Monday, October 5, 2009

ဆိုကရေးတီး ရဲ့ အဆိပ်

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် (အပိုင်း ၄ )


ဘ ကိုကြီးရေးသည်

အိမ်နားရောက်လေ ရင်မှာ ဖိစီးမှု တခုဖြစ်လာသလို ခံစားရသည်။ ထိုခံစားမှုက ဘာရယ် အသေချာ မသိသော်လည်း အပြစ်မကင်းသော ကိုယ့်ကိုကိုယ် သိသည့်စိတ်က နိုးဆော်ထားမှန်းလည်း သိနေမိပြန်သည်။ သုံးနှစ်ကျော်မျှ မိသားစုနှင့် ခွဲခွာခဲ့ချိန် အတွင်း သာကြောင်းမာကြောင်း ကလေးမျှ စာတစောင် ပေတဖွဲ့ မရေးမိ အကြောင်းမကြား ဖြစ်ခဲ့သော ကိုယ့်လိုအပ်ချက်တွေကို နောင်တရနေမိသည်။ အိမ်နားအရောက်မှာတော့ အိမ်ရှေ့ကိုထွက်ကြိုနေသော ကြီးဒေါ်ကြီးကိုတွေ့ရသည်။
- ဟယ် မောင်လွင်ရယ် အကြောင်းမကြား ဘာမကြား သေမှန်းမသိ နေမှန်းမသိ၊ နေနိုင်လိုက်တာဟယ်၊
- ဘာပူစရာလဲ အကြီးရာ အကြီးတူ သံမဏိဘဲဟာ၊ အချိန်တန် အိမ်ပြန်လာမှာပေါ့၊
- အေးလေ ပြန်ရောက်ခါမှ ရောက်ပေါ့၊ တကထဲဟယ် .. နေနိုင်ထာ၊ တနှစ်နေလို့ သာကြောင်းမာကြောင်းလေး စာတစောင်လောက် ရောက်ဆို ဟုတ် ဟုတ်သေးတော့၊ မဟုတ်ဘူးလား မောင်ဝင်းသိန်းရဲ့၊
- ဟုတ်တယ် အကြီးရ ဒီကောင် အတော်နေနိုင်တာဘဲ၊ လာတုန်းဆူထားမှ၊
- ဝက်မ အကြီးကိုထောင်ပေးမနေနဲ့၊ အဖေရှိနေလား အကြီး၊
- ရောက်နေပြီ၊ အမြင့်လည်း အစောလေးကတင် ကျောင်းကပြန်ရောက်လာတာ၊
အဖေ့ကို မွေးချင်းများနှင့် ဆွေမျိုးတသိုက်လုံးက နာမည်အဖျားစွတ်ပြီး အမြင့်၊ အမြင့် ခေါ်ကြသည်။ ငယ်စဉ်ကတော့ အဖေ့ကို မိန်းကလေး နာမည်တွေခေါ်သလို ခေါ်နေတာ လုံးဝ မနှစ်ချိုက်ခဲ့၊ အရွယ်လေးနဲနဲရ နယ်ဝေးမှာ မိသားစု ဆွေမျိုးနဲ့ခွဲခဲ့ချိန်မှသာ မိသားစု မေတ္တာတွေကို နားလည်လာရသည်။ အဖေက မွေးခြင်းထဲတွင်ကော တဝမ်းကွဲမွေးချင်း များတွင်ပါ အငယ်ဆုံး ဖြစ်လေသည်မို့ ချစ်စနိုးခေါ်ကြလေမှန်း သိလာရသည်။
- ငါလည်းပြန်တော့မယ် ဝင်းလွင်၊ ညဘယ်အချိန် လာခဲ့ရမလဲ၊
- ဟဲ့ ပြန်မှာလား၊ မင်းတို့မလဲ မောင်လွင်ပြန်လာမှ မျက်နှာတွေ့ရတော့တာ ဘဲကိုး၊
- ပြန်ရမယ်အကြီး၊ ဈေးကြိုပေးရဦးမှာ၊
- အေး ည ၇ နာရီခွဲလောက် ထွက်လာမယ်၊ ကျန်တဲ့ကောင်တွေပါ ခေါ်လာကွ နော..
- အေး ပါကွာ ခုလောက်ဆို ဟိုကောင်တွေလဲ မင်းပြန်ရောက်တာ သိလောက်ရောပေါ့ ၊
အိမ်ပေါ်မှာတော့ အဖေ ရေနွေးကြမ်းတအိုးနှင့် ထိုင်နေသည်ကိုတွေ့ရသည်။ ဘုရား ဝတ်ဖြည့်ပြီး အကြီးနှင့် အဖေ့ကို ဦးချ ကန်တော့လိုက်သည်။ ဒါလည်း ခရီးဝေးပြန်ရောက်တိုင်း ပြုနေကျ ပင်။
- ခွင့်ဘယ်လောက်ရလာလည်း၊
- ခွင့်မဟုတ်ဘူး အဖေ၊ ခုက ဒေးဆော့ နားရက် တလ ရလာတာ၊
- ဒါဆို မင့်း အရင်နှစ်တွေကကော၊
- လစာမပျက် နားရက်က ပါမစ်နစ် ဖြစ်မှ ရတာအဖေ၊ အရင်က နေ့စားလရှင်းဘဲ၊
- ဟ၊ ဟန်ကျသားကွ မင့်းအလုပ်က၊ ဘယ်တွေမှာရောက်ခဲ့လဲ၊ ခုက ဘယ်ကနေပြန်ခဲ့တာလဲ၊
- ရောက်တာတော့ အစုံဘဲ အဖေ၊ ရွှေပြည်သာ၊ နိဗ္ဗာန်၊ ပြည်၊ အခုက ချောက်ကနေ ပြန်လာခဲ့တာ၊ ရော့ ဒီမှာ အကြီး ၊
- ဟဲ့ ဘာအိပ်တုံး ..
- ပိုက်ဆံဘဲ အကြီး ၂၅၀၀၊ ဟိုကလေးတွေ ဘယ်ရောက်နေလဲ အကြီး တယ်ငြိမ်နေပါလား၊
- ဟဲ့ ဌေးလာတာပေါ့လေ၊ မင်းညီတွေတော့ ကျောင်ကပြန်လာပြီး ရေသွားချိုးနေကြတာ၊ သိတာနဲ့ ပြေးလာကြမှာပါ၊ ခေါက်ဆွဲများ ဝယ်လာသေးတယ် ထ္မင်းစားချိန်ကြီးမှန်း သိသားနဲ့ အပိုကုန်အောင် လုပ်တယ်နော်၊
အကြီးကိုတော့ ဘာမှပြန်မပြောဖြစ်တော့၊ ဒီလိုပြောလေဦးမည်ဟု သိပြီးသားမို့ အသာငြိမ်နေတာက ပိုပြီး ကောင်းလေမည်၊ သို့မဟုတ်လျှင် အပြစ်တင်စကားတွေ အမျှင်ဆက်လာချေဦးမည်ပင်။ စကားလက်စ မသတ်ခင်မှာပင် ကလေးတသိုက်၏ စီစီလောင်လောင် အသံတွေ ကြားနေရသည်။ အဖေကတော့ ခတ်ပြုံးပြုံးပင် ကြည့်နေလေသည်။
- ဟော ဟော ပြောရင်းနဲ့ လာကြပါပြီ စီလောင်မာကြွက်တို့ တတွေ၊ ဟဲ့ နင်တို့ အကိုကြီးပြန်ရောက် နေပြီဟဲ့၊
- ကိုကြီးရေ.. ကိုကြီးရေ
အော်ရင်းဟစ်ရင်း အိမ်ပေါ်ကို အပြေးတက်လာကြသော ညီတွေညီမတွေ၊
- ဟဲ့ ဟဲ့ ရေစိုတွေသွားလဲကြဦး တကထဲတော် …
- ဟာ … ရေတွေဘယ်လောက် ငုပ်လာလည်းကွာ မျက်စိတွေလည်း နီနေကုန်ပြီ၊ အငယ်မကတော့ ခုထိ ပုတုံး သေးတုံးဘဲ နော်၊ မင်းကတော့ ကိုကြီးကိုတောင် မှီနေပါရောလားဟ၊
- ကိုကြီး ဘာတွေဝယ်လာလဲ၊ စားစရာဘာဝယ်လာလည်း၊
- ပါတာပေါ့ အကြီးလုပ်ပေးလိမ့်မယ်။
- အင်းလေ .. ဘာတွေလဲလို့ဆို ၊
- ဟယ် .. ပြောနေရင်းနဲ့တောင် အမေးထူနေသေးတယ်၊ စကားဖေါမနေကြနဲ့ အဝတ်မြန်မြန်လဲ၊ ထမင်းစားဖို့ပြင်ရမယ်၊ မောင်လွင်လဲ ရေချိုးလိုက်ဦး၊ ဒီမှာဘဲချိုးလိုက်တော့ ကမ်းနားကို မဆင်းနေနဲ့တော့၊
အကြီးရဲ့ ဒီလိုလေသံတွေလဲ မကြားရတာ ကြာတောင့်ကြာလှနေပြီ၊ ရေမိုးချိုးပြီး ခဏနေတော့ မိသားစု ထမင်းဝိုင်း ဖွဲ့ကြတော့သည်။ ဒီလို မိသားစု စုံစုံလင်လင် ဝိုင်းဖွဲ့ မစားရတာ အတော်ကြာခဲ့ပြီမို့ စိတ်ထဲမှာ ရွှင်လန်းနေမိတော့သည်။ မိသားစုတခုလုံး စုံစုံညီညီ နှင့် လက်ရေတပြင်စီး နေခဲ့သော ကာလတွေကို ထားရစ်ခဲ့ပြီး ကိုယ်စိတ်ကိုယ့်ကိုယ် နေလာခဲ့စဉ်ကတော့ ဒီလို အခြေအနေတွေကို တခါမျှ ပြန်လည် လွမ်းဆွတ်ခဲ့ခြင်း မရှိခဲ့ပါဘဲလျှက် ခုလိုအခြေအနေကို ပြန်လည် မဖဲခွါ လိုတော့သလိုပင် ဖြစ်နေရသည်။
ညနေခင်းမှာ မြို့ငယ်ကလေးက တိတ်ဆိပ် ညိမ်သက်နေသည်။ တလျှောက်လုံး တာဝန်ကျခဲ့ရာ အညာမြေနှင့် မြေလတ်ဒေသများဆီ မှာတော့ ကားသံ တဝီဝီ လူသံတစီစီ နှင့် လှုပ်ရှားနေလေမည်။ ကိုယ့်မြို့ ကလေးကတော့ အေးချမ်းသည် ခေါ်ရလေမလား သက်ဝင်လှုပ်ရှားမှု မရှိဘူး ပြောရလေမလား၊ မည်သို့ပင် ဆိုစေ အေးချမ်း ဆိပ်ငြိမ်နေတာတော့ အမှန်ပင်။ မြို့ကလေး၏ အသက်ဝင် လှုပ်ရှားနေရာ အပိုင်းကတော့ သင်္ဘောဆိပ် တဝိုက်မျှသာ ဖြစ်လေသည်။ ဈေးနှင့် သင်္ဘောဆိပ် အပိုင်းမှလွဲလျှင် ကျန်ရပ်ကွက်များကို မြို့ပြ အခင်းအကျင်းဟု ပြောလို့ ရစရာ အကြောင်းမမြင်သော မြို့ကလေးပင်။
ကလေးတွေ မေးသမျှဖြေ ၊ အဖေတို့ အကြီးတို့နှင့် စကားစမည်ပြောရင်း ညနေခင်း အချိန်တွေကို ကျော်လွန်စေပြီး သူငယ်ချင်းတွေ လာခေါ်ချိန်ကို စောင့်နေလိုက်သည်။ ဒီညတော့ မြို့ကလေးရဲ့ လ္ဘက်ရည်ဆိုင် ရင်ခွင်တွေဆီ ပြန်လည် ခိုဝင်ဖြစ်လေဦးမည်။ မြို့ကလေးမှာ ကျောင်းသားဘဝက ထိုင်ခဲ့သော ဆိုင်တွေ ရှိနေလေဦးမည်လား၊ တွေးနေမိသေးသည်။ မြို့ကလေးရဲ့ အနေအထားကတော့ ပိုမို အိုဟောင်းလာတာ အပြင် အသစ်၊ အသစ်သော ပြောင်းလွဲတာတွေတော့ ထင်သာမြင်သာ မရှိပေ။

အခန်း ( ၅ )
- ငါ မော်လမြိုင် သွားမယ်၊ ဘယ်သူ လိုက်မလဲ၊
- လိုက်တော့ လိုက်ခြင်သားကွာ၊ ဟိုမှာ ဘာသွားလုပ်မှာလည်း၊ အလုပ်ရှိနေပြီလား။
- ဘာမှတော့ သေချာ မသိသေးဘူး ဟိုမှာ ဘော်ဒါတယောက်ရှိနေတယ်၊ ဟိုရောက်မှ အခြေအနေကြည့်လုပ်ရမှာဘဲ။
- တို့နဲ့တော့ ဖြစ်မယ်မထင်ပါဘူးကွာ၊ ဒီမှာလဲ အလုပ်တွေရှိနေတာ။
- ဝင်းသိန်း .. ဝက်မကြီး မင်းလိုက်မလား၊
- ငါတော့ မလိုက်ပါဘူး၊ လိုက်သွားလို့လဲ ဖြစ်မယ် မထင်ဘူးကွာ။
- ဘာလို့လဲဟ၊
- အေး .. သူ့ အဖေက ကျန်းမာရေး မကောင်းတော့ဘူး၊ ဒီကြားထဲ သူ့ညီက မိန်းမခိုးလာခဲ့ပြီး အိမ်ပေါ်မှာ။ တောက လယ်ထောက်ခတွေရယ်၊ သူ့လုပ်စာရယ်ဘဲ ရှိနေတော့တာ။
- ဒါဆို မင်းကကော …
- ဟားဟားဟား ….. မင်းက ဘာမှ မသိသေးဘဲ ခေါ်ခြင်နေတာကိုးကွ၊
- ဘာဖြစ်လဲဟ
- ဒီကောင် မိန်းမယူတော့မလို့ကွ၊
- ဟာ ဟုတ်လား ဟေ့ ယောင်၊
- မဟုတ်သေးပါဘူးကွာ၊
- မဟုတ်သေးပါဘူးဆိုတာ၊ နောက်ဟုတ်တော့မှာ လို့ပြောတာ၊ ခုတော့မဟုတ်သေးဘူးပေါ့၊
- မဟုတ်ပါဘူးကွာ၊ ငါ လ္ဘက်ရည်ဆိုင်ဖွင့်မလို့ကွ၊
- မင်းက ဘယ်မှာဖွင့်မှာလည်း၊ ဆိုင်ခန်းငှားမှာလား၊
- မဟုတ်ပါဘူးကွာ၊ ဆိုင်ခန်းမငှားနိုင်ပါဘူး၊ အိမ်မှာဘဲ ရှေ့ချမ်းကို ပြင်ပြီး ဆိုင်ဖွင့်မှာ၊
- ဒါဆို ငါဘယ်သူ့ခေါ်သွားရပါ့မလဲ၊ ဟို တကောင်ကလဲ မလာသေးဘူးဟ၊
- အေး ဟုတ်တယ်၊ အဲဒီကောင်ကိုခေါ်သွား၊ ဒီကောင် လိုက်ယောင်နေတာကွ၊ ဘာမှ ဟုတ်တိပတ်တိ ဘာမှ လုပ်နေတာမရှိဘူး။
- ဘယ်သူလဲဟ၊ ကျော်သေးကို ပြောနေတာလား၊
- အေး ဟုတ်တယ်။
- အေး ဒီကောင် ဘာတွေလုပ်နေလဲ၊
- မင်း ပါလေရာကြီးကို သိတယ်မဟုတ်လား၊
- အင်းသိတယ်၊ ကြက်ခြေနီလိုက်၊ မီးသတ်လိုက် လုပ်နေတာလေ။
- အေးအခု လမ်းစဉ်လူငယ် ခေါင်းဆောင် သင်တန်းက ပြန်လာပြီး လမ်းစဉ်လူငယ် တီးဝိုင်းခေါင်းဆောင်ဖြစ်နေတာကွ၊
- ဟန် .. ပလွေတောင် အသံထွက်အောင် မမှုတ်တတ်ဘဲနဲ့များကွာ၊
- ဟား ဟား ဟား ဟား ၊ ဟုတ်တယ်လေ၊ ဘာဖြစ်ဖြစ် ခု တီးဝိုင်းခေါင်းဆောင်ကွ၊ မနှစ်က ဘောလုံးကွင်ထဲမှာ ကွင်းဖွင့်ပွဲလုပ်တော့ မင်းကိုမြင်စေခြင်လိုက်တာကွာ၊
- ဘာလို့လဲကွ၊
- ဘင်ခရာဝိုင်းရှေ့ကနေ ကားယားကားယားနဲ့ တုတ်တချောင်း လှည့်လိုက် မြှောက်လိုက် ဖမ်းလိုက် လုပ်နေတာ၊ ကွင်းကို လှည့်ရင်းတို့နားရောက်လာတော့ ညာဘယ် ညာဘယ် ဝိုင်းအော် ပေးလိုက်တာ မင်းကောင် တုတ်လွတ်ကျပြီး အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန်တာပေါ့ကွ။
- ဟား ဟား ဟား တွေ့ခြင်လိုက်တာကွာ၊ အဲဒါ ကျော်သေးနဲ့ ဘာဆိုင်လဲကွ၊
- မင့်း ကောင်က အဲဒီမှာ ဂစ်တာလိုက်တီးနေတာ၊ ပါလေရာကြီး တပည့်ပေါ့ကွ၊
- ဟေ တို့နဲ့ တဲ့တာမှ မဟုတ်ဘဲနဲ့ ဒီကောင်ဘာလုပ်တာလဲဟ၊
- အေး မနှစ်ကဘဲ ရံပုံငွေ တီးဝိုင်း ထောင်မယ် ဆိုပြီး ဂစ်တာတွေ ဘာတွေ ပါလာတော့ ပါလေရာကြီးက ကျော်သေးကို ခေါ်သုံးတာဘဲကွ၊ ကိုယ့် ရပ်ကွက်သား အချင်ချင်း ဘဲ ဘာညာပေါ့ကွာ၊ ဒီလိုနဲ့ ဂစ်တာလိုက်တီးဖြစ်တာ။
- အဲဒါ ကျော်သေးက ဝက်ပိန်ရယ် အပုလေးရယ် တရုတ်မရယ်ကိုပါ ဆွဲထည့်လိုက်ပြန်ရော။
- ဟာ ဒီကောင်တွေကွာ၊ သူတို့ဝိုင်းက တီးရော တီးရလို့လား၊
- ဒီမှာတော့ ဆွမ်းပတ်တွေမှာ အလကားလိုက်တီးတာတောင် အလောင်ခံရလို့ မတီးရပါဘူး။ တောက ဥက္ကဌတွေ အတွင်းရေးမှူးတွေရဲ့ သား သမီးတွေ မင်္ဂလာဆောင်တုန်းကတော့ လိုက်တီးရသေးတယ်။
- ဟေ့ယောင်တွေ ဟိုမှာ လာနေပါပြီဗျာ ကိုကျော်သေး။
- ဟေ့ယောင် ကျော်သေး ဒီကိုလာကွ၊ ညီလေးရေ ပေါ့ကျ ဝမ်း လုပ်ဦးဟေ့၊
- ဟာကွာ မင်းတို့က ငါ့ကိုတောင် မစောင့်နေကြဘူး။
- လာပါ လာပါ ဂီတမှူးကြီး၊ ပါလေရာကြီးရဲ့ ဒဘဲ့၊
- တော်စမ်း ဟိုကောင်တွေ ဘာ ချွန်ထားလဲ။ မင်းတို့ ကောင်တွေ ဘာမှလဲ မသိဘဲနဲ့ ငါက ပါလေရာကြီးကို အသုံးချနေတာကွ၊
- အမ်မာ … ကြီးကြီးကျယ်ကျယ် ဘာတွေများ အသုံးချနေပါလိမ့်နော်၊
- ဒီလိုကွ၊
သူငယ်ချင်းတွေထဲမှာတော့ ကျော်အေးက အကောင်အသေးဆုံး၊ ဒါကြောင့်မို့ ကျော်အေး နာမည်ပျောက်ပြီး ကျော်သေးလို့သာခေါ်ကြသည်။ သူက စပ်စပ်ဆော့ဆော့လည်း နိုင်သေးသည်၊ ဘာလေးဖြစ်ဖြစ် ဝင်လုပ်လိုက်ရမှ ကျေနပ်သူ၊ နဲနဲလည်း ကြီးကြီး ကျယ်ကျယ်ပြောတတ်သူ၊
- ညီလေးရေ ရေနွေးထည့်ပေးဦးကွ၊ မင်းတို့ကလည်းကွာ ရေနွေးမရှိတော့တာမထည့်ခိုင်းဘူး ..
- အေးပါ၊ လုပ်စမ်းပါဦး မင့်း အသုံးချပုံကိစ္စ ၊
- ဒလိုကွ ၊ သူတို့ တီးဝိုင်းက ဘာမှတီးရတာမဟုတ်ဘူးလေ၊ ပစ္စည်းတွေကရှိနေတာမဟုတ်လား၊ ဒီတော့ ငါက ဟိုကောင်တွေကိုပါ ဒီရံပုံငွေ တီးဝိုင်းမှာဝင်ခိုင်းလိုက်တော့ တို့ခြေ တို့လက်ဖြစ်တာပေါ့ မဟုတ်ဘူးလား၊ မင်းတို့က ဘာသိလဲ … အခု တို့ အငြိမ့်ထဲမှာလိုက်ပြီး ဂစ်တာတီးတာ ပါလေရာ ကြီးတို့ဆီက ဂစ်တာတွေပေါ့ကွ ဟဲ ဟဲ ဟဲ
- အေးကွ ဒါလည်းပိုင်ပြန်တာဘဲဟ
- ဒလို ကျတော့လဲ တို့ကောင်က ဘယ်ညံ့မလဲ၊
- ဒါပေါ့ကွ မင်းတို့က ဘာမှမသိဘဲနဲ့၊ နေဦး ဟေ့ယောင် ဝင်းလွင်၊ မင်းက ဘယ်ကနေ ကိုယ်ယောင်လာပြတာလဲ၊ မင်းကသွားလိုက်ရင် တမေ့တမောဘဲ၊
- အေးလေ မင်းတို့ကို လွမ်းလွန်လွန်းလို့ ပြန်လာတာပေါ့ကွာ ဟဲဟဲ ဟဲ
- တော်လိုက်တော့၊ မင်းက သတင်းမကြား ဘာမကြားနဲ့ ငါဆို အကြီးကို ရှောင်နေရတယ်၊ တွေ့တာနဲ့ မေးတော့တာဘဲ၊ မင်းတို့ဆီ မှာ မောင်လွင်အကြောင်း သတင်းမရဘူးလား ဘာညာ မေးတော့တာကွာ၊ မင်းကလဲ အတော်နေနိုင်တာကိုးကွ၊
သူငယ်ချင်းတွေက အိမ်မှာ ဝင်ထွက် နေနေကျပင်၊ ကိုယ်ကလဲ ကိုယ်ပင်၊ ထွက်ပြီဆို နောက်ပြန်လှည့်မကြည့်တတ်တဲ့ အကျင့်ဆိုးကလဲရှိနေသေးသည်မို့ ပြောသမျှ ငြိမ်ခံနေလိုက်ရုံသာ ရှိတော့သည်။
- မင်းက ပြန်သွားဦးမှာလား၊ ဒီမှာပြန်မနေတော့ဘူးလားကွ၊
- အဲဒါပြောမလို့ဘဲ၊ ပြန်သွားဦးမှာ၊
- အေးပေါ့၊ အလုပ်ရှိနေတာဆိုတော့ပြန်သွားရမှာပေါ့၊ ပါမစ်နစ် ဖြစ်ပြီဆိုတော့ ထောတာပေါ့ကွ၊
- မဟုတ်ဘူးကွ ဒီကောင်ပြောတာက ဒီတခါ အလုပ်ထဲပြန်သွားမှာမဟုတ်ဘူးတဲ့၊
- ဒါဆိုဘယ်သွားဦးမှာမို့လဲ၊ အလုပ်ပြန်မဝင်တော့ဘူးလား၊
- အေး၊ ငါက မင်းကိုပါ ခေါ်သွားမလားစဉ်းစားနေတာ၊ မော်လမြိုင်ဖက် သွားမလို့လေ၊
- မလိုက်ဘူး ဟေ့ယောင်၊ လုံးဝ မလိုက်ဘူး၊ မင်းဟာက ဘယ်သွားသွား တပျောက်ဘဲ၊
အသည်းအသန် ငြင်းလိုက်သော ကျော်လေးကြောင့် သူငယ်ချင်းတသိုက် ဝိုင်းရယ်ကြရသေးသည်။
- ရီမနေကြနဲ့ ငါတကယ်ပြောတာ၊ လုံးဝဘဲ၊
- မင်းကလဲကွာ ငါနဲ့ လိုက်ရမှာ သူရဲသဘက်နဲ့ လိုက်ရမဲ့အတိုင်းဘဲကိုးကွ၊
- အဲဒီထက်ဆိုးတယ်ကွ၊
- အပိုတွေပြောမနေနဲ့၊ လိုက်သာသွား၊ တို့တောင်လိုက်ခြင်တာ၊
- အေးလေ မင်းတို့လိုက်သွားလိုက်ပေါ့ကွ၊ ပြီးရောပေါ့၊
- တို့က မဖြစ်လို့ပေါ့ကွာ၊ ဒီမှာလဲအလုပ်တွေနဲ့လေ၊
- သြော် …… ငါကတော့ အလုပ်မရှိလို့ပေါ့လေ၊ မင်းတို့ပြောပုံက၊
- အေးလေ ဘာအလုပ်ဟုတ်လို့လဲ၊ မင်းဟာက ၊
- ခုက ဇါတ်ထဲမှာပါလိုက် တီးနေရပြီကွ၊ မင်းတို့က ..
- ကြားပါတယ်ကွာ မင်းဇါတ်ထဲမှာ ဂစ်တာလိုက်တီးတုန်းက အကြောင်းတွေ၊
- ဘာ ဖြစ်လဲကွ လုပ်စမ်းပါဦး၊
- ဒီကောင် အရှေ့ပိုင်းက ဇာတ်ထဲမှာ ဂစ်တာလိုက်တီးတုံးကကွာ …
- ဘာမှမဟုတ်ဘူးဟေ့ယောင် ဇါတ်ထဲကကောင်တွေ ငါ့ဘက်အိပ်ကို ပြဇာတ်ထွက်တော့ အိပ်သုံးစရာမရှိလို့ဆိုပြီးယူသုံးတာ၊ နောက် မနက်လင်းတော့ ရွာထဲက အရက်ဆိုင်မှာ လိုက်ရွေးလိုက်ရတာ၊ ဒီကောင်တွေ ဒါပြောမလို့၊ ငါသိသားဘဲ၊
ဆက်လက် ဖေါ်ပြပါမည် ...

သီတင်း ကျွတ်ပြီ သဟာဆွေ





Sunday, October 4, 2009

အိန္ဒိယမှာ ဒိုင်နိုဆောဥတွေ တွေ့ပြီ


အိန္ဒိယ တောင်ပိုင်းမှာ နှစ် ၆၅ သန်း သက်တန်းမျှ ရှိပြီဖြစ်တဲ့ ဒိုင်နိုဆောဥ ရာနဲ့ချီတွေ့ရှိပြီလို့ ဘူမိဗေဒ သိပ္ပံ ပညာရှင်များက ကြေညာပါတယ်။
ရုပ်ကြွင်းတွေ့ရှိမှု သမိုင်းကို ပြောင်းလဲစေတဲ့ ဒီတွေ့ရှိမှုကို ဒေါက်တာ အမ်၊ယူ ရာမ်ကူးမား ဦးဆောင်တဲ့ အိန္ဒိယ သိပ္ပံပညာရှင်များက အိန္ဒိယ တောင်ပိုင်း တမီလ်း နာဒူး ပြည်နယ် မှာရှိတဲ့ ရှေးဟောင်း မြေအောက်မြစ်ကြောင်းကို တူးဖေါ်စဉ်တွေ့ခဲ့ ကြရတာဖြစ်ပါတယ်။ တူးဖေါ်ရေးသမားတွေဟာ ပုတ်သင်ဥနဲ့တူတဲ့ ဥတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဓါတ်ပုံတွေနဲ့ နမူနာအထောက်အထားတွေကို တက္ကသိုလ်တွေဆီ ပေးပို့စစ်ဆေးစေခဲ့ရာမှာ ဒီဥတွေဟာ ဒိုင်နိုဆောဥတွေဘဲလို့ အတည်ပြုပေးခဲ့ကြပါတယ်။
ဥတွေဟာ ဘောလုံးတလုံးရဲ့ အရွယ်ပမာဏ ၁၃ - ၂၃ စင်တီမီတာဆိုဒ် ဘဲဥပုံရှိပါတယ်။
အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရာမ်ကူးမားက ဘီဘီစီကို ခုလိုပြောပြပါတယ် …
အရေးပါတဲ့ တွေ့ရှိချက်ကတော့ မတူကွဲပြားတဲ့ ဒိုင်နိုဆောတွေဟာ ဒီနေရာမှာ နှစ်အစဉ်အဆက် (သို့) ခေတ်အလိုက် လာပြီး ဥ ဥချထားတဲ့ပုံရပါတယ်။
နောက်အရေးကြီးတဲ့တချက်က ဒီဥတွေမှာ မီးတောင်ချော်သင့် လက္ခဏာတွေနဲ့ မီးတောင်ပေါက်ကွဲမှု လက္ခဏာတွေတွေ့ရှိတာပါ၊ “ဒီဥတွေဟာ မကွဲအက်ဘဲ ပုံမပျက်တည်ရှိနေပါတယ်” ဘာကြောင့် ပုံမပျက်တည်နေနီုင်တာလဲ၊ ကျွန်တော်တို့ ဒီတွေ့ရှိမှုကနေ ဆက်လက် လေ့လာခြင်ပါတယ် ။
ပညာရှင်များကတော့ ဒီဥတွေဟာ သီးနှံစားတဲ့ ဆောရိုပေါ့ မျိုးစိတ် ဒိုင်နိုဆောဥတွေဘဲလို့ ယုံကြည်ယူဆကြပါတယ်။

Ref.
BBC News, Delhi .. By Jyotsna Singh

ခုတော့အိပ်ဦး