Showing posts with label ပြည်တွင်း သတင်း. Show all posts
Showing posts with label ပြည်တွင်း သတင်း. Show all posts

Tuesday, February 9, 2010

လှိုင်သာယာမှာ အလုပ်သမား ဆန္ဒပြပြန်

ခိုင်စု | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်
နယူးဒေလီ (မဇျိမ)

လှိုင်သယာမြို့ရှိ စက်မှုဇုံ ၃ တွင် ယနေ့ နေ့လည်က အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားလျှက် ရှိသည်။

လှိုင်သာယာ စက်မှုဇုံ ၃ ရှိ မြဖက်ရှင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၄၀၀ ခန့်က ဆန္ဒပြ နေကြောင်း စက်ရုံမှ တာဝန်ရှိသူ တဦးက ပြောသည်။

"ဟုတ်ကဲ့ ဆန္ဒပြတာ မှန်ပါတယ်။ ဒီနေ့ နေလည်ထမင်းစားပြီးချိန် ကတည်းကပါ။ ခုထိမပြီးသေးဘူး။ လစာတိုးဖို့ ပြောတာပါ" ဟု ပြောသည်။

ဆန္ဒပြအလုပ်သား ၁၄၀၀ ခန့်သည် နေ့လည် ထမင်းစားပြီးချိန်မှ စ၍ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ပြီး စက်ရုံမှာ ကိုရီးယားနိုင်ငံသားက ရင်းနှီးမြုပ်နှံထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များကို စက်ရုံမှ တာဝန်ရှိသူများနှင့် ယခုချိန်ထိ ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ဇန်နဝါရီလအတွင်း အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့် ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတခုတွင် အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့သလို၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

Ref ; www.mizzimaburmese.com