Sunday, July 26, 2009

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် .... (အပိုင်း - ၂)


ဘ ကိုကြီးရေးသည်

ဧရာဝတီ သင်္ဘောအောက်ထပ် စက်ခန်းဘယ်ဖက်ဘေးတွင် ထိုင်စရာနေရာ ခင်းလိုက်သည်။ ဝယ်လာသော လိမ္မော်သီး ၅ လုံးတွဲ ခြင်းငယ် ၂ခုကို စက်ခန်းသံဇကာမှာ တွဲချည်လိုက်သည်။ ခရီးတခုခုမှ ပြန်လာတိုင်း စားစရာ ဝယ်လာတတ်သော အဖေ့ကို သတိတရ ရှိလိုက်သေးသည်။
- ဟဲ့- ကလေး လိမ္မော်သီး ဘယ်လိုဝယ်ရလဲ၊
- တလုံးကို ပြားလေးဆယ် ဆယ်လုံးဈေးက ၃၅ ကျပ် ကြီးမေ၊
နဘေးမှမေးလာသူ အဒေါ်ကြီးအား အဖြေပေးရင်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။
- အင်း… ဈေးတွေကလည်း တက်လာလိုက်တာနော် ..
- ဘာလို့လဲကြီးမေရဲ့
- ပြီးတဲ့တပတ်ကဘဲ ရန်ကုန်ကို ဘဲဥလာရောင်းရင်း အိမ်ကအဖိုးကြီးအတွက် ဓါတ်စာဝယ်သွားသေးတယ်။
အဲဒီတုံးက တလုံး တမတ်ပဲ ရှိသေးတာ၊ ခု ကြည့်စမ်း တပတ်ထဲ ဆယ်ပြားတက်လာပြီ…
- ဒါကတော့ ကြီးမေရယ် သူတက်ကိုယ်တက်ပေါ့ မဟုတ်ဘူးလား၊ ခုကော ဘာလာရောင်းတာလဲ
- ဒီတခေါက်လဲ ဘဲဥပါဘဲ၊ ဇော်စိမ်းပန်းနဲ့ ဇော်ကြားပါ နဲနဲယူလာခဲ့တယ်လေ၊ အမ်မယ်လေးလေး ကိုယ်အလှည့်ကြတော့ မမြတ်ပါဘူး၊ မရှုံးအောင်တောင် မနဲ ပြူးနေရတာ။ ဒါပေါ့ ခုဘဲဥတွင်မကဘူး ပန်းပါရောင်းနေရပြီ၊ ဒီလိုဈေးတက်တယ်ကြားတာနဲ့လေ
- ဟုတ်ကဲ့
- ကိုယ့်ကို ဘဲဥသွင်းတဲ့သူတွေက ဈေးတက်ပေးဖို့တောင်းကြတာ မောင်ဟိုနင်းရဲ့၊ သူတို့က တခါမှခရီးမထွက်ဘူးဘဲ လေသံကြားနဲ့ ဈေးတိုးတောင်းတာ ဒီမှာကတော့ ခါးကျိုးတော့မယ်။
- ဒီမှာ ဘယ်ဈေးသွင်းရလဲ
- ၂၁ ကျပ် သွင်းရတယ်၊ ရန်ကုန်က လူလည်တွေက ထိုင်ရာမထ ၁၀၀ ကို ၁ ကျပ် ၁ ကျပ်ခွဲ စားနေတာလေ အံ့ရောတော်..
သူအံ့သြ သလို ကျွန်တော်လည်း နဲနဲ အံ့သြ သွားသည်။ ဘဲဥတောင်မှ တလုံး တမတ် ဖြစ်လေပြီဟု တွေးမိသည်။ ဌာနမှာ အလုပ်လုပ်နေစဉ်က ဌာန လုပ်သားမက်စ် မှာသာ ထမင်းစားခဲ့သည်မို့ ဈေးတွေကို မသိတော့သော်လည်း အရင်က ဘဲဥတလုံးဆယ်ပြား ငါးမူးဖိုး ခြောက်လုံးရခဲ့သေးတာ သတိရမိသည်။ သင်္ဘော ဥသြ ဆွဲပြီ၊ ဆိပ်ကမ်းမှ ထွက်တော့မှာမို့ ကိုယ်ရှေ့မှ ဘုံလုံတိုင်တွင် ချည်ထားသော ကြိုးကို သင်္ဘောသားတွေ လာဖြုတ်နေသည်မို့ နဲနဲရှောင်ပေးထားရသေးသည်။ တဆက်ထည်းပင် တွံတေးသိန်းတံ၏ စိုးမိုးမေတ္တာထဲမှ ကိုသိန်းတန် ကိုသိန်းတန် စိုး သင်္ဘောပေါ်တက်ခဲ့မယ် ဆိုသော ဇာတ်ဝင်ခန်း အသံကို ပြန်လည် ကြားယောင်မိပြီး ပြုံးရသေးတော့သည်။
ဧရာဝတီ သင်္ဘောကတော့ စတင်ထွက်ခွာခဲ့ပြီ၊ ညနေ ၃နာရီလောက်ဆိုရင်တော့ ကိုယ့်မြို့ ကလေးဆီ ရောက်တော့မည်။
- ကြီးမေ အိပ်ချင်ရင် ကျွန်တော့် နေရာပါ ယူအိပ်လေ။
- အေးကွယ် အသက်လည်းထောက် ပင်လည်းပင်ပန်း ဆိုတော့ အိပ်ငိုက်ပြီကွယ်၊ သာဓုပါ
ကိုယ်ကတော့ ဘုံလုံတိုင်ပေါ်မှာထိုင်ရင်း ခင်းထားသည့် နေရာကလေးကိုတော့ ဈေးကြို အဒေါ်ကြီးအား ပေးလိုက်သည်။ သဘောင်္စီးရင်း ဘုံလုံတိုင်ပေါ်မှာ အိပ်ငိုက်ရသော အရသာဟာ ဒီလို အခိုက်တွင်သာ ရနိုင်သည်ဘဲ။ ခုကတော့ နေ့လည်ခင်းကြီးမို့ အိပ်တော့မငိုက်၊ ထိုင်ရင်း ဟိုကြည့် ဒီကြည့် အတွေးတွေကိုသာ ဖြန့်ထားလိုက်သည်။ ဒီခရီးနဲ့ ဒီမြင်ကွင်းတွေဟာ အဆန်းတကြယ်တော့ မဟုတ်၊ ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ ရန်ကုန်ဆိပ်ကမ်း မြစ်ပြင်ကျယ်ပေါ်မှ သဘောင်္ ကြီးငယ်တွေ၊ ဘိအင်ဂျင်သံ တဒိုင်းဒိုင်းပေးပြီး ဆိပ်ကြီးခနောင်တိုနဲ့ ရန်ကုန် ဆိပ်ကမ်း လူးလာပြေးလွှားနေတဲ့ ငှက်ကူးတို့ ကလေးတွေဟာ ဒီမှာဖက်မတော့ ကရိန်းတိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ ရန်ကုန်ဆိပ်ကမ်းရယ် ရွှေတိဂုံ စေတီတော်ရယ်ကို နောက်ခံပြုပြီး ရွေ့လျှားနေလေရဲ့၊ ဟိုမှာဖက်ကမ်းမတော့ တောတန်းလေးကြားက ခေါင်းပြူနေတဲ့ ဆိတ်ကြီးခနောင်တို လှေဆိပ် နဲ့ သီလဝါ မီးပြကို နောက်ခံပြုပြီး အဆုန် အဆန် ကူးလူးနေပုံ သဘာဝ ပန်ချီကားဟာ ဒီခရီးမှာ မြင်နေကျပါဘဲ။ နေ့ခင်း ခရီးမှာတော့ လှုပ်ရှားသက်ဝင်မှုတွေနဲ့ ဒီမြင်ကွင်းဟာ ညခင်းခရီးမှာ ဆိုရင်တော့ မီးရောင်တွေနဲ့ ရွှေရောင်ဝင်းမှည့် နေတဲ့ ရွှေတိဂုံစေတီတော် နောက်ခံ ရန်ကုန် ဆိပ်ကမ်းရဲ့ မီးရောင်စုံ အလှနဲ့ ဆိုတော့ တမျိုးတဖုံ လှပေတာဘဲဟုလည်း တွေးမိသေးတော့သည်။
ရန်ကုန်ဆိပ်ကမ်းက တဖြေးဖြေး ဝေး၍ ကျန်ခဲ့ပြီ၊ တွံတေးတူးမြောင်းနှင့် လှိုင်မြစ်တို့ဆုံသည့်နေရာ အရောက် ရေဝဲရှိရာနေရာမှာ သင်္ဘောအင်ဂျင် စက်ရှိန်မြင့်လာသည်။ ခရီးသည်တွေ လှုပ်ရှားလာပြီး ရေဝဲကို ထကြည့်ကြသည်။ ထိပ်လန့်သလို ရှိသော အသံများ အီခနဲ ထွက်ပေါ်လာသည်၊ တခေါက်တခါသာရောက်ဖူးသုများအတွက်တော့ ဤ၀ဲသည် အသဲတုန်စရာဖြစ်သော်လည်း ကျွန်တော့်အတွက်တော့ အဆန်းတကြယ်မဟုတ်တော့ ဒီခရီး ဒီနေရာမှာ ဖြစ်နေကျပင်၊ ဟိုအရင်နှင့် အခု ဘာမျှ ကွာခြားတာမရှိပေ။ ဧရာဝတီသင်္ဘောက ဆက်လက်ခုတ်မောင်းလာခဲ့ပြီး များမကြာခင်ပင် တွံတေးမြို့ သို့ ရောက်တော့မည်။ တွံတေးတွင်တော့ ဧရာဝတီက ၅ မိနစ်လောက် ဆိုက်ကပ်ရပ်နားလေဦးမည်။ တနာရီ ရေမိုင် ၂၀ နှုံးဖြင့် ဧရာဝတီ သဘောင်္ကြီးက မှန်မှန်ချီတက် လာခဲ့သည်။ အရှေ့ ဝေးဝေး တပြလောက်မှာ တွံတေးမြို့ကိုလှမ်းမြင်နေရလေပြီ၊ ဧရာဝတီပေါ်မှ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်လာပြန်သည်။ တွံတေးမြို့တွင် ဆင်းကြမည့် ခရီးသည်များက အထုပ်အပိုးတွေ သိမ်းဆည်းနေပြီး တချို့ကတော့ သင်္ဘောဘေးဘယ်ညာ နှစ်ဖက်သို့ ထလာကာ အရှေ့ဆီသို့ မျှော်ကြည့်နေကြ၍ သင်္ဘော အနည်းငယ် လူးသွားရသည်။
- ဟဲ့ မောင်ဟိုနင်း တွံတေးရောက်တော့မလား၊
- ဟုတ်ကဲ့ ရောက်ခါနီးပြီဗျ
- အင်း.. ခုမှဘဲ ခေါင်းနောက်နေတာ နဲနဲပြေပေတော့တယ်
ပြောပြောဆိုဆိုပင် အိပ်နေရာမှနိုးလာသော အဒေါ်ကြီးက နံဘေးတွင် လာပြီး မျက်နှာသစ်နေလေသည်။ တွံတေး ဖက်သို့ လှမ်းကြည့်ဲပီး
- ဟော ဟော လာနေကြပြီကွဲ့
- ဟုတ်ကဲ့
အရှေ့ မြစ်ပြင်ထဲတွင် လှေငယ် ၁၅ စီးခန့် ဧရာဝတီ သင်္ဘောဆီသို့ ဦးတည်၍ မြစ်ကမ်းဘေး နှစ်ဖက်ဆီမှ အပြင်းအထန်လှော်ခတ်လာကြသည်။ ဤနေရာရောက်တိုင်းပင် စိုးရိမ်စိတ်၊ တက်ကြွရွှင်လန်းစိတ်၊ ကြင်နာ၊ စာနာစိတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရဘူးလှပြီ။ ဒီဖက်ပိုင်း ရေလမ်းခရီးတွင်တော့ ဒီမြင်ကွင်းမျိုး ၂ ခု မရှိချေ။ သူတို့သည် တနာရီ ရေမိုင် ၂၀ နှုံး ဖြင့် ပြေးလွှားနေသော ဧရာဝတီ သင်္ဘောကြီးအား အမိဖမ်းကြမည့် ဈေး တံငါသည်များ၊ တနည်းအားဖြင့် ရေပြင်ကျယ်တွင် သင်္ဘောကြီးကိုဖမ်းမည့် လှေငယ်တံငါသည်များ။ သန်မာ ဖြတ်လတ်သော ယောက်ျားသား ၂ ဦး စီ ဦးတတက် ပဲ့တတက် လှော်ခတ်၍ လှေလည်တွင် ဈေးသည် ၁ဦး ၂ ဦး စီ စီးနင်းလာသော လှေငယ်များသည် ဧရာဝတီ သင်္ဘော၏ ဘေးသို့ ချည်းကပ်နိုင်ရန် အမြင့်ဆုံး အလျှင် များဖြင့် ပြေးဝင်လာကြသည်။ သင်္ဘောထိုးခွဲ၍ ဖြာထွက်သွားသော လှိုင်းလုံးများကို ဖီလာဖြတ်ကာ သင်္ဘောဘေးသို့ ကပ်ဝင်လာသော ပဌမဆုံးလှေမှ ဦးစီးသည် ၃ ပေခန့် မြင့်သော သင်္ဘော ကုန်းပတ်ပေါ်သို့ လှိုင်းအရှိန်နှင့် လှေအရှိန်ကိုယူကာ ဖြတ်ကနဲ ခုန်တက်လိုက်သည်။ သင်္ဘောပေါ်မှ ခရီးသည်တို့၏ စိုးရိမ်သံများ ဘုရားတသံများက အီကနဲ ထွက်လာသည်။ တပါတည်းကိုင်လာသော လှေကြိုးကို သင်္ဘော ထရံထောင်တိုင်တွင် ဆက်ကနဲ တပတ်လည် ပတ်လိုက်ပြီး လှေရှိန်ရပ်စေရန် ကိုယ်ကို နောက်သို့ယိမ်းကာ ဂွဲသတ် တောင့်ပေးလိုက်သည်။ သင်္ဘောအရှိန်က လှေငယ်ကို ဆောင့်အဆွဲတွင် ရေလည်သို့ ယိမ်းထားသောကိုယ်လုံးသည် သင်္ဘောနံကာသို့ ကြိုးဆွဲသောအရှိန်နှင့် ကပ်ဝင်လာသည်၊ ထိုအရှိန်နှင့်ပင် လက်ရန်းတန်းများကိုကျော်ကာ သင်္ဘောအတွင်းသို့ ဖြတ်ကနဲ ခုန်ဝင်၊ ကြိုးစကို ဆွဲဆွဲယူလိုက်ပြီး လှေငယ်အကွာအဝေးကို ချိန်ယူလိုက်ကာ ပဲ့ပိုင်းသို့ပြေး၍ ပဲ့ပိုင်းကာတန်းနှင့်လှေကို တွဲချည်လိုက်သည်။ နောက်လှေများကလည်း တစီးပြီးတစီး ကပ်ဝင်လာသည်၊ ခရီးသည်တို့၏ ဘုရားတသံ ထိပ်လန့်သံများ ကလည်း အီကနဲ အီကနဲ ညံစီသွားတော့သည်။ ခဏတာ အတွင်း ပဲ့ပိုင်းမှ တက်လာကြသော ဈေးသည်တို့၏ ဈေးခေါ်သံများ အစာစာ ပေါ်လာတော့သည်။ ၁၅ မိနစ်၊ မိနစ် ၂၀၊ စာမျှသာ ဈေးရောင်းရရေးအတွက် စွန့်စွန့်စားစား တက်လာကြသော်လည်း တပြားတချပ်ဖိုးမျှ မရောင်းလိုက်ရသူများလည်း ရှိလေသည်။ ဒီတစီးမှာ မရောင်းရတော့လည်း နောက်အစီးတွေမှာတော့ ရောင်းကြရပေမပေါ့ ဟုသာ ဖြေတွေးလေး တွေးပေးရုံမှလွဲ၍ ကိုယ်တိုင်လည်း ဘာမျှ မတတ်နိုင်သော အခြေအနေများပါပင်။

ဆက်လက်ဖေါ်ပြပါမည် …….

No comments:

Post a Comment