အခဏ်း ( ၁ )
ဇာတိ
ဇာတိ
မြေလတ် ဟုခေါ်သော ဗမာပြည်၏ အပူပိုင်းဇုံ ဖြစ်သော မကွေး စီရင်စု ၊ ယခု ရေနံချောင်း ခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တဝက်ခန့်တွင် အပူပိုင်းဇုံကုန်း မြေပြင်များဖြစ်သော၊ နှမ်း၊ ပဲနှင့် ၄င်းဆီ အများထွက်၍၊ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေးတမြို့ ရှိလေသည်။ မီးရထား ဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်စည်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ဝဲယာပတ်လည်တို့တွင် မြေပဲ, နှမ်းခင်းတို့ ရှိလေသည်။ ထို ယာခင်းများ မှ ကျော်လွန်၍ အရှေစူးစူးသို့ ကြည့်လျှင်၊ ရေးရေးထင်သော တောင်တန်းများကို၊ နောက်ကခံကာ တောရကျောင်းနှင့် ကမ္မဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဘူတာ၏ အနောက်မြောက် ယွန်း ဂိုက် ၄၀၀ - ခန့်အကွာတွင်ကား၊ မိုင်ဝက်ခန့်ကျယ်သော သဲချောင်းရိုးကမ်းစပ်ပေါ်၌ ခပေါင်းကုန်း (သို့မဟုတ်) န - ကျားထူးခေါ်သော အိမ်ခြေတရာခန့်ရှိ ရွာကလေးရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တဘက်ကမ်း (အနောက်ဘက်ကမ်း) ၌ကား၊ ယာခင်း လယ်ကွင်းပြင်များနှင့် ဥယျာဉ်အချို့ ကို တွေ့ရပေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေဘတ်မှတာမြောင်းခံထားသော အိမ်ခြေ ၂၀၀ - ခန့်ရှိ ရွာတရွာရှိလေသည်။ ထိုရွာ၏ အနောက် ကိုက် ၃၀၀ -ခန့်တွင်၊ အိမ်ခြေ ၁၀၀ - ခန့် ရွာတရွာ ရှိလေသည်။ ရွာ၏မြောက်ဘက်တွင်ကပ်လျက်၊ (ရှေလူကြီးများပြောသလို) လောကဓာတ် မြန်မာ အထက်တန်းသင်ဘုန်းကြီးကျောင်း တကျောင်း ရှိသည် ။ ထိုမှ ယာတခင် အလွန်တွင် ငါးရက်တဈေးဖွင့်ရာ ဈေးဝိုင်းရှိလေသည် ထိုမှလွန်လျှင် ပုလိပ်ဂါတ် တန်းလျားများရှိလေသည်။ ထိုအနီးတွင်အိမ်ခြေ ၁၅၀ -ခန့် ရွာတရွာရှိပြန်လေသည်။ စာတိုက်နှင့် ရှေ့တည့်တည့် ပေတရာလမ်းနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍၊ ကိုက် ၁၀၀ - ခန့်အကွာတွင် ဘုန်းကြီးကျောင်း တကျောင်းနှင့်ကပ်၍ မြို့အုပ်ရှိလေသည်။ ထိုဘုန်းကြီးကျောင်းနှင့် ဆက်၍ထောင့်မှန် (Right angle) ကျကာ၊ ၁၅ - ပေခန့်မြင့်သော အုဌ်တံတိုင်းကြီး လေးဘက်လေးတန်ခြံရံလျက်၊ စေတီငယ်များအလယ်တွင် ရွှေရောင်တပြောင်ပြောင်တောက်နေသော စေတီတော်ကြီး တဆူနှင့် သပ်ရပ်ခမ်းနားသေား ဇရပ်တန်ဆောင်း ကျောင်းကန်များရှိလေသည်။ ထိုမှ မြောက် မလှမ်းမကမ်းတွင်ကား အိမ်ခြေ ၁၀၀ ရာကျော် ရွာတရွာရှိပြန်လေသည်။ ထို ရွာများအနက် ရွာကြီးသဘွယ် အိမ်ကောင်းအများဆုံးနှင့်ဆိုင်ကန္နား အတော်တန်ရှိ၍၊ စာရေး စာချီ မြို့အုပ် ရှေနေ ကုန်သည် များနေ ကြသောရွာကား၊ ဆိုခဲပြီးသည့် သဲချောင်းကြီးအနောက်ဘက်ကမ်း တောင်ကုန်ပေါ်တွင် တည်လျက်ရှိသော ရွာပင် ဖြစ်လေသည်။ ထိုရွာကို နက်မောက် ဟူ၍၄င်း တောင်ရွာ ဟူ၍၄င်း ခေါ်ကြ လေသည်။ ထိုရွာကို သမိုင်းစာအရကား ပီဠိယက္ခမင်း တည်ထောင်သွားသည်ဟု ဆိုလေသည်။ သို့သော် ကျွန်တော်၏ဘေး မှတ်တမ်းအရကား ပုဂံခေတ် နော်ရထာမင်းစော အချိန်ခါလောက်တွင် ထိုရွာကို စတင်တည်ထောင်ခဲသည်ဟု မှတ်သားဘူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တရွာလုံးရှိ အိမ်ဝိုင်းများအနက်၊ အကျယ်ဆုံးအိမ်ဝိုင်းကြီးထဲတွင် ဧရာမအိမ်ကြီးရှိလေသည်။ မူလက ဆင်တရပ်ခန့် ဝင်နိုင်အောင် မြင့်၍ အဆောင်ပေါင်းများစွာရှိသော်လည်း ထိုအခါကား အတောင် (ဆောင်) ရှစ်တောင်ခန့် မျှရှိတော့သည် အိမ်အမြင့်မှာလည်း သုံးပေခွဲမျှသာရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးဗမာမင်း လက်ထက်က နတ်မောက်မြို့၊ မြို့သူကြီးအိမ်ပင်ဖြစ်လေသည်။ ယခုကားအိမ်မရှိတော့င်္ပြီ။ ထိုအိမ် နောက်ဖေး အဆောင်ငယ်တွင် ကျွန်ုပ်အားဖွားမြင်ခဲလေသည်။ ကျွန်တော်ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နက်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနယ်ငယ်မျှမြို့ မဆန်ဘဲ၊ တောရွာစုကြီး တရွာမျှသာဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံတဒေါက်ဒေါက်၊ နေ့လည်နေ့ခင်များတွင် ယက္ကန်သံတချွင်ချွင် ကြားရ တုန်းပင်ရှိလေသည်။
အချိန်က ၁၉၁၅-ခု ၊ဖေဖေါ်ဝါရီ ဖြစ့်၍ ပဌမ ကမ္ဘာစစ်ကြီး၏ဒုတိယနှစ်ထဲပင် ဖြစ်ပေသည် ။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်အခါ ဖြစ်လေသည်။ အနောက် စစ်မျက်နှာပြင်ဟုခေါ်သော၊ ပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌ကား၊ ပဌမအကြိမ် တိုက်ပွဲကြီးများမှာ မပြီးမဆုံးနိုင်သော သောင်မတင်ရေမကျ၊ ရှေမတိုး နောက်မဆုတ် အခြေအနေပင်ဖြစ်လေသည်။ အရှေမျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား မဆူရိရာနှင့် ဝါဇနစ်ဇှူ စစ်ပွဲကြီးများ ဖြစ်ပွားလျက်ရှိကြသည်။ ထိုနှစ် ဖေဖေါ်ဝါရီလ ၁၃ - ရက်နေ့ ၁၂၇၆ -ခု တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက်လင်းအားကြီး အချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပဌမဆုံး ရောက်ရှိ လာခဲ့ရပေသည်။ ဖေဖေါ်ဝါရီလ ၁၃ - ရက်နေ့ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီး ကီရို၏ ဟောပြောချက် အရ ဆိုလျှင်၊ တိုင်းပြည် တပြည်၏အစိုးရ ထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများကို မွေးဖွားတတ်သော ဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်း ကလေးဖြစ်သည်ကို၊ ထိုအခါက မည်သူမျှ ထူထူခြားခြား ထည့်သွင်းစဉ်စားခြင်း မပြုကြခဲ့ချေ။

ဆက်လက်ဖေါ်ပြပါဦးမည် ......
No comments:
Post a Comment