာပြည်တုန်းက စားဖူးဖို့ နေနေသာသာ ကြားတောင်မကြားဖူးခဲ့ဘူး။ တတိယနိုင်ငံရောက်ရင်လည်း ဒိပြင်အသီးအရွက်တွေတော့ ရှိချင်ရှိမယ်၊ ဒါမျိုးကို စားရတော့မှာမဟုတ်ဘူး။

ပဲသက်သက်နဲ့ နွှဲခဲ့ရတဲ့ ပြီးခဲ့တဲ့ ရက်တွေထက် ဒီမနက်ထမင်းပွဲကတော့ ခံတွင်းတွေ့ဦးတော့မှာ အသေအချာ … ။

လူဗိုလ် .

၁၈. ၇. ၂၀၀၉ .

Saturday, August 15, 2009

၁၅ - ၈ - ၀၉



ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးကို မစ္စတာ ဂျင်မ်ဝက်ဘ် သီးခြားတွေ့ဆုံ click
မစ္စတာဘန်ကီမွန်း စကားအသုံးအနှုန်းများ GJC အဖွဲ့ ရှုတ်ချ click
သံဃာဆန္ဒပြမှု ထပ်မံဖြစ်ပွားမည်ကို စစ်အစိုးရ စိုးရိမ် click
အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ click
စီးပွားရေးလုပ်ငန်း တိုးချဲ့ဦးမည်မဟုတ်ဟု အပစ်ရပ်များ ပြောဆို click
ဆရာကြီး ဦးဦးသာထွန်းနေ့ စစ်တွေတွင် လျှို့ဝှက်ပြုလုပ် click
ရေးမြို့တွင် မြန်မာအာဏာပိုင်မှ ထိုင်းဖုန်းဖွင့်ခွင့် ပိတ်ပင် click
ရွှေကျင်မြို့တွင် မြစ်ရေလျှံတက် click

တို့ရွာသူ ကွမ်းထောင်ကိုင်တွေ

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် (အပိုင်း ၃ )


ဘ ကိုကြီးရေးသည်

အခန်း (၄)

ခရီးဖေါ် အဒေါ်ကြီးနှင့် စကားစမည်ပြော၊ ဟိုငေးဒီငေးနှင့် ခရီးစဉ်တွေ ဖြတ်သန်းရင်း ဟိုးရှေးဆီမှာ မြို့ကလေးရဲ့ အငွေ့အသက်လေးတွေကို တွေ့နေရပြီ။ ၃ -နှစ်လောက် ခွဲခွာခဲ့ရသော ကိုယ်မြို့ကလေးရဲ့ အရိပ်တွေကိုလည်း ပြန်လည်မြင်ယောင်နေမိ သေးတော့သည်။ သင်္ဘောဥသြ ဆွဲသံ၊ ခရီးသည်များ အထုပ်အပိုး ပြင်နေသံ၊ ဘယ်သူရေ၊ ဘယ်ဝါရေ၊ ဟစ်သံတွေ၊ မကြာခင် မြို့ကလေးမှာ ဆင်းကြတော့မှာမို့ ပျားပန်းခတ် လှုပ်ရှားနေကြ၊ အားလုံး တက်ကြွ သက်ဝင်နေတော့သည်။ ခရီးဖေါ် အဒေါ်ကြီးလည်း သူ့ခြင်းတောင်းတွေထဲကို အခင်းတွေ စောင်ပိုင်းတွေ ခေါက်ထည့် သိမ်းဆည်းနေပြီ၊ ကိုယ်လည်း ကိုယ့်အခင်း တာပေါ်လင်စကို သိမ်းလိုက်သည်။
- ကြီးမေက ဘယ်လမ်းမှာနေတာလဲ
- မြို့ပေါ်မဟုတ်ဘူး၊ ကလတ်ရပ် ကိုပြန်ရမှာ။
- ဟာ.. ဒါဆို သေဘာၤမွီပါ့မလား..
- ၃ နာရီ ခွဲ.. အင်း.. မှီမယ်မထင်တော့ဘူးကွဲ့၊ ကူးတို့နဲ့ ပြန်ရမှာပေါ့။
- ပိုက်ဆံပိုကုန်တာပေါ့နော်။
- အေးလေကွယ် ဘယ်လိုလုပ်မလဲ၊ ဒီလိုဘဲ အစဉ်ပြေသလို သွားလာနေရတာဘဲကိုး။
အဒေါ်ကြီးလည်း သူ့ခြင်းတွေဆွဲပြီး ဆိပ်ခံတံတားပေါ် တက်သွားသည်။ ကိုယ်လည်း ကိုယ့်အိတ်တွေကို လွယ်ပြီး ဘောတံတားပေါ် တက်လာခဲ့သည်။ မြို့အဝင် မြင်ကွင်းကတော့ နည်းနည်းလေးမှပင် မပြောင်းလွဲ၊ အလွတ်ရနေသလောက်ဖြစ်သော မြင်ကွင်းကို ခြုံငုံ ကြည့်လိုက်သည်။ လူမှန်းသိစကပင် မြင်နေရသော ဝမ်းဘဲတံဆိပ် ဆေးပေါ့လိပ် ဆိုင်းဘုဒ်က မပြောင်းလဲ။ ဒါလည်းမြို့ကလေးရဲ့ ထူးခြားချက်ပင်။ ထိုဆေးပေါ့လိပ်က ဒီမြို့ကလေးမှာ တခါမှ မတွေ့ဘူးခဲ့တာ ကိုယ်တို့ တသက် ပါဘဲ။ ဒါပေမယ့် ဒီဆိုင်းဘုဒ်ကြီးကတော့ ဆေးသားတွေ မှိန်နေသော်လည်း ယနေ့အထိ ထီးထီးမားမားပင် အောင်လံဝင့်ထားဆဲ။ မြို့အမည် ဆိုင်းဘုဒ် ဘေးဘယ်ညာ မှာထွန်းညှိထားတဲ့ မာကြူရီ မီးသီး ၂လုံးအနက် ဘယ်ဘက် တလုံးက မီးသီးတပ်ဆင်ပြီး ၂ လ အကြာမှာ ကွဲခဲ့ပေမယ့် ဆယ်နှစ်ကျော်တဲ့အထိ ပြန်လည် မတပ်ဆင်ရ သေးတာလည်း ယနေ့ထက်တိုင်ပင်။ မြို့ကလေးရဲ့ ဆိပ်ကမ်း အတက် ဆိပ်ခံဘောတံတားပေါ်မှာ လာရောက် ကြိုဆိုသူတွေ၊ ဈေးသည်တွေနဲ့ အသက်ဝင်နေလေရဲ့။ ဒီမြင်ကွင်းတွေကလည်း ပုံမှန် အသက်ဝင်နေတဲ့ မပြောင်းလဲသော ပုံရိပ်များသာ။
ဆိပ်ခံ ဘောတံတားပေါ်မှ မြို့ကလေးရဲ့လမ်းမပေါ် ခြေလှမ်းချမိပြီး အရှေ့ဆီကိုမျှော် ကြည့်လိုက်သည်။ တိလောက မာရဇိန် ဘုရားကြီးကို ဖူးမျှော်ရသည်။ သင်္ဘောဆိပ်မှ မြို့ကို ဝင်လျှင်ဝင်ခြင်း ဘုရားဖူးခွင့်ရအောင် စီစဉ်ခဲ့သော ရှေးလူကြီးမင်းများ၏ စေတနာ အမျှော်အမြင်ပင်။
ဆိပ်ခံ ဘောတံတားမှ အိမ်ကို နာရီဝက်ကျော်ကျော် လောက်တော့ လမ်းလျှောက်ရမည်။ ဈေးဆိုင်တန်းမှာ ဖြတ်လျောက်ရင်း ခေါက်ဆွဲကျော် ဝယ်လျင်ကောင်းမလား စဉ်းစားလိုက်သည်။ အဖေရန်ကုန်က ပြန်လာတဲ့ အခါတိုင်း ညအချိန်မတော်ဖြစ်ပါစေ ဝယ်လာတဲ့ ခေါက်ဆွဲကျော်ထုပ်တွေကို အိက်ချင်မူးတူးနဲ့ ထစားခဲ့ရတာတွေ သတိတရ ရှိနေတာမို့ ဝယ်လိုက်မည် ပိုင်းဖြတ်လိုက်သည်။ ထမင်းစာချိန်မို့ ဒီလိုဝယ်လာတာ သက်သက်မဲ့ ငွေဖြုန်းတာဘဲဟု အပြစ်တွေတင်လေဦးမည့် ကြီးဒေါ် အပျိုကြီးကိုလည်း လန့်နေရသေးသည်။ ဘာဘဲဖြစ်ဖြစ် ၃ ထုပ်တော့ ဝယ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
- ညီလေးရေ၊ ခေါက်ဆွဲ ၃ထုပ်ဟေ့၊ ကြက်တစ် ဝက်နဲ့ နှစ်ထုပ်၊
- ဟုတ်ကဲ့ … ကြက်တစ် ဝက်နှစ်ရှိတယ်၊ ဘာမှာဦးမလဲ အကို၊
- မမှာတော့ပါဘူးကွာ ၊ဒါပါဘဲ ။
ခေါက်ဆွဲဆိုင်မှ စားပွဲထိုးကလေးကိုပြောပြီး ခုံလွတ်တခုမှာဝင်ထိုင်လိုက်ရင်း ခေါက်ဆွဲကျော် အပြီးကို စောင့်နေလိုက်သည်။
- ရပြီ အကိုရေ
- ဘယ်လောက်လဲ ညီလေး
- ခြောက်ကျပ်ခွဲ
- ဟ .. ဘယ်လို ခွဲရတာလည်းကွ
- သုံး၊ လေးလ လောက်ရှိပြီ၊ ကြက် ဈေးတက်လို့ တပွဲ ၂ ကျပ်ခွဲဖြစ်နေတာ။
- အော် …

ကျသင့်တာလေး ရှင်းပေးပြီး ခေါက်ဆွဲထုပ်တွေကို ယူလိုက်ရင်း စဉ်းစားမိသေးတော့သည်။ ခရီးထွက်ခဲ့ရာတလျောက် ဈေး တက်တာတွေထက် ကိုယ့်မြို့ကလေးကတော့ နဲနဲ တော်ပါသေးသည်၊ ဒါပေမယ့် ကြက်သားက ဈေးပိုတက်တာတော့ တို့မြို့မှာဘဲလား တခြားမှာလည်း ဒီလိုဘဲလား တွေးနေမိသေးသည်။
- ဟေ့ကောင် ၊ မောင်လွင် ။
- ဟ၊ ဝင်းသိန်း. ဝက်မကြီး၊ ဘာတုန်းဟ ဆိုက်ကားနဲ့ ဘာနဲ့
- အေး အခုဆိုက်ကားနင်းနေတာ တနှစ်တောင်ပြည့်တော့မယ် ၊ လာ တက်ဟ
ပြောပြောဆိုဆို ဆိုက်ကားကိုကွေ့လိုက်သော ဝင်းသိန်းဆိုက်ကားပေါ် အိပ်တွေ အထုပ်တွေတင်ပြီး တက်ထိုင်လိုက်သည်။
- ဟို ခေါက်ဆွဲ ဆိုင်ထဲ မင်းဝင်နေထဲက လှမ်းတွေ့နေတာကွ၊ ဒါကြောင့် မင်းထွက်လာလာခြင်း လာခေါ်လိုက်တာ။
- နေစမ်းပါဦး မင်းကို တောမှာ လယ်ပြန်လုပ်ခိုင်းတာဆို
- အေး ငါလဲ မင်းကိုမေးဖို့ဘဲဟ၊ မင်းကဘာတွေလုပ်နေလဲ၊ အခုက ဘယ်ကနေပြန်လာတာလဲ။ ငါ့ကိုတော့ ဆယ်တန်းမအောင်တဲ့ကောင် တောမှာသွား လယ်ပြန်လုပ် ဆိုပြီး အဖေတို့က တောကို ပို့လိုက်တာ၊ မနေနိုင်ပါဘူးကွာ၊ တောမှာတော့ လုံးလုံးကိုမနေနိုင်ဘူး။ ဒါပေမဲ့ လယ်ပြီးတဲ့အထိ အောင့်အည်း ပြီးနေရတာပေါ့၊ စပါးလဲထွက်ရော စပါး ၅၀ ခိုးရောင်းပြီး ရန်ကုန်ကိုပြေးတာဘဲ၊ ဟား ဟား ဟား၊ နောက် အိမ်ကစိတ်ပြေလောက်မဲ့အချိန် အိမ်ပြန်လာခဲ့တာဘဲ။ ဒီမှာ ဟိုလုပ်ဒီလုပ်နဲ့ နောက်ဆုံး အခုတော့ ဆိုက်ကားနင်းတာပေါ့၊ မင်းကရော ..
- အေးလေ အတူဘဲပေါ့ကွ ဆယ်တန်းမအောင်တော့ ကျောင်း ထွက်ရတယ်၊ အရင်ဆုံး ဘုရားကုန်း ရေနံမြေမှာ အလုပ်ဝင်လိုက်တာ၊ အဲဒီက အဆက်ရပြီး ရေနံမြေတွေမှာ တောက်လျောက် လိုက်လုပ်နေတာလေ။ အခု ချောက် ကနေ ပြန်လာခဲ့တာ။
- ဟ.. ရေနံမှာအလုပ်ရတာ မိုက်တာပေါ့ကွ
- မမိုက်ပါဘူးကွာ၊ အကောင်တွေဘဲ ထောတာပါ။ ငါတို့တော့ မထောပါဘူး။
- ဘုရားကုန်းမှာ လုပ်နေတဲ့သူတွေတော့ လခနဲ့တင် ထောနေတာဘဲ။
- အင်း လစာတော့ကောင်းတယ်၊ အချိန်ပိုလုပ်ခ ရတယ်လေ။
- အေးပေါ့ အချိန်ပို လခနဲ့ ဆိုတော့ အစဉ်ပြေတာပေါ့။
စကားတပြောပြောနှင့်ပင် ကိုယ်နေရာ လမ်းထိပ်သို့ ရောက်ခဲ့ပြီ။ လမ်းအခြေအနေက အတော် ဆိုးနေပြီ၊ ၃နှစ်လောက် ခွဲခွာခဲ့စဉ်အတွင်း ယ္ခင်ကထက် လမ်းတွေပိုပျက်စီးနေပြီ။ လမ်းလျောက်ဝင်မှ ရတော့မည်။
- ဟေ့ယောင် ရပ်လေကွာ ဆင်းလျောက်တော့မယ်။
- နေစမ်းပါကွာ ရပါတယ်၊
- ရတယ် မလုပ်နဲ့ ဆင်းလျောက်တာ ပိုကောင်းဦးမယ် ရပ်ကွာ၊
- ကဲကဲ ၊ အိပ်တွေက ထားထား၊ ငါအိမ်အထိပို့မယ်။
- ကဲ မင်းက ရှေ့ကနင်းသွားနှင့်တော့၊ နောက်ကလမ်းရှောက် လိုက်ခဲ့တော့မယ်။
ဆိုက်ကားပေါ်မှ ဆင်းပြီးသည်နှင့် ဝင်းသိန်းကတော့ လမ်းကြမ်းမှာပင် အမြန်နင်း၍ သွားတော့သည်။ ဆိုက်ကားက ဘယ်တိမ်းညာတိမ်း ယိမ်းကလျက် ရှေ့ဆက်နင်းသွားပုံမှာ လှေငယ်လှိုင်းမိနေသလို၊ သြော် .... ဒီ တို့လမ်းမျိုးကို ပြောကြတာဖြစ်မယ် ကျောက်ခဲစားထားလည်း အစာကြေမဲ့ လမ်းမျိုးဆိုတာဟုတွေးရင်း ပြုံးမိ သေးတော့သည်။

( ဆက်လက်ဖေါ်ပြပါဦးမည် )

တို့ရွာက အာလူး



Wednesday, August 12, 2009

၁၁ - ၈ - ၀၈



ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်နှင့် ထောင် (၃) နှစ်ချပြီးမှ လျှော့ပေါ့ပေး click
၂၀၁၀ ရွေးကောက်ပွဲမှ အပြီးသတ် ထုတ်ပယ်လို၍ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချ click
ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ကုလအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန်ရှုတ်ချ click
လူ့အခွင့်အရေးသံတမန် ကင်တားနားက စီရင်ချက်ကို ပြင်းထန်စွာ ရှုတ်ချ click
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချသည့်အပေါ် အတိုက်အခံများ ကန့်ကွက် click
ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်အပေါ် နိုင်ငံတကာက ဒေါသနဲ့ တုံ့ပြန်click
စစ်အစိုးရကို အရေးယူဖို့ နိုဘယ်ဆုရှင် (၁၄) ဦး လုံခြုံရေးကောင်စီသို့ စာပို့ click
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ရှေ့နေက ကုလသမဂ္ဂကို အယူခံတင် click
ရွေးကောက်ပွဲကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ခြင်းအဖြစ် အများက သုံးသပ် click
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖြန့်ဝေသူ ပါတီဝင် (၄) ဦး ခေတ္တထိန်းသိမ်းခံရ click
NLD အဖွဲ့ဝင်များအား အာဏာပိုင်တွေ ဖမ်းဆီးလူစုခွဲ click
ဦးကျော်ခိုင်ကို သံတွဲထောင်မှ သရက်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီ click
DVB ရုပ်မြင်သံကြားပြသသူ ပစ္စည်းသိမ်းခံရ click
ဗန်းမော်မြို့တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ်များ သေဆုံး click
ရပ်ဝေးခရီးသည်များကို ကော့သောင်းလေယာဉ်ကွင်း၌ ဖမ်းဆီးပြန်ပို့နေ click

မြန်မာနိုင်ငံက မြေမြှုပ်မိုင်းမြေပုံ ကုလသမဂ္ဂ ထုတ်ပြန် click
ကြက်မောင်တောင်ဆည် ကျိုးပေါက်ရာမှာ အဓမ္မ အလုပ်ခိုင်းစေနေ click
ချောင်းရေကြီးသဖြင့် ပဲခူးရပ်ကွက်တချို့ ရေနစ်မြုပ် click
ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်နေ့နံနက် ငလျင်လှုပ် click
အင်အားပြင်းငလျင် ရန်ကုန်မြို့နှင့် အခြားမြို့များကိုပါ အဖျားခတ် click
အင်အားပြင်းငလျင်ကြောင့် ဆူနာမီငလျင်ရေလှိုင်းဘေး စိုးရိမ်ဖွယ်ရှိ click
ပဲခူးတိုင်းတွင် ရေကြီးမှုကြောင့် ဒေသခံများ ဒုက္ခရောက်ကြရ click

Saturday, August 8, 2009

သြဂက်စ် ည


Ref - ငြိမ်းစု

သွေးကြွေးတင်တဲ့နေ့ (8 - 8 - 88 )


Ref - ဒေါက်တာလွဏ်းဆွေ

လေးဆယ့်ရှစ်ဆိုတာ …. အပိုင်း (၅)


ဒီလေးဆယ့်ရှစ်ရွာကလေးကို အသက်သွေးတွေနဲ့ ရင်းပြီး တည်ထောင်ခဲ့ပါတယ်။ မုံးလူမျိုး (ဗမာတွေအခေါ်က မျှော့ လူမျိုး) အများစုနဲ့ ထိုင်းကွန်မြူနစ် တွေရဲ့ ပူပေါင်း အင်အားစုကြီးဟာ ထိုင်နိုင်ငံ တာ့ခ် ခရိုင် အတွင်းက တောတောင်ထူထပ်တဲ့ ဒီဒေသကို ခြေကုပ်ယူပြီး ထိုင်းဘုရင်စနစ် ကိုတော်လှန်ခဲ့ကြပါတယ်။ (၁၉၅၀ - ၁၉၆၀) အဲဒီကာလက ထိုင်းနိုင်ငံ အတွင်းမှာလည်း အာဏာ လွန်ဆွဲပွဲတွေနဲ့မို တော်လှန်ပုန်ကန်သူများကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ခဲ့ပါဘူး။ ၁၉၅၉ - ခုနှစ် လောက်မှာတော့ တရုပ်တပ်နီတော် နဲ့ ရင်ဆိုင် ရှုံးနိမ့်ခဲ့တဲ့ ကူမင်တန် တပ်ရဲ့တပ်ဖွဲ့ငယ်တွေဟာ ဗမာပြည်ဖက်ကို ဝင်ရောက် ကျူးကျော်ပါတယ်။ ဗမာပြည်ထဲမှာလည်း ထပ်မံ ရှုံးနိမ့်ခဲ့ရပြီး ရပ်တည်စရာရဖို့ ထိုင်းနိုင်ငံနဲ့ စာချုပ်မဟုတ်သော သဘောတူညီချက်ကို ရယူပြီး ထိုင်းအစိုးရကို ဆန့်ကျင်ပုန်ကန်နေတဲ့ တော်လှန်သူတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါတယ်။ အဲဒီ ကူမင်တန်တပ်တွေရဲ့ ခေါင်းဆောင်က ဒီ လေးဆယ့်ရှစ်ရွာကလေးကို စတင်တည်ထောင်သူ ဖာ့မီယွန် (ဝဏ္ဏစွန်ချိုင်း) ဖြစ်ပါတယ်။ သူက သူ့ရဲ့တပ်ကို ကူမင်တန် တပ်ဖွဲ့ဝင် တပ်ကြပ်၊ တပ်ကြပ် ကြီးများနဲ့ ထိန်းချုပ်ခဲ့ပြီး ဗမာပြည်ဖက်က ရှမ်းတပ်တွေဖြစ်တဲ့ ကောင်န်ဆန်တပ်နဲ့ ခွန်ဆာတပ်ဖွဲ့တွေဆီက တပ်သားတွေကို သူ့ဆီမှာ ခေါ်ယူစုစည်း လိုက်ပါတယ်။ ဒီတပ်ဇွဲ့ကို ကြောထောက် နောက်ခံ ပြုပေးတာကတော့ ကူမင်တန် တပ် ဖြစ်ပြီး အဓိက ကျတဲ့ အထောက် အပံ့ကိုတော့ ထိုင်းနိုင်ငံက ပေးထားပါတယ်။ အဲဒီတပ်ဖွဲ့တွေဟာ တာ့ခ် ခရိုင်ထဲက ပုန်ကန်သူတွေနဲ့ တိုက်ပွဲငယ်ပေါင်းများစွာ၊ နဲ့ တိုက်ပွဲကြီးသုံးပွဲ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

တာ့ခ် ခရိုင် တာ့ခ် မြို့နယ်ရဲ့ တောင်ဖက် ဟော့င်ချော ဒေသမှာ ၁၉၆၁ - ခုနှစ် ကတိုက်ခဲ့ရတဲ့ တိုက်ပွဲ၊ ၁၉၇၈ - ခုနှစ် နှောင်းပိုင်းမှာ တိုက်ခဲ့တဲ့ ကျေဒီခို့ရွာအပိုင် မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ ၁၉၇၉ ဒီဇင်ဘာ လမှာ ဖြစ်ခဲ့တဲ့ (၈၃) ကီလိုမီတာ ရွာမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံး တိုက်ပွဲတွေလို့ဆိုပါတယ်။ ကျေဒီခို့ရွာဟာ လေးဆယ့်ရှစ်နဲ့ ကီလိုမီတာ ၂၀ သာဝေးပါတယ်။ (၈၃) ကီလိုမီတာရွာကတော့ လေးဆယ့်ရှစ်ရွာနဲ့ ၃၅ ကီလိုမီတာ ကွာဝေးပါတယ်။ အုန်းပြန့် ဒုက္ခသည် စခန်းဟာ (၈၃) ကီလိုမီတာ ရွာရဲ့ အပိုင်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီ ၁၉၇၉ - ခုနှစ်က တိုက်ခဲ့တဲ့ ရှစ်ဆယ့်သုံး တိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်ပြီး နောက်ဆုံး ပွဲသိမ်း စခန်းသိမ်း တိုက်ပွဲပါဘဲ။ ဒီတိုက်ပွဲအပြီးမှာ ဒေသဖွင့်ဖြိုးရေးအတွက် မဲဆောက် - အုန်းဖန် ကားလမ်းကို စတင်ဖေါက်လုပ်နိုင်ခဲ့ပါတယ်။ ဒီင်္ လေးဆယ့်ရှစ်ရွာကလေး (ဘန့်လောင်န်ကောက်) ကိုလည်း ဒီ ၁၉၇၉ - ခုနှစ်မှာဘဲ စတင်တည်ထောင်ခဲ့ပါတယ်။ ဒီတိုက်ပွဲအပြီးမှာ ပုန်ကန်သူ မျော့ တပ်တွေလည်း ကစဥ့်ကလျားဖြစ် လက်နက်ချသူချနဲ့ ပြိုကွဲခဲ့ရပြီး ဝဏ္ဏစွန်ချိုင်းရဲ့ တပ်ကတော့ ကိုင်စွဲခဲ့တဲ့ လက်နက်တွေကို ထိုင်းအစိုးရထံ အပ်နှံ ခဲ့ပါတယ်။ ဒီဒေသ အေးချမ်းပြီ ဆိုတော့ ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ အတွက် ပြင်ဆင်ပါတော့တယ်။ ကားလမ်းတွေ စတင်ဖေါက်လုပ်ပြီး မြို့ပြနဲ့ ဆက်သွယ်ရေး ကောင်းမွန်တိုးတက် လာပေမယ့် ဒီဒေသကို ထိုင်းလူမျိုးတွေ လာရောက် အခြေချဖို့ မရဲကြပါဘူး။

ဒီအခြေအနေတွေကြောင့်ဘဲ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်မဲ့ လားဟူ၊ အခါ၊ အီကော စတဲ့ ဗမာပြည်က တိုင်းရင်းသားတွေဟာ ဒီရွာကလေးဆီ ထောင်နဲ့ ချီပြီး ဝင်ရောက် အခြေချ လာပါတယ်။ သူတို့တွေဟာ အခု အချိန်မှာတော့ လေးဆယ့်ရှစ်ရွာကလေးကို ခြံရံ ပြီး ရွာမရဲ့ ဘေးဘယ်ညာမှာ အီကောစုနဲ့ လားဟူစု အဖြစ် တည်ရှိနေကြပါတယ်။ သူတို့ကို ထိုင်းနိုင်ငံက တောင်ပေါ်သား ကဒ်ပြားထုပ်ပေးပြီး တည်ငြိမ်စွာ နေခွင့်ရပါတယ်။ ဗမာအများစုကတော့ ဝဏ္ဏစွန်ချိုင်း မီးသီးရုံ စပြီး တည်ထောင်ခဲ့တဲ့ ၁၉၈၁ -ခုနှစ်မှာ စတင်ဝင်ရောက်လာကြပါတယ်။ အဲဒီ အချိန် ထဲက ဝင်ရောက် လာသူတွေဟာ အခု အချိန်မှာတော့ ၃ - ၄ - ဦးသာရှိကြပါတော့တယ်။ သူတို့တွေကတော့ ထိုင်းနိုင်ငံက ဘာ အသိအမှတ်ပြု ကဒ်ပြားမှ မရှိဘဲ ဒီရွာကလေးမှာ နေထိုင်နေကြဆဲပါဘဲ။ ဒီရွာကလေးကို အစဦးဆုံး ဝင်ရောက် လာသူတွေဟာ ဖလူးကုန်သွယ် စခန်းကို ရောက်လာကြတဲ့ ဗမာပြည် အရပ်ရပ်က ကုန်သည် အငယ်စားတွေ၊ ဈေးသည်တွေ၊နဲ့ အထမ်းသ္မားတွေ ဘဲဖြစ်ပါတယ်။ သူတို့ထဲမှာမှ ဆောက်လုပ်ရေး လုပ်ငန်း ကျွမ်းကျင် သူတွေလည်း ပါလာပါသေးတယ်။ ဒုတိယ မီးသီးစက်ရုံကို ၁၉၈၈ နှောင်းပိုင်းမှာ စပြီးလည်ပတ်ပါတယ်။ ၁၉၉၀ -အလွန် နှစ်များမှာ ဒီရွာကလေးဟာ ဗမာသီချင်းသံ တညံညံနဲ့ လှုပ်ရှားသက်ဝင်ခဲ့ဘူး တယ်လို့ဆိုပါတယ်။ ဒီလိုနေခွင့်ရအောင် ရွာခေါင်းဆောင် ဝဏ္ဏစွန်ချိုင်း က တာဝန်ခံ ပေးထားတာ ဖြစ်ပါတယ်။ ဒီရွာမှာ တချိန်က သူနဲ့ စစ်ပြုခဲ့ဘူးတဲ့ မျော့(မုံး) လူမျိုးတွေကို ဝင်ရောက် အခြေချခွင့် မပေးပေမယ့် ဒီရွာကလေးကနေ ၄ ကီလို ၅ကီလိုသာ ဝေးကွာတဲ့ ၄၄ ကီလိုမီတာကျေးရွာ။ ပါခါးကောင်ကျေးရွာ။ ဘန့်စိဆမ်၊ စတဲ့ရွာတွေမှာတော့ ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ နေထိုင်နေတဲ့ မျော့(မုန်း)လူမျိုးတွေ နေထိုင်နေကြပါတယ်။

ဗမာပြည်သားတွေကို လွတ်လပ်စွာ နေထိုင်ခွင့် ပေးခဲ့ပေမဲ့ စည်းလွတ်ဝါးလွတ် နေခွင့်မပေးပါဘူး။ မူးယစ်ရမ်းကားတာ၊ ခိုးဝှက်တာတွေကို သူကိုယ်တိုင် အပြင်း အထန် ဆုံးမ အပြစ်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒီရွာမှာ မှီခိုနေသူဗမာတွေ အထူးသဖြင့် သူ့စက်ရုံမှာ အလုပ်လုပ်နေသူတွေ အရက်သေစာ အလွန်အကျွံ သောက်တာကို မကြိုက်ဘူးလို့ဆိုပါတယ်။ အရက်ဆိုင်မှာ ကြာကြာထိုင်နေတာ တွေ့ရင် ခေါ်ယူပြီး အရက်သောက်ပြီး ငွေမဖြုံးဖို့ အလုပ်ကရတဲ့ငွေကို မိဘတွေဆီ ပြန်ပို့ပေးဖို့ ဆုံးမတယ်လို့ ပြောကြပါတယ်။ ရွာဦးက ဘုန်းတော်ကြီးကျောင်းဟာ ရွာစတည်ပြီးတဲ့ အချိန်ကတည်းက တည်ဆောက်ခဲ့တာပါ။ တည်ဦးစက ထိုင်းဘုန်းတော်ကြီး တပါးသီတင်းသုံးပါတယ်။ ဝါတွင်းကာလမှာသာ သီတင်းသုံးပြီး ကျန်တဲ့ ကာလတွေမှာတော့ ခရီးသွား ဒေသစာရီ ကြွနေတာ များပါတယ်။ တနှစ်မှာတော့ ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ထိုင်း ဆရာတော် ရွာကို ပြန်လည် မရောက်လာတော့ပါဘူး။ ဒါကြောင့် ဗမာပြည်သားတွေ တိုင်ပင်ပြီး ဗမာ ဘုန်းတော်ကြီးတပါး ကို သီတင်းသုံးစေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အချိန်ကစပြီး ရွာဦးကျောင်းကလေးမှာ ဗမာ ဘုန်းတော်ကြီးတွေ အစဉ် အဆက် သီတင်းသုံးခဲ့တာ ယနေ့ အထိတိုင်အောင်ပါဘဲ။ ဗမာဘုန်းတော်ကြီးတွေ အဆက်ဆက် သီတင်းသုံးခဲ့ပေမဲ့လို့ ဒီကျောင်းဟာ တရားဝင် ကျောင်းအဖြစ် မရပါဘူး။ တောရကျောင်း အဖြစ်နဲ့သာ ရပ်တည်နေတာ ဖြစ်ပါတယ်။ တရားဝင် ကျောင်းဆိုတာက ထိုင်းသာသနာရေး က အသိအမှတ်ပြုပြီး အဲဒီကျောင်းမှာ ကံဆောင်ပေးတဲ့ ရဟန်းတွေကို ထိုင်း သာသနာဝင် ကဒ်ပြား ထုပ်ပေးခွင့် (သို့) ထောက်ခံခွင့် ရရှိပါတယ်။ သာသနိက အဆောက် အဦးတွေ ဆောက်တဲ့ အခါမှာ ထိုင်း သာသနာရေးဌာန ရဲ့ ကူညီ လှူဒါန်းတာကို ရရှိပါတယ်။

အဲသလို ထိုင်း သာသနာရေး ဘက် က အကူအညီ မရခဲ့ပေမဲ့ ဒီကျောင်းကို တိုးချဲ့ တည်ဆောက်စဉ် ၁၉၉၉ - ခုနှစ်က ဒီဒေသကို လှည့်လည် ကြည့်ရှုတဲ့ ထိုင်းဘုရင်ရဲ့ မိဘုရားကြီး က အလှူငွေ ဘတ် (၁၀၀၀၀) ထည့်ဝင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီကျောင်းရဲ့ သာသနိက အဆောက်အဦးတွေနဲ့ စေတီတည် ထားရာမှာ ရွာကလေးရဲ့ ရပ်နီး ရပ်ဝေး ဒေသတခွင်လုံးက ဗမာပြည်သား အပေါင်းရဲ့ အလှူငွေတွေနဲ့ တည်ဆောက်ခဲ့တာပါ။ ဒီသာသနိက မြေကို လှူခဲ့တဲ့ ဝဏ္ဏစွန်ချိုင်း ကတော့ ဒီကျောင်း တည်ဆောက်တာကို သတင်းမေးရုံလောက်သာရှိခဲ့ပြီး တခေါက်မှ မရောက်လာခဲ့ဘူးပါဘူး။ ပြောရမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဟုတ်မဟုတ်တောင်မှ အသေချာ မသိကြရဘူးလို့ဆိုပါတယ်။ သူကွယ်လွန်ခဲ့ပြီး နောက်ပိုင်း ၂၀၀၀ ခုနှစ်မှာ သူ့ရဲ့ဇနီး ဒေါ်ကျူရီ (ကျဲကျူရီ စဲ့လျှောင်) ဘုန်းတော်ကြီးကျောင်းကို ၂ ခေါက်တိုင် ရောက်လာပြီး လှူရံတွေကို ကိုယ်တိုင် ကိုယ်ကျ လာရောက် လှူဒါန်းပါတယ်။ ဒီလိုလာလှူဖြစ်တဲ့ အကြောင်းရင်းကလည်း ဒီရွာကလေးမှာတော့ ပြောစမှတ် တွင်ခဲ့ပါတယ်။

Wednesday, August 5, 2009

05 - 08 - 09



ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်က ပါတီကို ကူညီရန် လူလတ်ပိုင်း (၁၄) ဦးကို တာဝန်ပေး click
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ဆက်လက်ပြုလုပ် click
နအဖနှင့် မြောက်ကိုရီးယားပူးပေါင်းမှု အမေရိကန် စိုးရိမ် click
မြန်မာပြည်ပြုပြင်ပြောင်းလဲရေး အင်ဒိုနီးရှားတွင် ဆွေးနွေးမည် click
နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ဟု မွန်ပြည်သစ်ပါတီ ပြော click
တာဆန်းရေကာတာစီမံကိန်းကြောင့် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာclick
ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင် click
ဝါဆိုသံဃာများကို အာဏာပိုင်များ တင်းကျပ် click
စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ် click
ရိုဟင်ဂျာ (၆) ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့ click
ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့်သတင်းကို စစ်အစိုးရပိုင်သတင်းစာမှာ ထူးထူး ခြားခြားဖော်ပြ click
တာချီလိတ်တွင် စိတ်ကြွဆေးပြား (၂) သိန်း ဖမ်းဆီး click
ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာအလုပ်သမားများ ဒဏ်ရာရ click
တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော click
အောင်လံက တောင်သူတွေကို ဒီနေ့ရုံးချိန်း click

နိုင်ငံအရံအင်အားတပ်ဖွဲ့ကို အင်အား (၁၁၀၀၀) ဖြင့် ရခိုင်တွင် တိုးချဲ့ဖွဲ့စည်းမည် click
တရုတ်နယ်စပ်မှဝင်သည့် ကြက်ဥအတုများ မြစ်ကြီးနားတွင် ဖမ်းဆီး click

အောင်ဆန်း - သို့မဟုတ် - အရိုင်း


ဒဂုန်တာရာ .... ရေး အောင်ဆန်း(သို့) အရိုင်း

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျှက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထု အစိတ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြော၍နေ၏။ သို့သော် ပျက်ရယ်ခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီ တညွတ်တည်း တည်ရှိ၏။ အစိမ်းပုတ်ရောင် ကတ္တီပါ ကားကြီးသည် သူ့ကို နောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်မှ ခြယ်လှယ်ထားခြင်းမရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ၊ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍ နေသည်။ သူသည် သည်စိမ်းညို့မှိုင်းသော ကားကြီး၏အရှေ့ စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြောနေသည်။ သူသည် ဗမာ့ပထဝီ မြေကြီးမှ ဗမာ့ ဝါဂွမ်းစစ်ဖြင့် ယက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချီမှာ နီရဲသော ရွှေတောင် ပိုးလုံချီဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်၊ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်း မျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတယောက်၏ မျက်နှာနှင့်လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း တို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တေံ့မြင်နိုင်သော သာမန် ဆင်းရဲသား တဦးနှင့်သာ တူ၏။ ဗမာလူထုကြီးထဲမှ သူတဦး၏ အသွင်အပြင် မျိုးသာ ဖြစ်၏။ သူသည် လက်နှစ်ဘက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားကိုပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ၊ သို့သော် အတွင်း၌ကား အနက်ပါ၏၊ သင်ပဌမဆုံး တွေ့မြင်သော အောင်ဆန်း၏ ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်၏။
ထိုအခါကား ၁၉၃၆ - ခု ပဌမဦးဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟော ခန်းမတွင် ဆင်ယင်နေသော အခါဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာ သင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလည် အဖြစ် ကျောင်းသားများ ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။ ၁၉၃၆ - ခု သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက် အောင်ဆန်း အမည်ကို သတင်းစာများတွင် ဘတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် အင်မတန် ထက်သန်ခဲ့သည်။ ထိုအခါက အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံ ဖြစ်သော အိုးဝေ မဂ္ဂဇင်း အယ်ဒီတာဖြစ်၏။ ကျွန်တော်မှာ စာပေ ဝါသနာပါသူ ဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။ သို့သော် ဂျူဘလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင် ကြားနာရသောအခါ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ် ကျောင်းသား ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်း ဟုဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားသည်။
တွေ့ရသောအခါ ရုပ်ကလည်းမဖြောင့် စကားပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်၊ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ် ဖြင့်သာ အောင်ဆဆန်းကို ရုပ်ဖြောင့်စေချင် စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။ နောက်တနှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇ - ၃၈ - ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ် သမဂ္ဂတွင် ဒုတိယ ဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ သမဂ္ဂတွင် ဥက္ကဌ၊ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိ ဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။ သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ ရသော လူစားမျိုးမဟုတ်၊ နိုင်ငံရေး အတူတူ တွဲဘက် လုပ်လျှင်သာ သူနှင့် ရင်းနှီးမည် ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂ နိုင်ငံရေးကိုသာ တဘက်သတ် မလိုက်၊ စာပေလည်း ဘတ်ချင်၏၊ စာလည်း ရေး၏၊ ဂီတကိုလည်း လိုက်စားဘူး၏။ သည်လို အစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက် ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို ယခု သခင် ဗဟိန်းက အသိဖွဲ့ ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။ သခင် ဗဟိန်းနှင့်ကား ထိုသို့မဟုတ် သခင်ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူ ဖြစ်၏။ စာပေ ကဗျာ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွနိတော်နှင့် ခဏနှင့်ပင် ရင်းနှီး ချစ်ခင်ကာ သူ ယခု ကွန်မြူနစ် ဖြစ်နေသည့် ဘဝ အထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်၊ ကျွန်တော်ကား ခုခံရေးကိုလည်း မပြု။ နိုင်ငံရေးသမားလည်း မဟုတ် သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား ဤကဲ့သို့ မဟုတ်၊ ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော် ရေးခဲ့သော ဒဂုန် မဂ္ဂဇင်း မှ ရတုပိုက်စုံမှစသော ကဗျာများ ဝတ္ထုတို ဆောင်းပါး စသည့် စာပေများကို သူ ဘတ်ဘူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဘတ်မည့်သူ မျိုးလည်း မဟုတ်။ သို့သော် တခါက သခင် ဗဟိန်းနှင့်အတူ သမဂ္ဂ ကော်မတီ ခန်းတွင် ပင်းယ မဂ္ဂဇင်းတွင် ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တခုကိုကား ကျွန်တော်ရှေ့တွင် ဘတ်သည်ကို တွေ့ရဘူး၏။ ဘတ်ပြီးလျှင် ဝေဘန်ချက် ပေး၏။
ကိုအောင်ဆန်း သည်လည်း အင်္ဂလိပ်၊ ဗမာ ဆောင်းပါးရှင် တဦး ဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသော သူ၏ ဆောင်းပါးများကို ဂန္တလောက မဂ္ဂဇင်းတွင် ဘတ်ရဘူး၏။ သူသည် ဗုဒ္ဓတရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်စား ဝတ်ဆင်ရေး ပြဿနာကိုလည်း သူသည် ပန်းတနော် ဦးသန့်နှင့် အပြန် အလှန် ရေးသည်ကို အမှတ်ရ၏။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ သမဂ္ဂ အသင်း၏ ကြွေးကြော်သံဖြစ်သော မျိုးညွန့် မဂ္ဂဇင်းတွင်ပါသော သူ၏ လောက ဝိဟာ အမည်ရှိ ဗမာ ဆောင်းပါးတိုကလေး ကိုကား - ကျွန်တော် အတော် သဘောကျပါ၏။ ကမ္ဘာလောကကြီးကို ပညာ ဗဟု သုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးထား၏။ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ချေ။ တိတိ ကျကျ ရေး၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တခါတရံ ဟာသဥာဏ်ပါ၏။ ပုသိန်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ပညာရေး ပူရာမ် ကျမ်းကြီး ပေတကား … ဟု ပြောင်လှောင်ထားသည့် သရော်ချက် (Irony) ပါ၏။ ကျောင်းမှ ထွက်ပြီး တို့ဗမာ အစည်းအရုံးသို့ ဝင်သွားသော အခါ၊ ငတ်ပြတ်လာ၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ဆောင်းပါး ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေ၏။ ဒဂုန် မဂ္ဂဇင်းက ကိုအောင်ဆန်း ရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား နိုင်ငံရေး အမျိုးမျိုး ဟူသော ဆောင်းပါးဖြစ်၏။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက် ဗမာ့ နိုင်ငံရေး အချေ အနေ အထိ ရေး၏။ စာပြောင်၏။ ဘတ်လို့ကောင်း၏။ သူလည်း ဒဂုံတွင် ကြာကြာ မရေးရ။ မကြာခင် ဂျပန်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ညှိုးထား၍လား မပြောတတ် ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာ၏။ သမဂ္ဂ ဥက္ကဌ ဖြစ်သော ၁၉၃၈-၃၉ နှစ်က သူသည် ဘီအယ်လ် တန်းတွင် ရှိ၍ ပဲခူး အဆောင် အလည်ထပ်တွင် နေသည်။ အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ သူ၏ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ်တချို့၊ ဘီတိုပေါ်တချို့၊ ကြမ်းပြင်ပေါ် တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဘတ်သူ တယောက် ဖြစ်၏။ သူသည် ဒေါသကြီးသူ တဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော်အဘို့က ဒေါသကြီးသည် မကြီးသည်ကိုမသိ။ သူ့တွင်စိတ်လိုက်မာန်အပါစိတ်( Emotionalism) တွေရှိသည်ဟု ကျွန်တော်ထင်၏။ နှစ်ကိုကားအသေချာမမှတ်မိတော့ သပိတ်မှောက်နှစ်လည်အထိမ်းအမှတ် ပွဲတခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သာတ်ထဲမှ ထ၍ဝေဖန်စကားများ ထ ပြေားကြ၏။ သို့ပြောကြသဘ်အထဲတွင်၊ စစ်ကိုင်းကျောင်းဆောင်မှ ကုလား ကျောင်းသားတဦးက ဥက္ကဌဟောင်း မစ္စတာရာရှစ်ကို ဝေဘန်ရာ၌ အတော်ထိခိုက်သေားအပြစ်တွေကို ထုတ်ဖေါ်ပြော၏။ ကုလားကျောင်းသားပြောသည့် စကား များသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့။ ကိုအောင်ဆန်းသည် မစ္စရာရှစ် အတွက်ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက် စသေား အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ် တုံလျက် ရှိသည်။ ကုလား ဗမာ အဓိဂရုဏ်းအပြီး ဒေါက်တာဘမော်၏ တက္ကသိုလ် ဥပဒေပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ် လိုက်ပေသည့် ကိစ္စနှင့် ပတ်သက်၍ (အိုးဝေ ) ညိုမြ (အမေရိကန်ပြန်) အမှုးရှိသော ကျောင်းသားတစုက မကျေနပ်သဖြင့်၊ သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းက ညိုမြကို ဒေါပွကာ ဥက္ကဌ ကုလားထိုင်မှ နေ၍ ညိုမြအတင်းကို အတော်ပြောလိုက်၏။ သည်လို စိတ်လိုက်မန်ပါ ပြောပြီးနောက် တပတ်လောက် ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံချပါသော စကားများကို ရုပ်သိမ်း လိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ဆောင် အသီးသီးတွင်၊ ထွက်ပေါ်၍လာ၏။ တက္ကသိုလ်တွင် ရှိစဉ်က၊ ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထား ကိုထားခဲ၏၊ သူ၏မျက်နှာထားသည်၊ သုန်မှုန်၏။ တခါတွေ့ ဘူးသောသူကို နောက်တခါတွေလျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဌ ဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူ့ကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွပတ်လပ်ရေး အတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက်နေသည်။ သူစကားပြောလျင်လည်း နိုင်ငံရေး အောကာင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရ၏။ ဘေးမှလူများ၏ စကားကို သူမကြား သူပြောချင်တာတွေကိုသာ စွတ်ပြောနေတတ်၏။ တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန် ဝိတိုရိရ ရိတ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြ၏။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်၏။ ဧည့်ခန်းရှိ စန္ဒယားမှာ အသံတွေ ပျက်၍နေ၏။ “ချစ်ခင်မှာလား ကြင်မှာလား ခင်ခင်ရယ် ချစ်သဲနွယ် အဟုတ်ကို ချစ်တော့မယ် ခင်ရယ် ကြင်မယ်…”
ဝိုင်၍ဆိုနေရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် ဂေါက် ဂေါက် နှင့် တဘက်မှ ရှောက်လာကာ စန္ဒယား အပါးတွင် လက်ထောက်ခါ ရပ်လျက် “ဟေ့ ရပ်ကြ၊ ခုလို အခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိနုရတယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး၊” ရုတ်တရက် ကြောင်၍ စန္ဒယားကို ခေတ္တ ရပ်လိုက်၏။ သူသည် သူပြောချင်တာ ပြောပြီး ထွက်သွား လေသည်။ ကျွန်တော်တို့လည်း ဆက် သီဆိုခါ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လို လူစားမျိုး။ သမဂ္ဂ ဥက္ကဌ ကိုလှမောင် (ယခု ဆိုရှယ်လစ် ပါတီဝင်) ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ ခေတ်၌ ရွှေတောင်ကြား တွင် လုပ်သည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင် ပဌမ ဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးနေကြ၏။ ကြေးစား စန္ဒယားဆရာ တီးခါ ဖျော်ဖြေလျက် ရှိ၏။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယား ဆရာကို ရပ်စေကာ ကျွန်တော်ကို လူကြားထဲမှ အတင်း ဆွဲခေါ်၍ သီချင်းတပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ခါ မရတရဖြင့် လိုက်ဆို၏။ တီးသော သီချင်းမှာ ”ကဉ္စန” သီချင်းပင်ဖြစ်၏။ တေးဆုံးလျင် လက်ခုတ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။ တခါက ဂျပန်ခေတ် ဝန်ကြီး တဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲစမည် ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစား ခန်းမကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ အခြား ဧည့်သည် များကား အဝတွင် ရပ်၍ သူ့အဝင်ကို စောင့်လျက် နေကြ၏။ သူသည် စစ်ဝတ် စစ်စား နှင့် ဝင်လာခါ ရုပ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင် လိုက်ပြီး ဇတ်ကနဲ ဘယာကျော် တတုံးကို ယူခါ စားလိုက်၏။ သူထမင်းစားနေစဉ် ဧည့်သည် ဝင်လာလို့လည်း ဗမာ့ ဧည့်ဝတ် ထုံးစံအရ ထမင်းစားပါအုံးလားဟု ခေါ်ချင်မှ ခေါ်မည့် လူစားမျိုး ဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေ ရင်းများက “ကြောင်သည်” ဟု အမှတ် ထားကြ၏။ သူ့တွင် သိမ်မွေ့ခြင်းမရှိ အလှအပပို သူမမက်မော၊ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ် ထုံးစံ၊ ယဉ်ကျေးခြင်း စသည် တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာ ရပ်များကို မလိုက်စား။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် မလုပ် သူ၏ နဂိုရ် အတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုပြင်ဘဲ နေ၏။
သူ့တွင် နိုင်ငံရေး ဝိညာဏ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး ကိုသာ တခုတည်းလုပ်သော လူတဦးဖြစ်၏။ သူသည် ရီုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ လုပ်သော နိုင်ငံရေး သတ္တဝါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။ ၁၉၄၂ - ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အတတ်ပညာ (Art) အကြောင်းကို ပြောပြ၏။ “အတတ်ပညာဆိုတာ ရှိတာဘဲ။ လင်မယား ဘဝမှာလည်း အတတ်ပညာ မြောက်အောင် လုပ်ရတာဘဲ။ အတတ်ပညာ မဲ့ယင် လင်မယား ကွဲမှာပေါ့၊ ဒီလိုဘဲ တော်လှန်ရေးမှာလည်း အတတ်ပညာ ရှိတာဘဲ။ အတတ်ပညာ မြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေး အစစ်ဘဲ။ ” သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့ တွေ့ဆုံဘို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပြူငှာ ခေါ်မည့် လူစားမျိုးလည်း မဟုတ်။ တခါက ဗိုလ်ချုပ် ဘဝတွင် မော်တော် ကားကြီးထဲ၌ သူ၏ ဇနီး ကလေးများနှင့် တဗြုံကြီးကို မြင်လိုက်၏။ အော်…. သားနဲ့ မယားနဲ့မို့ လူစိတ် တော်တော် ပေါက်လာပြီ၊ အရင်လို ကြောင် တော့မည် မဟုတ်။ အကြမ်း အရိုင်းမှ ယဉ်ကျေး လာတော့မည်ဟု အောက့်မေ့လိုက်၏။ မှန် မမှန်ကား မပြောတတ်။ ဖ -ဆ - ပ -လ ဥက္ကဌ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဘန်ခြင်း မဟုတ်။ သူ၏ လူ အဖြစ်ကိုသာ ကျွန်တော် သိသည့် အထိ ပြောပြခြင်း ဖြစ်ပေသည်။ တခုတော့ ထင်သည်၊ သူသည် လူထုထဲမှ သူတဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထု ခေါင်းဆောင် ဖြစ်လာသည်၊ ဖြစ်လိမ့်မည်။
(ဒဂုန် တာရာ )

ကိုးသုံးလုံး ကွဲပြီ

ယမန်နေ့ ညနေ ၅ နာရီ ခန့် အချိန်တွင် မြ၀တီ DKBA ကိုးသုံးလုံး နယ်ခြား ဂိတ်တွင် ပေါက်ကွဲမှုတခု ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
၎ - ၈ - ၀၉ ရက်နေ့ ညနေ ၅နာရီအချိန်တွင် မြ၀တီ DKBA ကိုးသုံးလုံး ဂိတ်အနီးတွင် နေထိုင်သော လူကယ်ရီ ဒေါ်ခင်သိန်း၏ နေအိမ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ၄င်း ဗုံးပေါက်ကွဲ မှုကြောင့် ဒေါ်ခင်သိန်း၏ နေအိမ် မီးဖိုချောင်ပိုင်း တခုလုံး ပျက်စီးသွားကြောင်း သိရသည်။ ဂိတ်အနီးတွင် ထပ်မံရှာဖွေ စစ်ဆေးကြည့်ရာ နောက်ထပ် မပေါက်ကွဲ သေးသော ဗုံးတလုံးကို တွေ့ရှိ ဖေါ်ထုတ် နိုင်ခဲ့သည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်ခင်သိန်းသည် ထိုင်းနိုင်ငံသို့ လူမှောင်ခိုပို့သည့် လုပ်ငန်းအပြင် ထိုင်းနိုင်ငံအတွင်းမှ ဖမ်းဆီးရမိသော တရားမ၀င်မြန်မာအလုပ်သမားများအား သူမ၏နေအိမ်တွင်ထားကာ DKBA အတွက် ဆက်ကြေးကဲ့သို့ပေးဆောင်ရသော ငွေကြေးကောက်ခံ၍ ပေးနေသူဖြစ်သည်။ ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုသည် ထိုင်းနိုင်ငံ လ၀က မှနေရပ်ရင်းနိုင်ငံ ပြန်ပို့သော မြန်မာပြည်သားများအား ကိုးသုံးလုံးဂိတ်နှင့် သုံညဂိတ်တို့ ဟိုဘက် ဒီဘက် လူလုရာမှ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြ၀တီမြို့ခံများမှ ထင်မြင်နေကြပြီး အလားတူ အဖြစ်အပျက်များ ဆက်လက်ဖြစ်နေဦးမည်ဟုလည်း ထင်မြင်ချက်ပေးနေကြပါသည်။
ယင်းအဖြစ်အပျက်ကြောင့် မြ၀တီမြို့ခံများမှာ အနေအထိုင်ကြပ်တည်းနေရပြီး တာဝန်ရှိသူများမှ ပြည်သူ လူထုအား ဖိအားပေး၍ အတင်းအကြပ် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း သတင်းရရှိပါသည်။
48 – News (5 – 7 – 09)