Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, September 13, 2009

မိုးခါးရေ သောက်လိုသူ


မိုးခါးရေ သောက်ခြင်တယ်
ခေတ်နဲ့ လျှော်ညီစွာ
ရော် … ခက် ခက်လှချည့်ရဲ့
ယောယိမ်းလိုက် ဘသားယိမ်းလိုက်
ဒီ တေးသွားတွေသာ
တိမ်ထုဖွဲ့ တည်
အရည်မှုန်ဖြစ် စု ဖွဲ့
ရွာချနေတုန်း …. ။

မိုးခါးရေ သောက်ခြင်တယ်
ရာဇဥမ္မတ္တက မိုးကြိုးထစ်
လျှပ်စစ် ချုန့် ချိန်း
မိုးခါးရေ
မြေပြင်လူသား ဆွဲချမယ်
ကြံရွယ်နေတုန်း …. ။

မိုးခါးရေ သောက်ခြင်တယ်
လူထုအာဏာ
ဂလိုဘယ်လိုက်ဇေးရှင်း
တရွေ့ရွေ့တိုးတက်ရေးလက္ခဏာ
ဘယ်ဟာက
မိုးခါးရေ ဖြစ်မယ်
ခွဲ ခြား စိပ် ဖြာ
ရေ ရေ ရေ ရှာနေတုန်း …. ။

မင်းဟံသာ

Saturday, September 12, 2009

အိုဘယ့် … တမာန်တော်



၁ -
ဟော့ဒီ တ၀ါးဝါးအော်နေတဲ့ အမှောင်ထဲ
မြွေတကောင်ရဲ့ တွန်သံတွေလို
ကြယ်တွေကို ကလူ၊ ကောင်းကင်ကိုဖြတ်
အိမ်မက် သစ်ပင်ပေါ် ခပ်ဖွဖွခြေသံ
ငါ့အမက်မောဆုံး မှိုင်းတိုက်ခံရခြင်းအတွက်
ခေတ္တနားဆင်ပါ …
အို.. ညရဲ့ဂုတ်ပေါ် ခွစီးထားတဲ့ လေချွန်သံပွဲတော်။

၂ -
မည်းနက်နက် ညဝတ်ရုံပေါ် ရှပ်တိုက်ပြေးနေတဲ့
အိုဘဲ့ ခရီးသည် …. ၊
သူမရဲ့တဖက်မှာ ငါ့ပျိုးပင်တွေ ခါးကိုင်းနေလေရဲ့
ငါ့မြို့လယ်ကွက်ထဲ ၊ ပတ်ကြားအက် နှုတ်ခမ်းတစုံဟာ
ခပ်ရိုင်းရိုင်း သက်ပြင်းထဲ ပျိုးကြဲရင်း
ဒရွတ်တိုက်ဆွဲ၊ အသေကောင် ဖြစ်မဲ့အကြောင်း
ပြောပြပါကွဲ့ ... … ။

သွတ်ချာပါဒ ငါ့ဇာတိက အတွက်
နုံချာချာ အိတ်တလုံးနဲ့ တိမ်ဖုံးခြင်းကိုဖေါက်
လမ်းပျောက်နေတဲ့ ရေစီးကြောင်းကိုလဲ
သီချင်းဟောင်းတပိုဒ် ဆိုပြပါ၊
ငါ့ဝတ္တုကို ကျောပေါ်တင်ရင်း
သင့်ရှေ့
ကုန်ကြမ်းထုပ်၊ ကုန်သည်လက်
မင်းအဆက်ဆက် အမွေပေးပုံ
ပြန့်ကျဲနေတဲ့ ငါ့ဆံရိုင်းနဲ့ ဒုန်းစိုင်းပါလှည့် … …။

သင့်ရဲ့အောက်က အအိပ်မက်မြစ်ရဲ့
ပခုံးသားကိုရိုက်ပါ၊ သူလဲ ငါ့ဇက်ကြိုးကိုကိုင်သူပေါ့၊
အစွယ်ဖွေးဖွေးနဲ့ ဟိန်းဟောက်တတ်တဲ့ ညနာရီတွေ
ရူးသွတ်သော အသေကောင်တွေအပေါ်
ခတ်ဖွဖွ ခြေလှမ်းနဲ့၊ ခပ်ကိုင်းကိုင်းမိုးကုပ်အစ၊
အရိုးထုပ်နေတဲ့ လွင်ပြင်ဘဝမှာ
သရဖူကိုဆောင်း အကြမ်းဆုံးသော စကားဆို
ဗျတ်စောင်းအိုရဲ့ နောက်ပိုင်းတေးနဲ့
ကြယ်တွေကိုလဲ ခူးယူပါကွဲ့ … …။

၃ -
ပါးရေတွန့် ပင်လယ်ရဲ့ သောင်ပေါ်မေးတင်
မြွေတကောင်ရဲ့ မျက်ခုံးမွှေးစပ်မှာ
မြေမြုတ်နေတဲ့ ငါ့ချစ်သူပေါ့၊
မင်း သတင်းစာတွေရဲ့ အဆုံးသပ်ခြင်း
ငါ့နှုပ်ခမ်းနဲ့ နမ်းထားတဲ့ ပေးစာဆိုပါတော့၊
အန်ချပါကွဲ့ အို ….. ခရီးသည် …
လက်ပြတတ်တဲ့ သင်္ဘောတစင်းရဲ့ ခြေဖနောင့်နားက
လေဘာလျှောက် သက်ပြင်းတို့ နံရံ ပွင့်တဲ့အကြောင်း၊
နာရီစင်ပေါ်က ခြေစုံရဲ့ လေပေါ်အနမ်း
အလင်းတိုင် မျက်နှာဝရဲ့ ပြောင်းပြန်ကျမျက်ရည်ပေါ်
ကိုယ်လုံးတီးဦးနှောက်ရဲ့ ကျဆုံးသော ပျိုးပင်၊
အရိုးစင်ပေါ်တင်ထားတဲ့ “ချစ်ခြင်း”
အဆိပ်မိ တွဲလွဲခို စို့နင့်ခြင်း သရဖူ
ရင်ဘတ်ဟောင်းလောင်းရဲ့ ချစ်သူလှိုင်းပုပ်အရပ် ….။

အို …. သေချာကြည့်လိုက်ပါ
ခရုကောင်တွေ ထုပ်ပိုးထားတဲ့ အနှစ်သက်ဆုံး
မျက်ရည်လှောင်တမံ၊ ကုန်းထဖို့ပြင်နေတဲ့ စကားထွက် အရပ်
ငါ ပျိုးကြဲခဲ့၊ အနမ်းလယ်နှစ်ဧက
ပင်လယ်ကိုပစ်ပေါက်မဲ့ သတင်းလွှင့်ရေဒီယိုနဲ့
ငါ့ကို လိမ်လည်ထားတဲ့ သားကောင်တွေအကြောင်း စလုံးပေါင်းရင်း၊
ခပ်ဝေးဝေးက
တယောတလက်
ကျောက်ဆောင်
မှန်တချပ်နဲ့
မုန်းတိုင်းဆင်ပါကွဲ့ ….။

၎ -
ပင်လယ်ကို သွေးထိုးစမ်းမယ့် ငါ့တမာန်တော်
ငါ့မွေးနေ့ပေါ်က လက်မှတ်တခုနဲ့
သူ့မွေးနေ့ရဲ့ လက်ပြ ခြေတစုံထဲက
တယောထိုးခြင်း အတတ်တွေကို သင်ပြကွဲ့၊
စတ်လစ်စလစ်မြို့ရဲ့ အန်းမဲ့ ကပ်ဆိုက်ခြင်း
နံရံကပ် ဦးနှောက် ပိုစတာထူပွဲတွေမှာ
စလုံးမပေါင်းတတ်သေးတဲ့ ပေါင်းကူးတံတားအတွက်
အိမ်မက်တွေ မ တင်မယ့်ညကို သရဏဂုံတင်ခိုင်းပါ။

ရှုံးနိမ့်လဲကျ ရွှံရောင်သရဖူရပ်ဝန်းရဲ့
အလေးပြု ကုန်းထမဲ့၊ ရေပန်း
ဆာလောင်သောကလေးရဲ့ တွန်းလှန်အလံဖြူ
ရဲဝံ့မဲ့ ပစ်ကွင်းတခုပေါ်က မြားနှစ်စင်း
အသိဥာဏ်ကို ခွစီးမဲ့ မျိုးစေံ ပိရမစ်၊ ဒါဟာ
မြက်ပင်နဲ့ မိုးကုပ်အစပ်ကြားမှာ ခုံးထလာမယ့်
သံစဉ် ၇ မျိုး ရှာဖို့လိုကြောင်း သွေးထိုးစမ်းပါကွဲ့ …။

၅ -
တာဝန်ကျေစွာ ကျောပိုးအိတ်ကို ဖြည်ချတဲ့
အိုဘဲ့ … ငါ့ရဲ့ တမာန်တော် …
ကျေးဇူးတင်စွာ ငါတုန့်ပြန်၏၊
ငါဆိုတာကိုလဲ ငါရုပ်သိမ်းရဲ၏၊
အဓိပ္ပါယ်ရှိတဲ့ ငါ့အလံကို ပင်လယ်ပေါ်ဖြန့်ရင်း
တထပ်တည်းကျ ခြေရာတစုံ ဖြစ်ခဲ့ရင်
သက်ပြင်းတို့ရဲ့ တံခါးဖွင့်ပွဲ အရက်သောက်ခြင်း
စနေ ပေါ် ကျထားတဲ့ မျက်ရည်၏ အရောင်ပြောင်းလဲခြင်း
ငါ့မြေကြီးတို့နဲ့ ဖွဲ့စည်းထားတဲ့ နှုတ်ခမ်းတခု
…….. ဒါဆို
ကျေးဇူးတင်စွာ ငါ တုန့်ပြန်၏
ငါ ဆိုတာကိုလည်း ငါ ရုပ်သိမ်း၏။

KN
Ref - nguyinpyin.net

Thursday, September 10, 2009

ရွာလွမ်းချင်း





မောင်စွမ်းရည် .....ရေးသည်


ဘာပဲသောက်သောက်
သောက်တတ်မှ ကောင်းတာကလား၊
ထန်းရေသောက်တာတော့
ထန်းပင်အောက်မှာ အကောင်းဆုံးပဲ။




Ref ... Mayar

Saturday, August 8, 2009

Friday, July 24, 2009

ဝါဆိုလဖွဲ့



ကိုးခွင်ငယ် မှို်င်းပါလို့၊ မြင်တိုင်းမှာတဲ့ မည်းညို
လဲ့လဲ့ငယ်စို၊ ယုဂန္ဓိရ်တောင်မဟာက
ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။

ဆင်တာရာငယ်၊ ရာသီကရကဋ်
နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ် နိဗ္ဗူ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသော့ခါ
ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညို
မာလာမင်းက ၊ သင်းလှတယ်လေး။

(
မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

Thursday, July 16, 2009

ပျဉ်းမငုတ်တို



ဖုထစ်ရွတ်တွ၊ ငှက်လင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် ၊ တစ်ပင်တည်း ။
ခွဆုံအကွေး ၊ သစ်ခေါင်ဆွေးလည်း
အဖေးတက်လာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ၊ ခြ အိမ်ပျက်။
ကုန်းမို့ကမ်းပါး ၊ မြေပပ်ကြားတွင်
စစ်သားခမောက် ၊ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း ၊ လက်ပြညွန်း ။
ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံ လည်းတိုက်
လေပြင်းခိုက်လျက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွတ်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင်ယောင်္ကျား ကောင်းတကား ။

တာရာမဂ္ဂဇင်း ( ၁၉၄၉ )

Monday, July 13, 2009

ဝါတွင်းချိန်


ငှက်ကလေးက ၊ စိုးစီစိုးစီ
ဝင်းပေါက်မှာမည် ။
ချိန်တန်ပြီ ၊ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး ။
ဦးပေါင်းကို ၊ ဆွမ်းတော်တင်
သုံးချောင်ထောက်ပြင်
သံလွင်လွင် ကျေးစည်တီးလို့
ထွန်းတဲ့ဆီမီး ။
အမျှတဲ့ သုံးကြိမ်ဝေ
သွန်းတဲ့ညောင်ရေ
မာပါစေ ကမ္ဘာသား
အောက်ထက်နံလျား ။
ရွာဦးကကြေးစည်သံ
ကျောင်းဝေဠု ဝန်
ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်
ဆွမ်းအုပ်ပြင်ပ ။

ကိုရင်ကြီး ပျိုတို့မောင်
ညိုနွဲ့ယောင်ယောင်
ပျိုတို့မောင်မာပါစ
မေးလိုက်ပါကြ ။
မာပါရဲ့အထွေးရယ် ၊ ပြောလိုက်ပါကွယ်
ရွာလယ်မှာ ကိုရင်ပန်းလို့ ညှိုးလျ ရိ နွမ်း ။
ကပ္ပိယအဘိုးအို ဆိုးလှတယ်ဆို
တို့ကိုရင် ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား ။
ဟင်းလေးကို ကျိုချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင်ဖို့ ကွယ် ။
ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ ။
ချားရစ်လေး မပျောက်ခင်
ထွက်ခဲ့စေချင် ။
လိင်ပြန်ရင်ဆံရှည်ထားပါနဲ့
သန်းတွေကများ ။
လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကတ် အနံကျယ် ဈေးကြိုကဝယ် ။
အနံကျယ် ခါးပုံနွဲ့တယ် ဆုတ်လိုက်ပ်ါတဲ့ ။
ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ်စလို့မေလိုက်တယ် ။
ရှင်လိင်ပြန် ဘယ်တော့ရက် ၊ ထွက်ခဲ့ပါမယ် ။
မျက်နှာငယ်ငယ် ဘယ်နှယ်မှမမိန့်
ဒီတဝါအနိုင်ခဲလို့ ၊ နွှဲရရှာလိမ့် ။
ကိုရင်ကြီး လာမယ်ဆို ၊ ဝင်းပေါက်ကကြို
အို အလို ကိုရင်ထွက်ကယ်
ငါး ငါးပိချက် ။

မင်းသုဝဏ်
၁၉၃၆