Showing posts with label လေးဆယ့်ရှစ်ဆိုတာ. Show all posts
Showing posts with label လေးဆယ့်ရှစ်ဆိုတာ. Show all posts

Saturday, July 25, 2009

လေးဆယ့်ရှစ်ဆိုတာ …. အပိုင်း (၄)

၁၉၈၈ - ကနေ ၁၉၉၉ အထိ ကာလတွေဟာ လေးဆယ့်ရှစ်ရဲ့ ဗမာဆံဆံ နှစ်များလို့ဆိုရပါမယ်။ ရွာထိပ်က စဝင်လာတာနဲ့ ဗမာသီချင်းတွေကိုစပြီးကြားရမှာ ဖြစ်ပါတယ်။ ဗမာ လူငယ်ထုရဲ့ ရင်ခုံသံဖြစ်တဲ့ လ္ဘက်ရည်ဆိုင် ယဉ်ကျေးမှုဟာ ဒီရွာကလေးမှာ အမြင့်မားဆုံး အောင်လံစိုက်ခဲ့ဘူးတယ်လို့ ပြောရမှာပါဘဲ။ တခုတော့ပြောစရာ ရှိတာပေါ့ လ္ဘက်ရည်ဆိုင်မှာ ယမကာပါ တွဲပြီးရောင်းတာလေးတော့ ရှိသပေါ့လေ။ ရွာထိပ်က စဝင်လိုက်တာနဲ့ ဦးအောင်မြင့်ရဲ့ လ္ဘက်ရည်ဆိုင်၊ ဒေါ်မွှေးလ္ဘက်ရည်ဆိုင်၊ မဲ့ဆော့တ်က ထိုင်းတယောက် လာဖွင့်ခဲ့တဲ့ ကာဖီဆိုင်၊ ကိုစောထူးဒေး လ္ဘက်ရည်ဆိုင်၊ တရုပ်လ္ဘက်ရည်ဆိုင်နဲ့ ဦးဆိုင်ဖုံး လ္ဘက်ရည်ဆိုင်တွေ ရှိခဲ့ဘူးတယ်။ ခုတော့ဖြင့် လ္ဘက်ရည်ဆိုင် သုံးဆိုင်သာ အောင်လံထူနိုင်ပါတော့တယ်။ ဟိုတချိန်ကတော့ အသေးစား စက်မှုလုပ်ငန်းနဲ့ ဗမာတွေရဲ့ လုပ်အားကို ပေါင်းစပ်ပြီး ရွာကလေးက ရှင်သန် ထမြောက် လာစေခဲ့တာပါ။ အော်တော်မိတစ် မီးသီးတွဲတွေ တတ်ဆင်တဲ့ စက်ရုံငယ် ၂ ခုနဲ့ ရွာကလေးမှာ ဗမာအလုပ်သ္မားတွေ စည်ပင်ခဲ့ဖူးတယ်လေ။ ထ္မင်းစားဖို့ဆိုရင် လပေးနဲ့ဖြစ်ဖြစ် နပ်ကောက်ဘဲဖြစ်ဖြစ် စားလို့ရတဲ့ ဒေါ်မြင့်ထ္မင်းဆိုင်၊ ဖွားကတုံးထ္မင်းဆိုင်၊ မီးသီးစက်ရုံထဲမှာ ဖွင့်ထားတဲ့ ထ္မင်းဆိုင်တွေမှာ အစဉ်ပြေပြေ စားလို့ရတာပေါ့။ လဘက်ရည်ဆိုင်က အစ ကုန်စုံဆိုင်အဆုံး တူညီတာတခုတော့ ရှိပေသပေါ့၊ ဘယ်သူဖွင့်ထားတဲ့ ဘာဆိုင်ဘဲဖြစ်ဖြစ် အသေးဆုံး ၁၀ လက္မ ဆောင်းဘောက်နဲ့ ထီးဆိုင်၊ ကျော်ဟိန်း၊ ခိုင်ထူး၊ ကိုင်ဇာ၊ ဒီလိုဗမာသီချင်းတွေကို အသံကုန် အပြိုင် ဖွင့်ထားကြတာပါဘဲ။ မြင်သာအောင် ပမာတင်ပြီး ပြောရမယ် ဆိုရင်တော့ ဗမာပြည်က ရွာဘုရားပွဲ ဈေးခင်းထဲ ရောက်သွား သလိုမျိုးပေါ့။
ဒီလို ဗမာအလုပ်သ္မားတွေနဲ့ စည်ကား ဖွံ့ဖြိုးခဲ့တဲ့ ကာလ ကဘဲ ရွာဦး ဗမာ ဘုန်းတော်ကြီးကျောင်းမှာ စေတီတဆူ တည်ထားကိုးကွယ်ခဲ့ကြတာပါ။ဘုန်းတော်ကြီး ကျောင်းတည်ရှိရာ မြေဟာ ထိုင်းသာသနာမြေ မဟုတ်ပါဘူး။ ရွာတည်ခဲ့သူ ဝဏ္ဏဆွန်ချိုင်းရဲ့ ပုဂ္ဂလိက ကောင်းမှု ဖြစ်ပါတယ်။ အဝန်းအဝိုင်း သုံးဧကခွဲလောက်ရှိပါတယ်။ ဗမာဘုန်းတော်ကြီးကျောင်းဟာ ရွာကလေးရဲ့ အရှေ့တောင် ယွန်းယွန်းမှာရှိနေပါတယ်။ ဗမာဘုန်းတော်ကြီးကျောင်းနဲ့ ထိုင်းစာသင်ကျောင်းဟာ ရွာကလေးရဲ့ထိပ် မှာရှိနေပြီး မဲ့ဆောတ် အုန်းဖန် အဝေးပြေး ကားလမ်းမကြီးက စည်းခြားထားပါတယ်။ ရွာကလေးကနေ တဖြည်းဖြည်းနိမ့် လာခဲ့တဲ့ မြေပြင်စောင်း အနိမ့်ပိုင်းမှာ ဗမာဘုန်းတော်ကြီး ကျောင်းရှိနေတာတယ်။ ရွာကလေးရဲ့ အစည်ကားဆုံးကာလတွေမှာ စေတိတဆူ တည်ထား ကိုးကွယ်ဖြစ်ခဲ့သလို အဲဒီကာလတွေ မှာဘဲ ဗမာကလေးငယ်တွေရဲ့ ပညာရေးအတွက် စာသင်ကျောင်းကလေး အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ ဒီရွာကလေးကို စတင်တည်ခဲ့ချိန်ကလည်း ထူးခြားတဲ့ နိုင်ငံရေး အခင်းအကျင်းတွေရှိခဲ့သလို ဇိနစက္ကမာန်အောင် လို့ အမည်ရတဲ့ ရွာဦးစေတီကို တည်ထားကိုးကွယ်ရာမှာလည်း ထူးခြားတဲ့ ဝိသေသတွေ ရှိခဲ့ပါတယ်။ သာမည ဆရာတော်ကြီး၊ မြိုင်ကြီးငူ ဆရာတော်နဲ့ လွတ်မြောက် နယ်မြေရောက် တော်လှန်ရေး သမားတွေရဲ့ မတူကွဲပြားတဲ့ အခြေအနေ၊ အတူဆုံတဲ့ ကောင်းမှုရေစက်တွေဟာ ဒီစေတီတည် ခဲ့တဲ့ အချိန်မှာ ပေါင်းစုခဲ့ဘူးတယ်လို့ ဆိုပါတယ်။ အခု လက်ရှိ ကာလမှာ ကော့မူးရာမြို့နယ်ရဲ့ ( KYO ) ကရင်လူငယ် အစည်းအရုံး ဥက္ကဌ ဖြစ်သူ ဦးစောထူးဒေးဟာ ရွာဦးစေတီတည်ထား ကိုးကွယ်ရာမှာ မတည် ဒါယကာတဦးပါဘဲ။ စေတီတည်ထားကိုးကွယ်စဉ်က မြင်ကွင်းတွေနဲ့ အခင်းအကျင်းတွေကို ပြည့်ပြည့်စုံစုံ ပြောပြနိုင်ဖို့ ကိုလည်း စီစဉ်နေပါတယ်။
ကာလ တွေပြောင်းလွဲလာခဲ့ပြီး အရင်က တည်ရှိခဲ့တဲ့ မြေနီလမ်းတွေနေရာမှာ နိုင်လွန် ကတ္တရာလမ်းတွေ ကွန်ကရစ်လမ်းတွေနဲ့ အစားထိုးကာ ရွာကလေးကတော့ အပြိုင်းအရိုင်းထလို့ တိုးတက် လာခဲ့ပါတယ်။ ဒါပေမဲ့လို့ ရွာကလေးမှာ ခိုလှုံခဲ့ကြတဲ့ ဗမာအလုပ်သ္မားတွေရဲ့ ဘဝကကော ဘယ်လိုများပြောင်းလဲခဲ့ပါသလဲ။ အရင်က ဗမာလုပ်သား ၅၀၀ လောက်ကို အလုပ်ကိုင် အခွင့်အလမ်းတွေ ပေးခဲ့တဲ့ မီးသီးရုံ ၂ ရုံကတော့ ၁၉၉၅ ခုနှစ်လောက်မှာ လုပ်ငန်းကျဆင်း ခဲ့ပြီး ၁၉၉၈ မှာတော့ လုံးဝ လုပ်ငန်းရပ်ဆိုင်း သွားပါတယ်။ ဒီလို မီးသီးရုံတွေရဲ့ လုပ်ငန်း ကျဆင်းခဲ့ရတာဟာ ၁၉၉၃ ခုနှစ်က ရွာခေါင်းဆောင် ဝဏ္ဏ စွန်ချိုင်း ကွယ်လွန် ပြီးချိန်ကစခဲ့တာပါ။ ဒီမီးသီးစက်ရုံ ၂ ရုံလုံးဟာ ဦးစွန်ချိုင်း ပိုင်ဆိုင်တာပါ။ သူကွယ်လွန်ပြီးတော့ သူ့ဇနီး ဒေါ်ကျူရီ က ဆက်လက် တာဝန်ယူခဲ့ပေမဲ့လို့ လုပ်ငန်းအောင်မြင်ဖို့ မစွမ်းနိုင်တော့တဲ့ အချိန်မှာ စက်ရုံတွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်။ မီးသီးရုံတွေ ပိတ်ခဲ့ပေမဲ့ အခြား အခြေခံ အလုပ်တွေဖြစ်တဲ့ တောင်ယာ လုပ်ငန်းတွေက အလုပ်သ္မားအများစုကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးထားသေးတာမို့ အခြေအနေ ဆိုးလှတယ်လို့တော့ မဆိုနိုင်သေးပါဘူး။
၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံ ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒများအရ ပြုလုပ်ခဲ့တဲ့ ဗမာအလုပ်သမား အတင်းအဓမ္မ ဖမ်းဆီးပြန်ပို့ရေး အစီအစဉ်ကြောင့် ရွာကလေးမှာ ထင်သာမြင်သာ နေလာခဲ့ကြတဲ့ ဗမာအလုပ်သ္မားတွေ တကွဲအပြားဆီ ပြေးကြရတော့တာပါဘဲ။ ၆ လတာ ကာလ အတွင်း ထိုင်းနီုင်ငံ အနှံအပြားက ဗမာ အလုပ်သ္မား ၄ သိန်းကျော်ကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခဲ့တဲ့ ဒီစီမံချက်ကို ရွာကလေးမှာ မှီခိုခဲ့တဲ့ ဗမာတွေလဲ ခံခဲ့ရတာပါဘဲ။ ချစ်သူတွေလည်း ဝေးရတယ်၊ မုန်းသူတွေလည်း ဝေးရတယ်၊ ခင်သူတွေလည်း ခွဲခွာရတော့တာပါဘဲ။ တနှစ်ထက်တနှစ် ပိုမိုတင်းကြပ် လာတဲ့ ထိုင်းလူဝင်မှုဥပဒေ၊ အလုပ်သ္မား ဥပဒေ တွေကြောင့် အရင်က ထင်သာမြင်သာ နေခဲ့တဲ့ ဗမာ အလုပ်သ္မားတွေဟာ ခုဆိုရင် ရွာရဲ့ လမ်းဆွယ် လမ်းကြားတွေမှာသာ နေခွင့်ရပါတော့တယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ ထိုင်းလူဝင်မှု ဥပဒေအကြောင်းရယ် ရွာခေါင်းဆောင် ဝဏ္ဏစွန်ချိုင်း ကွယ်လွန်သွားတာကြောင့်ရယ်လို့ဆိုကြပါတယ်။ သူရှိစဉ်က ဒီရွာကလေး နဲ့ ဒီဒေသ အဝိုက်မှာ သူသြဇာက ကြီးမားပါတယ်၊ ဒီရွာကလေးကို ထိုင်းရဲ ဝင်ရောက်ဖမ်းဆီးမှုတွေ ဝင်လုပ်လို့မရပါဘူး၊ အုပ်ချုပ်မှု အဝဝကို သူ့လက်ထဲမှာ ကိုင်ထားတာပါ။ ရွာမှာနေထိုင်နေတဲ့ ဗမာတွေကို သူက ကြောထောက်နောက်ခံ လုပ်ပေးထားတာလို့ ပြောလို့ရပါတယ်။
သူမရှိတော့တဲ့ နောက်ပိုင်း ပြောင်းလဲတက်လာခဲ့တဲ့ သူကြီးတွေဟာလည်း ဗမာပြည်ကနေ ဒီမှာ အချေချ ခဲ့သူတွေပါဘဲ။ ဒါပေမဲ့လို့ နောက်ပိုင်း သူကြီးတွေကတော့ ဗမာအလုပ်သ္မားတွေကို ထိုင်းစစ်စစ်တွေထက်တောင် ပိုမိုခါးသီးပြပြီး ထိုင်းနိုင်ငံသား စစ်စစ်ဖြစ်ကြောင်း ပြလိုကြတဲ့အတွက် ခုတော့ဖြင့် ဒီရွာကလေးရဲ့ လမ်းမကြီး ဘေး ၂ ဖက်မှာ ဗမာဈေးဆိုင်တွေ ဖွင့်ခွင့်မပေးတော့ပါဘူး။ ၂၀၀၉ ဖေဖေါ်ဝါရီလ လောက်က ထုပ်ခဲ့တဲ့အမိန့်ထဲမှာ ဒီရွာမှာ အလုပ်သ္မားလက်မှတ် လုပ်ထားသူကိုသာ ရွာခံတွေရဲ့ ခြံဝန်းအတွင်း ငှါးရမ်းနေထိုင်ခွင့်ပေးရမယ်။ ယောက်ျားမှာ လက်မှတ်ရှိပြီး ဇနီးနဲ့ ကလေးတွေမှာ လက်မှတ်မရှိရင် မထားရဘူးလို့ ရွာဥပဒေထုပ်ခဲ့တာမို့ အိမ်ငှားတဲ့ ရွာခံတွေလဲနစ်နာ ငှါးရမ်းနေထိုင်သူ ဗမာအလုပ်သ္မားတွေလဲ ဟိုပြေးဒီပြေး ဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ရွာခံအများရဲ့ အတိုက်အခံ လုပ်မှုကြောင့် ဗမာအလုပ်သ္မားတွေ တစတစပြန်ဝင်လာကြပေမဲ့ အရင်လိုတော့ စည်စည်ကားကား ပြန်ဖြစ်မလာတော့ပါဘူး။ ခုတော့ဖြင့် အဲသလို အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း ဒီရွာကလေးမှာ ဗမာပြည်သား အလုပ်သ္မားတွေ နောက်တန်း အောက်တန်း ကျလာလိုက်တာ တခြားရွာကလေးတွေမှာ အလုပ်လုပ်နေကြတဲ့ ဗမာ အလုပ်သ္မား တွေနဲ့တောင် မယှဉ်နိုင်အောင် ဖြစ်လာပါတော့တယ်။ ဘယ်လို အခက်အခဲ ကန့်သပ်ချက်တွေ ရှိနေသော်လည်းဘဲ ဗမာအလုပ်သ္မားများကတော့ ဒီရွာကလေးမှာ ဝင်လာလိုက် ထွက်ခွာလိုက်နှင့် အဝမ်းတခါး အတွက် ရုန်းကန်နေဆဲ ကြိုးစားတည်ဆောက် နေကြဆဲပင်ဖြစ်ပါတယ်။

ဆက်လက်ဖေါ်ပြပါဦးမယ် .......

Tuesday, July 21, 2009

လေးဆယ့်ရှစ်ဆိုတာ …. အပိုင်း (၃)



ရွာကလေးဟာ တောင် မြောက် အလျားလိုက်တည်နေတဲ့အနေအထားမှာ ၃ လမ်းပြိုင် အရှည် တမိုင် ခွဲလောက်ရှိပါတယ်။ ရွာလည် အဓိကလမ်းမကြီးမှာ အခုတော့ ထိုင်းတွေဖြစ်နေကြပီဖြစ်တဲ့ တရုပ်နဲ့ ရှမ်းလူမျိုးတွေ အများစု နေထိုင်ကြတယ်။ ဘေး ၂ ဘက်က လမ်းတွေမှာတော့ လားဟူနဲ့ အီကော လူမျိုးစုတွေ နေထိုင်ကြပါတယ်။ အဲဒီလမ်း ၃ လမ်းစလုံးရဲ့ အကျိုအကြားတွေထဲမှာတော့ ကျနော်တို့တွေပေါ့။ လားဟူနဲ့ အီကော အများစုက ထိုင်းတောင်ပေါ်သားလက်မှတ်သာ ရကြပါသေးတယ်။ ထိုင်းနိုင်ငံသား မှတ်ပုံတင် စစ်စစ် ရတဲ့သူက နည်းပါသေးတယ်။ တူညီတာတခုကတော့ သူတို့အားလုံးဟာ ဗမာပြည်ကနေ ထိုင်းမြေထဲဝင်လာပြီး အခြေချနေထိုင်သူတွေဖြစ်ပါတယ်။ နောက်တူညီတာတခုက သူတို့အားလုံးဟာ ဒီရွာကိုတည်ခဲ့တဲ့ စစ်ခေါင်ဆောင် ၀ဏ္ဏစွန်ချိုင်းရဲ့ တပ်သားများနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ၊ နီးစပ်သူတွေ ဖြစ်ပါတယ်။
ဒီဒေသကို ခြေကုတ်ယူပြီး ထိုင်အစိုးရကို တိုက်ခိုက်ခဲ့တဲ့ မုန်းလူမျိုးတပ်ဖွဲ့တွေကို နှိမ်နှင်းခဲ့သူ ၀ဏ္ဏစွန်ချိုင်းရဲ့ အဓိက အထောက်အပံ့က ကူမင်တန်တပ်ဖွဲ့တွေဆီက ဖြစ်ခဲ့ပြီး တပ်သားအင်အား အများစုဟာ ဗမာပြည်ထဲ ကျွံဝင်လာပြီး လွတ်လပ်ရေးရကာစ ဗမာပြည်ကို အတော်အတန်ဒုက္ခပေးသွားခဲ့သေးတဲ့ တရုပ်ဖြူတွေ အခြေစိုက်ထားတဲ့ ရှမ်းပြည်နယ်ထဲက တပ်သားများနဲ့ မူလ ဘိန်းဘုရင် လော်စစ်ဟန်နဲ့ လော်စစ်ဟန်ကို ဆက်ခံခဲ့သူ ခွန်ဆာတို့ရဲ့ တပ်ဖွဲ့ဝင် အင်အားတွေဖြစ်ပါတယ်။
မုန်းလူမျိုးတပ်တွေကတော့ တရုပ်ပြည်မကြီးရဲ့ အဆက်အနွယ်တွေဖြစ်ပါတယ်။ ထိုင်းအစိုးရကို တော်လှန်ပုန်ကန်ရာတွင်လည်း မုန်းလူမျိုးများသည် ထိုင်းကွန်မြူနစ်များနဲ့ လက်တွဲခဲ့ပါတယ်။ ကနေ့ လက်ရှိအချိန်မှာတော့ ဗမာပြည်က ချင်းရွှေဟော် …. မှသည် …. မန္တလေးအထိ ဒီဒေသမှာနေ နေတဲ့ မုန်းလူမျိုးတွေရဲ့ ဆွေမျိုးမောင်နှမတွေ အခြေချနေကြပါပြီ။ မုန်းလူမျိုးတွေကို ဒီဒေသမှာနေတဲ့ ဗမာပြည်သားတွေက မျှော့ လူမျိုးတွေလိုပဲ ခေါ်ကြပါတယ်။
ရွာရဲ့ခေါင်းဆောင် ၀ဏ္ဏစွန်ချိုင်းကို ၁၉၈၀ ၀န်းကျင်လောက်မှာ ထိုင်းဘုရင် ဘူမိဘော အဒူလာဒက် က တွေ့ဆုံဖူးမျှော်ခွင့်ြ့ပုခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ကိုင်ဖို့ အခွင့်အပ်နှင်းခဲ့တယ်လို သိရပါတယ်။ ကျနော်တို့ ဗမာပြည် ပဒေသရာဇ်လက်ထက်က ဘုရင်ကိုအကျိုးပြုသူတွေကို မြောက်စားပြီး နယ်စားပေးတဲ့ သဘောပါပဲ။
၄၈ ရွာကလေးတည်ဦးစက ဒီရွာကလေးမှာ မုန်းလူမျိုးတွေကို အခြေချနေထိုင်ခွင့်မပေးခဲ့ပါဘူး။ ဗမာတွေကိုတော့ နေထိုင်ခွင့်ပေးခဲ့ပါတယ်။ ရွာခံအများစုကလည်း ဗမာစကား ပြောနိုင်ကြသူတွေပါ။ ရှေးဦး ပြောင်းရွှေ့လာကြတဲ့ ဗမာအများစုဟာ KNU တပ်ဖွဲ့တွေ အခြေစိုက်ခဲ့ဖူးတဲ့ ဖလူးဒေသကို န၀တ အာဏာပိုင် တွေရဲ့ တပ်တွေ ၀င်ရောက်စီးနင်းသိမ်းပိုက်ပြီး ကာလမှာ စတင်ခဲ့ပါတယ်။ ဖလူးစခန်းဟာ မြ၀တီမြို့ နယ်နိမိတ်ထဲမှာရှိပါတယ်။ KNU တပ်တွေရဲ့ ခွဲခြားသက်မှတ်ချက်အရဆိုရင်တော့ KNU တပ်မဟာ (၆) ဂွင်ထဲမှာ ရှိပါတယ်။
ဖလူးစခန်းကျပြီးတဲ့အချိန် အဲဒီဒေသမှာ နေထိုင်ခဲ့ကြတဲ့ ရှမ်း (ထိုင်း)၊ တွေက မဲ့ကိုကင်း မဲ့ကူလွမ်၊ မဲ့ကု့နွှဲ့စတဲ့ ထိုင်းရွာတွေဆီကို ပြောင်းရွှေသွားခဲ့ကြပါတယ်။ ကရင်လူမျိုးအများစုကတော့ ဖုတ်ဖတ်မြို့နယ်ထဲက မောကဲ ဒုက္ခသည်စခန်းထဲကို ၀င်ရောက်သွားခဲ့ကြပါတယ်။ အဲဒီဒေသမှာနေတဲ့ ဗမာအများစုကတော့ မဲဆောက်မြို့နဲ့ အထူးအားဖြင့် ၄၈ ရွာကလေးဆီကို ခိုဝင်နေထိုင်ခဲ့ကြပါတယ်။ ထိုအချိန်ကတည်းက ခိုဝင် ရောက်ရှိလာသူများထဲတွင် ယခုတိုင်ရှိနေသူတချို့ ကျန်နေပါသေးတယ်။ အခွင့်သာရင် ထိုသူများရဲ့ ပြောကြား ချက်တွေကိုလည်း မိတ်ဆက်ပေးပါဥိးမယ်။
အဲဒီလို ဗမာပြည်သားတွေ အခြေချရောက်ရှိခဲ့ခြင်းကပဲ ဘန့်လောင်ကောက်စဟာမစ် လို့ခေါ်တဲ့ ထိုင်းအမည်ကို လူသိနည်းစေခဲ့ပြီး ၄၈ ၊ ထိုင်း ဘာသာဖြင့် စီစီ့ပတ် ဆိုတဲ့ အမည်တွင်လာခဲ့တာဖြစ်ပါတယ်။ ၄၈ ရွာထိမ်မှာ 48 Km ဆိုတဲ့ ကီလို မှတ်တိုင်ရယ် ဘန့်လောင်ထိုင်းစဟာမစ်လို့ ရေးထားတဲ့ ရွာဆိုင်းဘုတ်ရယ် ရှိပါတယ်။ ဒါပေမယ့် ဗမာတွေက ထိုင်းစာမဖတ်တက်တော့ ဘယ်သွားမလဲမေးရင် ၄၈ (စီစိ့ပတ်)၊ ဘယ်မှာနေသလဲမေးရင် စီစိ့ပတ်၊ အဲဒိလိုပြောရင်းကနေ ကာလအတန်ကြာလာတော့ ဒိဒေသကို ပြေးဆွဲတဲ့ လိုင်းကားတွေမှာပါ ဘန့်လောင်ထိုင်းစဟာမစ် …. မဲဆောက် ဆိုတဲ့စာကို ဖြုတ်ခဲ့ရပြိး ၄၈ …. မဲဆောက် ဆိုတဲ့ စာကို ပြောင်းလဲ တပ်ဆင်လိုက်ရပါတော့တယ်။

ဆက်လက်ဖေါ်ပြပါဦးမယ် ……..