Showing posts with label ၄၈ ဆိုတာ. Show all posts
Showing posts with label ၄၈ ဆိုတာ. Show all posts

Monday, July 13, 2009

၄၈ ဆိုတာ .... အပိုင်း (၂)

လေးဆယ့်ရှစ်ရွာကလေးဟာ ထိုင်းနိုင်ငံ (တာ့) ခရိုင်အတွင်းက မဲဆော့ မြို့နယ်နဲ့ ၄၈ ကီလိုမီတာ ကွာဝေးပါတယ်။ ဖုတ်ဖတ် မြို့နယ်ရဲ့ မြူနီစပါယ်ဧရိယာအတွင်းမှာ တည်ရှိပါတယ်။ (တာ့) ခရိုင်ဆိုတာက ထိုင်းနိုင်ငံရဲ့ အနောက်ပိုင်းက ခရိုင်တခုပါ။ ဗမာပြည် မြ၀တီမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ တာ့ ခရိုင်နယ်နိမိတ် တနံတလျားဟာ ကရင်ပြည်နယ်နဲ့ မိုင်ပေါင်းများစွာ ထိစပ်နေပါတယ်။ ဗမာပြည် နယ်စပ်မျဉ်းဟာ ရွာကလေးနဲ့ ၆ မိုင်ပျော့ပျော့သာ ဝေးပါတယ်။ မဲဆောက်မြိုကနေ ရွာကလေးဆီကို လာခဲ့မယ်ဆိုရင် သင့် ညာဘက်ခြမ်းက စိမ်းညိုလဲ့လဲ့ပြေးနေတဲ့ တောင်တန်းဟာ ဗမာပြည်နယ်နိမိတ်လို့ သိရမှာ ဖြစ်ပါတယ်။ ပြားပြားဝပ်နေတဲ့ ပြောင်းစိုက်ခင်းတွေ၊ တောတွေတောင်တွေကို ခေါင်းတုံးရိတ်ထားသလို ဖြစ်နေတဲ့ တောင်ယာတွေနဲ့ ကုန်းမြင့်ကလေးတွေကတော့ ထိုင်းနိုင်ငံလို့သိရမှာ ဖြစ်ပါတယ်။
ရွာကလေးရဲ့တည်နေပုံက တောတောင်တွေအနားသတ်ထားတဲ့ တောင်ခြေရွာကလေးပါ။ မဲဆောက်မြို့ကနေ ထွက်ခွါလာခဲ့ရင် တဖြေးဖြေးမြင့်တက်လာတဲ့ ကုန်းမြင့်ပိုင်းရဲ့ အနားစွန်းမှာ ရွာကလေးရှိပါတယ်။ ရွာကလေးဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၂၂၀၀ ကျော်အမြင့်မှာ ရှိနေပါတယ်။ ၁၉၉၀ ၀န်းကျင်က အပူချိန် ၂၅ ဒိဂရီကနေ ၃၀ ဒိဂရီ ဖာရင်ဟိုက် ကျော်ရုံသာရှိခဲ့ပြီး အနည်းငယ်အေးတဲ့ အရပ်လို့ ဆိုရပါ့မယ်။ အခု အချိန်မှာတော့ ၃၅ ဒီဂရီကနေ ၄၅ ဒီဂရီစင်တီဂရိတ် လောက်အထိ ရှိလာပြီဖြစ်လို့ အပူပိုလာတယ်လို့ ပြောရမယ်ဖြစ်ပါတယ်။
မဲဆောက်ကနေ ရွာကလေးဆီအထိ လာရာလမ်းတလျောက်မှာ ခေါင်းတုံး ပြောင်နေတဲ့ တောင်ကုန်းတောင်တန်းတွေကို ဖြတ်ကျော်ခဲ့ရမှာဖြစ်ပါတယ်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ ပြောင်းခင်းတွေက အရင့်အရင်က ရှိနေခဲ့တဲ့ သစ်တောတွေရဲ့ နေရာကို အစားထိုးယူလိုက်ကြပြီဖြစ်လို့ ရာသီဥတုက တဖြေးဖြေး ပိုမို ပူလာတဲ့သဘောပါ။ ရွာကလေးတည်ရှိရာမြိုနယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်က ပြောင်းဖြစ်ပါတယ်။ ရွာကလေးရဲ့ အဓိက ထွက်ကုန်ကတော့ ပြောင်းနှင့် အာလူးဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနှစ်ပိုင်းမှာတော့ မဲဆောက်နှင့် ဖုတ်ဖတ်မြို့နယ်အတွင်းမှာ စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ ကြံကို အထူးတိုးချဲ့စိုက်ပျိုးလာကြပေမယ့် ရွာကလေးရဲ့ ကြံစိုက်ဧကကတော့ ဧက ၂၀၀ ၀န်းကျင်ပဲ ရှိပါသေးတယ်။
မဲဆောက်မြို့နယ်၊ ဖုတ်ဖတ်မြို့နယ်နဲ့ အုန်းဖန်မြို့နယ်အထိ ဆက်သွယ်ပေးထားတဲ့ အဝေးပြေးလမ်းမပေါ်မှာ မေးတင်ထားတဲ့ ရွာကလေးပါ။ ဒီလမ်းကို ၆ လမ်းသွားအဖြစ် တိုးချဲ့ပြုပြင်နေတာ အခုဆိုရင် မဲဆောက်ကနေ ၃၂ ကီလို မီတာအကွာအဝေးအထိ ပြီးစီးနေပြီဖြစ်တယ်။ အုန်းဖန်မြို့နယ်ဆိုတာက အရှေ့တောင်အာရှမှာ ဒုတိယအလှဆုံးဖြစ်တဲ့ “ထီးလော်ဆူး” ရေတံခွန် တည်ရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။
ဖုတ်ဖတ်မြို့နယ်နဲ့ အုန်းဖန်မြို့နယ်ကြားမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၇၀၀ ကျော်မြင့်တဲ့ တောင်တန်းကြီးက ကန့်လန့်ကာတားထားပါတယ်။ ရွာကလေးက အဲဒီတောင်တန်းပေါ်က ထွက်လာတဲ့ နေခြည်ကိုမျှော်ကြည့်ရင်း တောင်ခေါင်းတုံး ပြောင်းစိုက်ခင်းတွေပေါ်မှာ ထိုင်နေသူတယောက်နှင့် တူပါတယ်။ ရွာကလေးမှာ ကိုယ်ပိုင် တဖက်ဆည် ရေကန်ရှိပါတယ်။ ရွာကလေးရဲ့ အထက်နားကျကျ ကီလိုမီတာ မှတ်တိုင် ၅၀ ရဲ့ ညာဘက်ခြမ်းမှာ တောင်ကြား ၂ ခုကို ပိတ်ပြီးတည်ထားတဲ့ တဖက်ဆည်ရေကန်ပါ။ ရွာကလေးရဲ့ ရေလိုအပ်မှုအရင်းအမြစ်ကို ထိန်းပေးထားတဲ့ ဆည်ကလေးပေါ့။ ဒီဆည်ကို တည်ခဲ့သူကတော့ ဒီလေးဆယ့်ရှစ်ရွာကလေးကို စည်ပင်ဖွံ့ထွားအောင် ပြုစုခဲ့တဲ့ ရွာခေါင်းဆောင် သူကြီး “၀ဏ္ဏ - ဆွန်ချိုင်း” ပါ။ သူဟာ တချိန်က ဒီဒေသကို ခြေကုတ်ယူပြီး ထိုင်းအစိုးရကို တော်လှန်ခဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေကို နှိမ်နှင်းခဲ့တဲ့ ထိုင်းအစိုးရရဲ့ ပြန်တမ်းမ၀င်သော စစ်ဥိးစီးတဦးလို့ ဆိုရမှာဖြစ်ပါတယ်။ သူနဲ့ သူ့တပ်ဖွဲ့ဝင် ရဲဘော်တွေဟာ ဗမာပြည် - ရှမ်းပြည်နယ်ဇာတိသားတွေပါ။ သူတို့ဘာကြောင့် ထိုင်းနိုင်ငံကိုရောက်လာတယ် ဘယ်လိုအခြေအနေမျိုးကြောင့် ဒိရွာလေးမှာ အခြေချဖြစ်လာတယ်ဆိုတာကို နောက်တော့ မိတ်ဆက်ပေးပါဦးမယ်။ ………

Saturday, July 11, 2009

၄၈ ဆိုတာ ...... (အပိုင်း - ၁)

( ၄၈) ဒီဂဏာန်းက ဗမာတွေနဲ့မစိမ်းပါဘူး ဗမာပြည်ရဲ့ သမိုင်းနဲ့ချီပြီး ဆက်စပ်နေတဲ့ ဂဏာန်းဖြစ်သလို ထိုင်းနိုင်ငံနယ်စပ်ဒေသ (တာ့) ခရိုင်ဖုတ်ဖပ်မြို့နယ်ရဲ့ အရှေ့ဖျားယွန်းယွန်းမှာ (၄၈) ဆိုတဲ့ ထိုင်းရွာကလေးကလည်း ဗမာအများစု အခြေချရာ၊ မှီခိုရာ ရွာလေးဖြစ်နေပြန်ပါတယ်။
ဗမာလို ၄၈ ထိုင်းလိုတော့(စီစိပက်) လို့ အလွယ်ခေါ်နေကြတဲ့ ရွာကလေးရဲ့ ထိုင်းအမည်ရင်းက (ဘန့်လောန်ကောက်စဟာမစ် ) လို့အမည်ရပါတယ်။ (လေးဆယ့်ရှစ်) ဆိုတာက မဲ့ဆော့တ်မြို့ကနေ အကွာဝေးပြတဲ့ ကီလိုမီတာမှတ်တိုင်ကို အစြွဲ့ပုပြီး အလွယ်တကူခေါ်တဲ့ ရွာနာမည်ပါ ။ ထိုင်းနိုင်ငံသားအဖြစ် အသိမှတ်ပြုခံရတဲ့ ရွာခံအများစုဟာ မြန်မာပြည်ဘက်ကရွှေ့  ပြောင်းလာကြတဲ့ မြန်မာတိုင်းရင်သားတွေဖြစ်တဲ့ ရှမ်း၊ လားဟူ၊ အခါ၊ အီကောနဲ့ ကရင် တိုင်းရင်းသားတွေဖြစ်နေပြန်ပါတယ်။ အဲဒီတိုင်းရင်းသားတွေအပြင် မြန်မာပြည်ဖွား တရုပ်လူမျိုးတွေလည်း ၄ ပုံ ၁ပုံလောက် ရှိနေပြန်ပါသေးတယ်။ ထိုင်းနိုင်ငံနယ်စပ် မြို့နယ်တွေထဲက ရွာငယ်လေးတွေထဲမှာတော့ ၄၈ က မြန်မာစကားအသုံးများတဲ့ ရွာကလေးတရွာပါ။
ရွာကလေးမှာကိုးကွယ်တဲ့ ဘာသာတရားတွေကတော့ ဗုဒ္ဓဘာသာ ခရစ်ယန်နဲ့ ရိုးရာနတ် ကိုးကွယ်မူတွေဖြစ်ပါတယ်။ သာသနိက အဆောက်အဦးတွေ ကတော့ မြန်မာ ဘုန်းတော်ကြီးကျောင်းတကျောင်း တရုပ်ဘုံကျောင်းတကျောင်း နဲ့ ခရစ်ယန် ဘုရားကျောင်း ၁၂ ခုရှိနေပါတယ်။ ကလေးသူငယ်တို့ရဲ့ ပညာရေးအတွက် မြန်မာစာသင်ကျောင်း တကျောင်း တရုပ်စာသင်ကျောင်း တကျောင်း နဲ့ ထိုင်းအလယ်တန်းအဆင့် ကျောင်းတကျောင်းရှိနေပါတယ် ။
ရွာကလေးရဲ့ အဓိကစီပွားရေးလုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ် ရွာသိမ်ရွာငယ်လေးဖြစ်ပေမဲ့လို့လမ်းပန်းဆတ်သွယ်ရေးကောင်းမွန်တာကြောင့်ရွာကလေးရဲ့စီးပွားရေးဟာ လူတန်းစေ့၊ မြို့ ပြနဲ့ရင်ဘောင်တန်းနိုင်တဲ့အနေအထားမှာရှိပါတယ် ။ ဒါကတော့မြန်မာနိုင်ငံကျေးလက်ဒေသနဲ့ ထိုင်းကျေးလက်ဒေသရဲ့ ကွာဟမှုတွေထဲက တခုပါဘဲ။
ရွာကလေးကို ပုံကြမ်းကောက်ပြတဲ့အခါ ဗမာဆန်နေတာ တွေ့ရမှာ ဖြစ်သလို နောက်ခံသမိုင်းကိုပြောပြရင်တော့ အံအားသင့်စရာ ကောင်းလှတဲ့ မြန်မာပြည်နဲ့ ဆက်စပ်နေပုံတွေကိုလည်း သိလာကြရမှာဖြစ်ပါတယ်။
နောက်တပတ်မှာတော့ ရွာကလေးကိုပိုပြီးပြည့်စုံအောင် ပုံဖေါ်မိတ်ဆတ်ပေးပါဦးမယ်။