Friday, July 17, 2009

ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတိ


ယခင်အပတ်မှ…အဆက်

ဖေဖေါ်ဝါရီလ ၁၃ - ရက်နေ့ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီး ကီရို၏ ဟောပြောချက် အရ ဆိုလျှင်၊ တိုင်းပြည် တပြည်၏အစိုးရ ထီးနန်းတို့ကို ဖြိုဖျက် နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာဟု ဟောထား လေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်း ကလေးဖြစ်သည်ကို၊ ထိုအခါက မည်သူမျှ ထူထူခြားခြား ထည့်သွင်း စဉ်စားခြင်း မပြုကြခဲ့ချေ။
ကျွန်တော် မွေးဖွားသည်နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာ နာမည်မှာ (ထိန်လင်း) ဖြစ်လေသည်။ ကျွန်တော့် အထက် အစ်ကို- ကိုအောင်သန်း နှင့် နာမည်လိုက်အောင် အောင်ဆန်း ဟုခေါ်တွင်ခဲ့လေသည်။ မွေးဖွားစဉ်က မထူးဆန်းလှသော်လည်း။ ထိုင်နိုင် ထနိုင်သော ကလေးဘဝမှ စ၍ ကျွန်တော်သည် ထူခြားခဲ့သည်။ ဂွကျခဲ့သူ ဖြစ်ခဲ့လေသည်လူကြီး မိဘများမှာ ဆွံအ၍ပင်နေသလားဟု စိုးရိမ် ကြောင့်ကြ ခဲ့ရသည်ဟု သိရလေသည်။ အနာ အဖျားထူသည်၊ အစားကြူးသည်၊ အမဲသားငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏မိခင် ဈေးဝယ်သွားရာ ၊ ရံဖန်ရံခါ ကျွန်တော်ကိုချီ၍ သွားလေသည်။ တခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့် မိခင်ကပြန်၍ ပြောပြသဖြင့် သိရပေသည်။ လူရိုင်းဘဝက ကျွန်တော်လာ သလား မသိ ယနေ့အထိ လူရိုင်းသဘောမျိုးနေချင်သည့် စိတ်ထားများရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည် လူရိုင်းကား ကြမ်း၏။ ခက်ထန်၏ သို့သော် ဖြုဖြောင့်၏၊ တည်ကြည်၏၊ လွတ်လပ်၏၊ ကြမ္မာ၏၊ သန်စွမ်း၏၊ ငါ့မြင်းငါစိုင်း ညောင်ကိုင်း ရောက်ရောက်ဆိုသည်ကို ကျွန်တော်ကြိုက်၏။ ကျွန်တော်၏စိတ်တွင် အင်မတန် စိုပြေလတ်ဆတ်သော ဘဝဟုယူဆသည်။ ဗမာပြည်ရှိသည့် လူသည် လူရိုင်းမျိုးဘဝ ရောက်ချင်ရောက်သွားပါစေ လွတ်လပ် ချမ်းသာစွာ ခေါင်ထောင် နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေးဘဝထက်၊ ကျွန်တော်အဆတရာ ကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်း စိုပြေကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ် လပ်လပ် မြုးထူးအော်ဟစ် နေလိုသည်။
ငယ်ငယ်တုံးက ကျွန်တော် အတီးအမှုတ် အကအခုန် အတော် ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏ လက်မှာ ယနေ့တိုင် အချိန်မှန်မှန် လက်ရည်ကွဲကျခဲ့လေသည်။သို့သော် ကျွန်တော် အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီးအမှုတ်ကို ခွင့်မပြု။ နဂိုရ် ဝါသနာ မဟုတ်၍လား မသိ၊ ယခုဤစိတ်မျိုး ပျောက်သလောက် ရှိခဲ့သည်။ ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော စိတ်ရော ပြော့ပျောင်းသည် ဆိုသည့် အချက်ကို သက်သက်နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်းမကြိုးစာချင်၊ ကျွန်တော်ကား စကားပြောလျှင် မဖွယ်ယာ မယဉ်ကျေး အသက် ရှစ်နှစ်ထဲရောက်၍၊ ကျောင်းနေသည့် အချိန်၌ပင်၊ ဘုန်းကြီးကို ဘုန်ကြီးစကားနှင့် မလျှောက်တတ်။ အမူရာလည်းကြမ်း၏။ အလိုက်လည်းမသိ ညစ်လည်း ညစ်ပတ်သည်။ ကိုယ်စည်းကမ်း ဟူ၍လည်း တခုမျှမရှိ။ အသက် လေး ငါး ခြောက်နှစ့် တိုင်အောင် ညအိပ်ယာတွင် သေးပါ၏။ မီးဖိုကို ည ညရှိခိုး၍ အရှင်စဖိုည၊ ကျွန်တော်မ နေ့ ဟု ဆိုခဲ့ရသည်ကို အမှတ်ရသေးသည် ။ အသက် ဆယ့်ငါးနှစ်ထဲ ရောက်သည့်အခါ၌ပင် အခြား အိမ်တအိမ်၌ တည သေးပါဘူး သေးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းမှာ ခြောက်တန်းအောင်၍ ခုနှစ်တန်း အဝင်၊ ကျောင်းအပြန်ဖြစ်သည်။ ကျွန်တော်၏ အကိုအကြီးဆုံးမှာလည်း ၄င်းနှစ်တွင် ဘီ-အက်-စီ-သင်္ချာ ဂုဏ်ထူးတန်းကိုအောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ ကျောင်းတွင် မိမိကျောင်းဟောင်း ဖြစ်သည့်အတိုင်း၊ ကျောင်းဆရာ ဝင်ရောက်လုပ်ကိုင်ရန် ကျွန်တော်နှင့် အတူပင် လာခဲ့ပေသည်။ ထိုအခါ ရေနံချောင်းမြိုသို့ နတ်မောက်မှ သွားသည့် နည်းမှာ၊ တောင်တွင်းကြီးသို့ ရထားစီး။ တောင်တွင်းကြီးမှ မိချောင်းရဲသို့ ကားစီး။ မိချောင်းရဲမှရေနံချောင်းသို့ သင်္ဘောစီး။ သို့မဟုတ်လျှင် မကွေးသို့ ဘတ်(စ်) ကားစီး။ မကွေးမှသင်္ဘေားစီးရလေသည်။ ၂-ရက် ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်းတဆင့် မီးရထား တတန်။ မော်တော်ကား တတန်သွား၍ ရေနံချောင်သို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှ တဆင့်သွားကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူပျို ပေါက်စဖြစ်သော ကျွန်တော်မှာ တစိမ်း တရံဆန် အိမ်တွင် မနေတတ်။ အထူးရှက်တတ်သည်။ မိန်းကလေးနှင့် ဆိုလျှင်သာ၍ပင် ရှတ်တတ်သည်။ ထိုညအိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိရာ၊ ညအိပ်သည့် အခါ မအောက့်နိုင်တော့ဘဲ သေးပါကျလေ၏။ ကျွန်တော်လည်း ပါပြီးမှသိပေသည်။ ဤမျှကျွန်တော်သည် မသိမ်မွေ့။ ညီအကိုမောင်နှမ များထဲတွင် ကျွန်တော်အငယ်ဆုံးဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ်စံချိန်နှင့်ကြည့်လျှင် ကျွန်တော် အလိုလိုက်ခံရဆုံးဖြစ်၏။ အဆိုးဆုံး ဟုလည်း အိမ်နားနီးချင်းပါမက ရွာနီးနားချင်း များကပါ အသိမှတ် အပြုခံရ၏။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် သုံးနှစ်ခွဲ လေးနှစ်မျှသာကွာ၏။ သူနှင့်ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူကားလက်မြန်၏။ ကျွန်တော်ကား အားကြီး၏၊ မချိန်အဆ လက်လွှတ် စပ္ပါယ်လုပ်တတ်သည်။ သူကားနု၏၊ မင်သားကျချေသည်။ ကျွန်တော်ကားကြမ်း၏။ သူသည် အစားအသောက်အနေထိုင်မှစ၍ သပ်ယပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါ၊ မြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစား တော့ချေ။ ကျွန်တော်ကား ကျသွားသော အစာကို ဖုတ်ဖက်ခါ၍ စားနိုင်လျှင်ကောက်စား၏။ သူကား အဝတ်များကို သပ်သပ်ယပ်ယပ် ဝတ်တတ်၏၊ ကျွန်တော်ကား မဝတ်တတ်၊ မြန်မြန်ညစ်အောင် ဖြစ်ကတတ်ဆန်း ဝတ်တတ်၏ ။ သူသည် မြေကြီးနှင့် ကြမ်းများ ပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး၏။ သူကားပါး၏၊ လျင်၏၊ ကျွန်တော်ကား ထူ၏၊ အ၏၊ ကျွန်တော်၏မြို့ကား ရွာသာသာ တောအရပ်ဖြစ်သည်၊ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါ (ကလီဖါး)ခေါ် ဆံပင်ညှပ်ကုလား တယောက်တလေ သာရှိ၏။ သို့ဖြစ်ရာ ၄င်းကလီဖါးမှာ လက်မလည်၊ ကျွန်တော်တို့အား ခေါင်းတုံးရိတ်ရန် တခါတခါ ရိတ်တတ်သည့် အိမ်နီးနားချင်းတို့ကို ခိုင်းရလေသည်။ တခါတခါ ကျွန်တော်တို့ ဘခင် ကိုယ်တိုင် ရိတ်ပေးလေသည်။ ကျွန်တော်၏ ဘခင်ကား ယခု ကွယ်လွန်သည်မှာ (၁၅) နှစ် ကျော်လွန်လေပြီ။ ကျွန်တော်၏ ဘခင်သည် ကျွန်တော်နှင့် အမူအရာ အတော်ဆင်သည်။ တနေ့နေ၍ စကား တခွန် မပြော မျက်နှာထား ဆိုး၏။ ဆိုးရသည့်အထဲ ကျောက်ပေါက်မ များလည် ရှိ၏၊ လောကွတ်မရှိ ဟန်မရှိ၊ ဘာသိ ဘာသာ နေတတ်သည်။ အကိုင် အတွယ် အသွား အလာ အမူအရာ ကြမ်းတမ်း၏၊ ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူး ဖြောင့်စင်း၏၊ စကားတည်၏ အပိုမပြော၊ ထို့ ကြောင့် ရှေ့နေ စာမေးပွဲဝင်ထားသော်လည်း ရှေ့နေ လိုက်၍စားကို ကျွန်တော်တို့ မမှတ်မိ။ ယာလုပ် ကုန်ကူး ငွေချေး၍သာစီးပွားဖြစ်၏၊ စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့ မိခင်၏ ဒိုးတူဘောင်ဘက် ကူညီမှုကြောင့်ပင် ဖြစ်လေသည်။ ကျွန်တော်တို့အားအခြား သူ တဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျွန်တော်တို့ ဘေဘေကား ဒါးမ ထက်ထက်ကို ကောင်းကောင်း မသွေးဘဲ၊ အတင်း တွန်းချ၍ ရိတ်ချ၏။ အထူးပင် ခေါင်းရည်နာ၏။ ကျွန်တော်တို့သည် ၄င်းခေါင်းရိတ်မည့်အခါ ရွံ့၏ တွန့်၏ သို့သော် ခေါင်းရိတ်သည့် အခါတိုင်း ကျွန်တော့် အကိုကား အမြဲငို၏၊ ငိုတိုင်း ခေါင်းပုပ်ခံရ၏။ ကျွန်တော်ကား မငို ကြိတ်ခံ၏ ထို့ကြောင့် ခေါင်းပုတ်လွတ်သည်။ ကျွန်တော်၏ အကိုကားစိတ်မြန်၏။ ကျွန်တော်တို့ညီအစ်ကို လေးယောက်ရှိသည့်အနက်၊ ဒုတိယ အစ်ကိုကြီး ကိုနေအောင် သာလျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တသက်ပတ်လုံး မည်သူနှင့်မှ ရန်မဖြစ်ခဲ့ဘူးချေ၊ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော် အစ်ကို ကိုအောင်သန်းကား သူများအကြော မခံ၊သူကသာ ဦးအောင် ကြောခဲ့သည်။ ကျွန်တော်ကား သူများ၏ အကြောသာ ခံရ၏။ မြှောက်လို့မြှောက်မှန်းမသိ၊ ချောက်လို့ချောက်မှန်းမသိ၊ ထုံပေပေ အလွန်နိုင်၏၊ တခါသော် ဆယ့်မိုင်ခန့် အကွာ ရွာတရွာသို့ ကျွန်တော် မိဘ များနှင့်လိုက်သွား၍ သူကြီးအိမ်တွင် တည်း ခိုနေစဉ်၊ ထိုရွာမှ ရွယ်တူလောက် ကလေး တယောက်က ကျွန်တော်အားမြှောက်၍၊ ဗိုလ်ကြီး- ဗိုလ်ကြီး ဟုခေါ်ရာ၊ ကျွန်တော်မှာ များစွာသဘောကျကာ၊ ထန်းလျက် အဖြူဆုပ်ကို ခေါ်တိုင်းခေါ်တိုင်း ပေးခဲ့လေသည်။ ကျွန်တော်သည် လိမ်လည်လေ့မရှိ။ အလိမ်တတ်၊ လိမ်မိခဲ့ သော်လည်း ခဏချက်ခြင်း ဖြောင့်ချက်ပေး၏၊ ကျွန်တော်တို့ နေသည့် ဘုန်းကြီး ကျောင်းမှာ ဥပုသ် နေ့တိုင်း ပိတ်၏၊ သို့သော် ယောက်ျား ကလေး များမှာဥပုသ်နေ့ပင် ဖြစ်သော်လည်း ကျောင်းသို့သွားရ၍၊ ရေခတ် မြတ်နှုတ် လုပ်ရသည်။ တနေသော် နေ့ခင်တွင်ကျောင်းသားများ အလုပ်အရှိ၍၊ အလုပ် မရှိလျှင် အိပ်နေကြ၊ မကစားကြနဲ့ ဟုဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံး ကျောင်းသားများအား မအိပ်ချင်ဘူးလားဟု မေးသာအခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်သည်ဟု ဘုန်းကြီး အလိုကျ လျှောက်ကြသည်။ ကျွန်တော်အား ဘုန်းကြီးက အောင်ဆန်းကော မအိပ်ချင်ဘူးလားဟု အထူးတလည်မေးရာ၊ ကျွန်တော်က မအိပ်ချင်ပါဘုရားဟု ပြန်လျှောက်ရာ၊ ဘုန်းကြီးမှာပြုံး၍ နေလေတော့သည်။ ကျွန်တော်သည် ငယ်စဉ်က ချောင်တချောင်တွင် ကပ်၍မှိုင်တွေကာ စဉ်စား၍ နေသော်လည်း နေတတ်သည်။ ခလေးနှင့် မလိုက် အများအားဖြင့် ဣနြေ္ဒကြီးသည်။ ကစား ခုန်စားဆိုလျှင် များစွာ မလေ့ကျင့်၊ သို့သော် ကစားသည့် အခါ ကြမ်းတမ်း၏၊ ကြမ်းတမ်းသော ကစားမျိုးကို နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကြည်းသား ရိုက်ခြင်း စသည်တို့ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်။ ရွရွကလေးလုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့် မဖြစ်။ အချုပ် ဆိုရလျှင် ကျွန်တော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ် ပေရေ ရှို မြှောင် ချောက်စောင်း ကဲ့သို့ အဖု အထစ် အပြစ် အနာ အဆာများသည်၊ စိမ်းလန်း စိုပြေ ညီညာသော မြက်ခင်းသဘွယ် ရှုချင်စရာ မဟုတ်ပေ။ အသက်ဆယ်နှစ်ခန့်အထိ အနာ ရောဂါကင်းသည် ဟူ၍မရှိ။ သေလု မတတ် အကြိမ်ကြိမ်ဖြစ်ခဲ့ဘူး၏။ ဝဲနာ အကြီးအကျယ်စွဲခဲ့ဘူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့ များမှ ငါကျန်းကျန်း မာမာ အမြဲနေရပါ မည်နည်းဟု တမ်းတမိသည်။ ကျွန်တော်သည် ထိုကလေး ဘကပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူ ဖြစ်လေသည်။ ဗမာပြည်အား အင်္ဂလိပ် လက်မှပြန်ရရန်၊ သူပုန် ထနည်းအမျိုးမျိုးကို စဉ်စားခဲ့ဘူးလေသည်။ တခါတရံလည်း ဟုတ္တိပတ္တိ စိတ်ကူး၏။ တခါတခါလည်း ပဒါးရှင်လုံး စသည်များကို ရှာဖွေလိုသော စိတ်များပေါ်ပေါက်၏၊ ပဒါးရှင်လုံး စသောအစွမ်းအားဖြင့် ဗမာပြည်ကိုကယ်တင်လို၏။ ကျွန်တော်ရန်မဖြစ်တတ်၊ သို့သော်ကျွန်တော်သည် သတ္တိ ထူးချွန်သည်ဟုမဆိုနိုင်၊ ငယ်ငယ်က သူရဲတစ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏၊ ကျွန်တော်အစ်ကို ကိုအောင်သန်းကား ခဏခဏ ရန်ဖြစ်၏။ ဦးအောင် ရိုက်နှက်၍ ပြေးလာခဲ့၏၊ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများအရိုက်ခံရ၏၊ ကျွန်တော်ကား ဤကဲ့သို့ မဖြစ်ဘူး၊ ရန်တခါသာ အကြီးအကျယ်ဖြစ်ဘူးသည်။ ထိုအခါ လူချင်းလည်း ထိုးသတ် ပုတ်ခတ်စဉ်က ကျွန်တော်ကနိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဘိနပ်နှင် အပေါက်ခံရ၍၊ ခေါင်းပေါက်ဘူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဘက် ကိုလိုက်လေရာ၊ ခေါင်းမူး၍မမှီ၊ ထိုးလိုက်သည့် အချိန် အထိကားသတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်မှ သွေးတွေ မြင်သဖြင့် ခေါင်းပေါက်မှန်း သိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူ ကလေးချင်းများ အပေါ်တွင် တခါ တလေ အနိုင်ကျင့်ချင်သည့် စိတ်ကားရှိလေသည်။ တခါတွင်ကား ဘုန်းကြီးကျောင်း နေစဉ် နဘူးသားများကို ကြက်တောင်စိုက်၍ ကြက်တောင်ရိုက် ကစားနေရင်းမှ ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသား တယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်သား မိဘများက ဘုန်းကြီးအား လာလျှောက် တိုင်တန်းရာ၊ ဘုန်းကြီးက ဤကစား နည်းမျိုးကို အားလုံး ကျောင်းသား များသည် ကျောင်းဝင်း အတွင်းမှာသော်၎င်း၊ အပြင်မှာသော်၎င်း၊ မကစားရဟု ပညတ် ရလေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအစ်ကို ဝမ်းကွဲများက သဘောမကျ ကြသဖြင့်၊ အာဏာဖီဆန်ကာ ရွာထဲတွင် ကစားကြလေသည်။ ကျွန်တော်တို့ ကစားနေသည်ကို အခြားကျောင်းသားတဦး နှစ်ဦးကမြင်သဖြင့် ဘုန်ကြီးအား သွားရောက် တိုင်တန်းသောအခါ၊ ဘုန်းကြီးက ကျွန်တော် မိခင်နှင့် ဦးလေးများကိုပါခေါ်၍၊ ၎င်းတို့ရှေ့တွင်ပင် ကျွန်တော်တို့အား ပြင်းထန်စွာ ရိုက်နှက်လေတော့၏။ ကျွန်တော်မှာ ပဌမ ကြိတ်မှိတ်၍ ခံသော်လည်း နောက်ပိုင်းတွင် သတ္တိ မကောင်းနိုင်တော့ဘဲ ငိုလေတော့သည်။ ကျွန်တော်သည် ထိုသို့သွားရောက် တိုင်တန်းသူ ကျောင်းသားကို ယနေတိုင် အခဲ မကျေချင်လှ။ ဤကဲ့သို့ အလုပ်ပို မေတ္တာရိ မျက်နှာလို မျက်နှာရ အထက်လူကြီးအားတိုင်ချင်း တောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူးစက်ဆုပ်လှသည်။ ယခု ခေတ်သစ် ကျောင်းများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက်စေသင့်လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ်ဖြစ်လေသည်။ ကျွန်တော်တို့ မိဘကား ပစ္စည်းဥစ္စာ အတော်အတန်ရှိ၏။ ကြွေးရှင် မြေရှင်ဖြစ်ရာ ဆင်းရဲသားများနှင့် အများအပြား ဆက်ဆံရလေသည်၊ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်စားထဲတွင် သမာ သမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။
သို့ပင်ဖြစ်သော်လည်း ရံဖန်ရန်ခါ ဆင်ရဲသားများက ကြွေးများ မဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါက ကျွန်တော်ကား ငွေတိုးကြီးစံနစ် ဆိုးဝါပုံကို မျက်ဝါး ထင်ထင်တွေ့ခဲ့ရလေသည်။ များစွာသော ဆင်းရဲသားတို့မှာ ကြွေးတခါ ယူမိလျှင် ကြေနိုင်စရာ အကြောင်းမရှိပေ။ ဤစံနစ်ကို ယခုခေတ်သစ်တွင် အလျင်အမြန် ပြင်ဆင်သင့်သည်။ ၎င်းပြင် ယခု လက်ရှိ ဆင်းရဲသား ကြွေးမြီးများကို အားလုံး လျှော်ပစ်ရန် သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏ အညွန့် ကြွေများသာ ရှိရမည်မှာ ကျွန်တော်ယုံမှား သံသယ မရှိပေ။ ကျွန်တော်ကား ကြွားရမည် ဆိုလျှင် မျိုးကြီး ဆွေကြီး မှ ပေါက်ပွါးသူ ဖြစ်သည်။ ကျွန်တော်တို့ ရှေးအဆက်အနွယ်တို့မှာ ပုဂံပြည် တရုပ်ပြေး မင်းလက်ထက် (ဂျင်ဂျစ်ခံ) အမှုးရှိသော တရုပ်တို့ ဝင်ရောက်နှောက်ယှက်သောအခါတွင် နိုင်ငံခြားတို့၏ လက်အောက်တွင် မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော့ မွေးဖွားရာ ဒေသသို့ စုန်ဆင်းခဲ့လေသည်ဟု ဦးလေးတယောက်က ပြောပြဘူးလေသည်။ အလောင်းဘုရား တတိယ နိုင်ငံတော် ထူထောင်စဉ်အခါ တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်၍ နေရာ၊ ရွှေဘိုမြို့မှ ဦးအောင်ဇေယျက ထ၍ ကျွန်တော်တို့၏ အဆက် အနွယ် ဝင်မင်းကြီး ဦးမြ ( ဘွဲ့မည် ကောင်းကောင်းမမှတ်မိ) ဆိုသူမှာလည်း မိမိနယ်ကို အုပ်စီးခေါင်ဆောင်၍ ဗမာ့ ထီးနန်း ထူထောင်ရန်ကြံလေသည်။ နောက်မှ အလောင်းဘုရား၏ အကြောင်း ကြားသဖြင့် လူများ စေလွှတ် စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်း လက်ရုံအကြောင်း ကြားသိသည့်အခါ၊ အလောင်ဘုရားထံ ဝင်ရောက်၍ သက်စွန့် ကြိုးပမ်း အမှုထမ်းလေသည်ဟုလည် မှတ်သားရဘူးသည်။ မင်တုန်းဘုရင် လက်ထက်တွင် သက်တော်ရှည် အမတ် ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ်ပင် ဖြစ်သည်ဟုကြားဘူသည်။ မင်တုန်းဘုရင်၏ သမားတော်တဦး (လူမည်မှာ ဦးကျော်ဇံ ဖြစ်လေသည်၊ ဘွဲ့ကိုကား မသိ) မှာလည်းကျွန်တော်တို့ အမျိုး အဆွေပင်ဖြစ်လေသည်။ စုံနံ့သာမြိုင် ရေးသော ဆရာကြော့မှာ ဦးကျော်ဇံ၏ မြေးပင်တည်း၊ ရှင်အဂ္ဂသမာဓိမှာလည်းကျွန်တော်တို့ အမျိုးဟုပင်သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီးဖြစ်လေသည်။ စာတတ်သည် ဥာဏ်ထက်သည် လက်မြောက်သည် စိတ်ထက်သည်ဟု၍ ကြားနာဘူးလေသည်။ မိမိအထက် မြို့ဝန်နှင့် မတဲ့၍ အလုပ်ပြုတ်သဖြင့်၊ မန္တလေး ရွှေမြို့တော်သို့ တက်၍ အရာခံနေဆဲ အနိစ္စရောက်လေသည်ဟု တခါက ပုရပိုက် မှတ်တမ်းတွင် ဘတ်ရဘူးသည်။
( စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်း ရှိလေသည်။ အခေါ်အဝေါ်ကိုကား မေ့သွားလေပြီ။ ကျွန်တော်(ဘိုး)အိမ်ကြီးတွင် တွေ့ဘူးသော ပုရပိုက်များတွင် ကျွန်တော်တို့ ဘေး နေ့စဉ်ဘာလုပ်သည်၊ ဘယ်သွားသည် စသည်ကို မှတ်ထားချက်များတွေ့ရလေသည်။) ကျွန်တော်တို့ ဘေးတွင်အကိုကြီး တယောက်နှင့် ညီ နှစ်ယောက်ရှိသည်ဟုသိရသည်။ အစ်ကိုကြီးမှာ ရန်ကုန် ဆိပ်ကမ်းအုပ် ဖြစ်သည်ဟုသိရသည်။ ညီအငယ်တယောက်မှာ တလုပ်မြို့ဝန် ဦးဘွားယူ ခေါ်၏၊ မြင်းကွန်း-မြင်းခုံတိုင်တို့၏ ငယ်ဆရာဖြစ်သည်။ ၎င်းမင်းသားများ အထတွင် မြင်းကွန်း မင်းသားတို့အတွက် ထားပြတိုက်၍ ငွေရှာပေးရလေသည်။ ထိုအချက်ကို နေပြည်တော်ကသိ၍ ဦးဘွားယူ ရာထူးမှကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှုကြောင့်၎င်း။ အမှုမထင်ရှား၍၎င်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်းလက်ထက်ဖြစ်၍၎င်း၊ အသက်ချမ်းသာရလေသည်။ နာမည်ကျော် ဦးမင်းရောင် ( ဗိုလ်လရောင်) မှာ ကျွန်တော်တို့ အဖွား၏ တူတော်သည်။ ဦးမင်ရောင်ကား လက်ရုံးအားကိုး ဖြစ်သည်။ အမိုက်ဆုံး ဆိုသူများကိုတပည့်လုပ်ထားသည်။ ၎င်း၏ တပည့် တယောက်(နာမည်ကား မမှတ်မိ) သည်၊ ဇာတ်ပွဲများတွင် လူပျက် ပျက်သည့်အခါ လူများရယ်တုံး မရယ်၊ အများရယ်ပြီးမှ တယောက်ထည်း ကျယ်လောင်စွာ အကြာကြီး ရယ်တတ်သည်ဟုသိရသည်။ ဤကဲ့သို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်လရောင် တွေ့၍ အားရကာ ဆုချလေတော့သည်။ တခါလည်း၎င်း၏ တပည်နှင့် ၎င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ဘွားမ မယ်တော်ပျံတွင် လက်ဝှေ့ ထိုးကြသည်၊ ဦးမင်းရောင်၏ တပည့်ရှုံးသည်၊ ညီဖြစ်သူ ဦးမင်းမောင်က မိမိ၏ တပည့် နိုင်သဖြင့် ပုဝါတပိုင်းဆုချလေသည်။ ထိုအခါ ဗိုလ်မင်းရောင်က မခံချင်၍ တပည့်ကို ရှုံးလျက်နှင့် ပုဆိုးတထည် ဆုချလေသည်။ တခါလည်း ကြက်သားဟင်း စားလို၍ ညီ ဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေးသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ လူပြော့ဖြစ်လေသည်။ စောင်း စည်း သီချင်းဆို တော်သည်။ စကားပြောချိုသာသည်၊ အထက် လူကြီးများ၏ အချစ်တော် တဦးဟု သိရသည်၊ ဦးမင်းမောင် ကြက်မသတ်နိုင်၊ ထိုကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင် သတ်၍ ချက်စားလေသည်၊ ပိုသည့် ဟင်းကို ညီကို မကျွေးဘဲ ခွေးကျွေးပစ်သော ဟူ၏။
( ဤကား ကျွန်တော်အမျိုးနွယ်အကြောင်း သိသမျှပင်တည်း။)

…….ဆက်လက် ဖေါ်ပြပါဦးမည်။…………

No comments:

Post a Comment