Showing posts with label ကာလပေါ် သတင်း. Show all posts
Showing posts with label ကာလပေါ် သတင်း. Show all posts

Friday, September 11, 2009

အငဲ၏စီးရီးသစ် (၃) ရက်အတွင်း အချပ်ရေ (၁) သောင်းနီးပါး ရောင်းရ

ဝီရ / ၁၁ စက်တင်ဘာ ၂၀၀၉

၂၀၀၉ ခု (၉) လပိုင်း၊ (၉) ရက်နေ၊ မနက် (၉) နာရီတိတိတွင် နိုင်ငံအနှံ့ ဖြန့်ချိလိုက်သည့် အဆိုတော်အငဲ၏ “ကိုး” အမည်ရှိ တေးစီးရီးသစ်သည် လူငယ်များ၏ စိတ်ဝင်စားမှု ခံနေရပြီး ယနေ့ (၃) ရက်အတွင်း ပြည်တွင်း၌ အချပ်ပေါင်း (၁) သောင်းနီးပါး ရောင်းချခဲ့ရကြောင်း သိရသည်။
“သုံးရက်ပဲ ရှိသေးတယ် ဖြန့်တာ။ အချပ်ပေါင်း (၉) ထောင်ကျော် ကုန်သွားပြီဗျ။ ညနေအထိ စာရင်းမဟုတ်သေးဘူး။ နယ်မြို့ဘက်က အခွေမလောက်တာတွေ ရှိတယ်။ ထပ်မှာတဲ့မြို့တွေက ဒီမြန်မာပြည်အထက်ပိုင်းက များတယ်။ ဒီခွေက နာမည်ကြောင့် လူငယ်တွေ စိတ်ဝင်စားတာလို့တော့ ပြောလို့ရပါတယ်” ဟု အငဲ၏ “ကိုး” တေးစီးရီးအား ထုတ်လုပ်ဖြန့်ချိပေးသည့် Iron Cross Music Entertainment မှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။
နာမည်ကြီး ရော့ခ်အဆိုတော် အငဲသည် တေးစီးရီး နာမည်ပေးရာတွင် ကိန်းဂဏန်းများကို ဦးစားပေး ရွေးချယ်တတ်ပြီး အခုထွက်ရှိသည့် ၎င်း၏ (၉) ခွေမြောက် တေးစီးရီးကိုလည်း အမှတ်တရ ဖြစ်စေလိုသည့် ဆန္ဒဖြင့် အငဲကိုယ်တိုင် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် တပတ်အတွင်း အရောင်းရဆုံး တေးစီးရီးတွင် ယခုအခွေသည် ရှေ့ဆုံးမှ ဦးဆောင်နေကြောင်း I.C. Music Entertainment မှ တာဝန်ရှိပုဂ္ဂိုလ်က ရှင်းပြသည်။ယခု တေးစီးရီးသည် အငဲ၏ ပထမဆုံးသော ကိုယ်ပိုင်သံစဉ် သီချင်းခွေဖြစ်ပြီး ဖိုးဇော်၊ မီဂျူးတို့နှင့်အတူ နာမည်ကြီး တေးရေး၊ တေးဆိုများဖြစ်သည့် မောင်မောင်ဇော်လတ်၊ လင်းလင်း၊ နောနော်တို့က ရေးစပ်သီကုံးထားသည်ကို Iron Cross တီးဝိုင်းက တီးခတ်ပေးထားသည်။အငဲ၏ “ကိုး”ဟူသော ခေါင်းစဉ်သည် အခွေထဲတွင် ပါသည့် သီချင်း (၁၂) ပုဒ်၏ ခေါင်းစဉ်တွင် မပါဝင်သည်သာမက စာသားတွင်လည်း ထည့်သွင်းထားခြင်း မရှိသည့်အတွက် တေးသီချင်း ဝေဖန်ရေး အသိုင်းအဝိုင်း၏ ဝေဖန်ထောက်ပြမှု ခံနေရသည်။ ပြည်တွင်း ဂျာနယ်သတင်းထောက်တဦးက “အရင်က အငဲထုတ်တဲ့ (၆) ခွေမြောက်မှာ “ဆဌမအာရုံ” ဆိုပြီး စီးရီးနာမည်အနေနဲ့ ပေးခဲ့ဖူးတယ်။ (၇) ခွေမြောက်မှာလည်း “ခုနှစ်ထွေအက” ပေးခဲ့တယ်။ ဒါပေမယ့် အခုဝေဖန်နေတာက ဟိုတုန်းက စီးရီးနာမည် တွေက သီချင်းခေါင်းစဉ်တပုဒ်အနေနဲ့ ပါတယ်။ အခု စီးရီးနာမည်အနေနဲ့ပဲ ပါလာတာကို ဝေဖန်နေကြတာ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ သူ့စီးရီးနာမည်ကို သူကြိုက်သလို ပေးခွင့်တော့ ရှိတာပေါ့ မဟုတ်ဘူးလား” ဟု ပြောသည်။“ကိုး” ဂဏန်းသည် မြန်မာစစ်အစိုးရအဆက်ဆက် မကြိုက်မနှစ်သက်သည့် နံပါတ်တခု ဖြစ်နေသောကြောင့် ယင်းကဲ့သို့ လူအများ၏ စိတ်ဝင်စားမှုကို ခံနေရခြင်းသာဖြစ်ကြောင်း အဆိုပါသတင်းထောက်က ဆက်လက်ပြောကြားသည်။အငဲ၏ အစ်ကိုအရင်း နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူ၏ “ပါဝါ ၅၄” တေးစီးရီး ခေါင်းစဉ်အား မြန်မာအာဏာပိုင်တို့က “၅၄” နံပါတ်ကို ပြန်လည်ဖြုတ်ပေးရန် တောင်းဆိုခဲ့သဖြင့် နောက်ပိုင်းတွင် “ပါဝါ” ဟူသည့် နာမည်ဖြင့်သာ ပြန်လည် ဖြန့်ချိခဲ့ရသည်။
အငဲ၏ စီးရီးသစ်ကို ရန်ကုန်မြို့တွင် စီဒီတချပ် (၁,၅၀၀) ဝန်းကျင်ဖြင့် ရောင်းချနေသော်လည်း ထိုစီးရီး မလောက်ငသည့် မော်လမြိုင်မြို့တွင် ခိုးကူးခွေ တချပ် (၃၀၀) ကျပ် ရောင်းနေရာမှ အငဲအခွေအား တချပ်လျှင် ကျပ် (၅၀၀) ဖြင့် လမ်းဘေးဆိုင်များတွင် ရောင်းချနေကြောင်း စုံစမ်း သိရှိရသည်။ယခုထွက်ရှိသည့် အငဲ၏သီချင်းများတွင် သီချင်းတဝက်ကျော်တွင် အငဲ၏ ကိုယ်ပိုင်ဟန် ပျောက်နေကြောင်း၊ တေးသီချင်း အများစုမှာ တေးရေးသူများ၏ ဟန်များကိုသာ အငဲက လိုက်ဆိုထားသလို ပြန်ကြားရမည် ဖြစ်ကြောင်း တေးရေးဆရာက သုံးသပ်ပြသည်။
သီချင်းခေါင်းစဉ်များမှာ ငရဲတပိုင်း၊ မယုံနိုင်ဘူး၊ အမှတ်တရဒဏ်ရာ၊ ဗျူဟာ၊ မီးမရှို့နဲ့၊ အိပ်မက်ပုံပြင်၊ မုဆိုး၊ နောက်ဆုံးမိနစ်၊ ကြိုတင်ကြံစည်မှု၊ အိမ်၊ ငါ့စိတ်နဲ့ငါ၊ ငါသေနိုင်တယ်တို့ဖြစ်ပြီး ၎င်းတို့အနက် ပရိသတ်အလွယ်တကူ ကြိုက်စေမည့် သီချင်းမှာ “အိပ်မက်ပုံပြင်” ဖြစ်လိမ့်မည်ဟု နားထောင်သူများက ပြောသည်။ရောခ့်အဆိုတော် အငဲသည် “ဝိညာဉ်များနှင့် ကခုန်ခြင်း” စီးရီးဖြင့် စတင်ထွက်ရှိခဲ့ပြီး “ဟိုး ဝေးပြီ ဘေဘီ”၊ “ခါး” စသည့် သီချင်းများသည် လူကြိုက်များပြီး ယခုအခါ တကိုယ်တော်အခွေ (၉) ခွေနှင့် အတွဲခွေ (၂၀)ကျော် ပါဝင်သီဆိုခဲ့သည်။
ဖြန့်ချိခဲ့သည့် စက်တင်ဘာ (၉) ရက်နေ့ ညနေပိုင်းတွင်ပင် အငဲ၏ အခွေသစ် MP3 ဖိုင်သာမက သီချင်းစာအုပ်နှင့် မျက်နှာဖုံးများကိုလည်း ကူးယူနားထောင်နိုင်ရန် ပြည်ပအင်တာနက် ဝက်ဘ်ဆိုက်တချို့တွင် တင်ထားသည်ကို ဝမ်းနည်းစွာ တွေ့ရကြောင်း ပြည်တွင်းတေးရေးဆရာတဦးက ပြောသည်။
ခေတ်ပြိုင် ဝဘ်ဆိုဒ်