Showing posts with label အခန်းဆက် အဖွဲ့အနွဲ့. Show all posts
Showing posts with label အခန်းဆက် အဖွဲ့အနွဲ့. Show all posts

Monday, October 5, 2009

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် (အပိုင်း ၄ )


ဘ ကိုကြီးရေးသည်

အိမ်နားရောက်လေ ရင်မှာ ဖိစီးမှု တခုဖြစ်လာသလို ခံစားရသည်။ ထိုခံစားမှုက ဘာရယ် အသေချာ မသိသော်လည်း အပြစ်မကင်းသော ကိုယ့်ကိုကိုယ် သိသည့်စိတ်က နိုးဆော်ထားမှန်းလည်း သိနေမိပြန်သည်။ သုံးနှစ်ကျော်မျှ မိသားစုနှင့် ခွဲခွာခဲ့ချိန် အတွင်း သာကြောင်းမာကြောင်း ကလေးမျှ စာတစောင် ပေတဖွဲ့ မရေးမိ အကြောင်းမကြား ဖြစ်ခဲ့သော ကိုယ့်လိုအပ်ချက်တွေကို နောင်တရနေမိသည်။ အိမ်နားအရောက်မှာတော့ အိမ်ရှေ့ကိုထွက်ကြိုနေသော ကြီးဒေါ်ကြီးကိုတွေ့ရသည်။
- ဟယ် မောင်လွင်ရယ် အကြောင်းမကြား ဘာမကြား သေမှန်းမသိ နေမှန်းမသိ၊ နေနိုင်လိုက်တာဟယ်၊
- ဘာပူစရာလဲ အကြီးရာ အကြီးတူ သံမဏိဘဲဟာ၊ အချိန်တန် အိမ်ပြန်လာမှာပေါ့၊
- အေးလေ ပြန်ရောက်ခါမှ ရောက်ပေါ့၊ တကထဲဟယ် .. နေနိုင်ထာ၊ တနှစ်နေလို့ သာကြောင်းမာကြောင်းလေး စာတစောင်လောက် ရောက်ဆို ဟုတ် ဟုတ်သေးတော့၊ မဟုတ်ဘူးလား မောင်ဝင်းသိန်းရဲ့၊
- ဟုတ်တယ် အကြီးရ ဒီကောင် အတော်နေနိုင်တာဘဲ၊ လာတုန်းဆူထားမှ၊
- ဝက်မ အကြီးကိုထောင်ပေးမနေနဲ့၊ အဖေရှိနေလား အကြီး၊
- ရောက်နေပြီ၊ အမြင့်လည်း အစောလေးကတင် ကျောင်းကပြန်ရောက်လာတာ၊
အဖေ့ကို မွေးချင်းများနှင့် ဆွေမျိုးတသိုက်လုံးက နာမည်အဖျားစွတ်ပြီး အမြင့်၊ အမြင့် ခေါ်ကြသည်။ ငယ်စဉ်ကတော့ အဖေ့ကို မိန်းကလေး နာမည်တွေခေါ်သလို ခေါ်နေတာ လုံးဝ မနှစ်ချိုက်ခဲ့၊ အရွယ်လေးနဲနဲရ နယ်ဝေးမှာ မိသားစု ဆွေမျိုးနဲ့ခွဲခဲ့ချိန်မှသာ မိသားစု မေတ္တာတွေကို နားလည်လာရသည်။ အဖေက မွေးခြင်းထဲတွင်ကော တဝမ်းကွဲမွေးချင်း များတွင်ပါ အငယ်ဆုံး ဖြစ်လေသည်မို့ ချစ်စနိုးခေါ်ကြလေမှန်း သိလာရသည်။
- ငါလည်းပြန်တော့မယ် ဝင်းလွင်၊ ညဘယ်အချိန် လာခဲ့ရမလဲ၊
- ဟဲ့ ပြန်မှာလား၊ မင်းတို့မလဲ မောင်လွင်ပြန်လာမှ မျက်နှာတွေ့ရတော့တာ ဘဲကိုး၊
- ပြန်ရမယ်အကြီး၊ ဈေးကြိုပေးရဦးမှာ၊
- အေး ည ၇ နာရီခွဲလောက် ထွက်လာမယ်၊ ကျန်တဲ့ကောင်တွေပါ ခေါ်လာကွ နော..
- အေး ပါကွာ ခုလောက်ဆို ဟိုကောင်တွေလဲ မင်းပြန်ရောက်တာ သိလောက်ရောပေါ့ ၊
အိမ်ပေါ်မှာတော့ အဖေ ရေနွေးကြမ်းတအိုးနှင့် ထိုင်နေသည်ကိုတွေ့ရသည်။ ဘုရား ဝတ်ဖြည့်ပြီး အကြီးနှင့် အဖေ့ကို ဦးချ ကန်တော့လိုက်သည်။ ဒါလည်း ခရီးဝေးပြန်ရောက်တိုင်း ပြုနေကျ ပင်။
- ခွင့်ဘယ်လောက်ရလာလည်း၊
- ခွင့်မဟုတ်ဘူး အဖေ၊ ခုက ဒေးဆော့ နားရက် တလ ရလာတာ၊
- ဒါဆို မင့်း အရင်နှစ်တွေကကော၊
- လစာမပျက် နားရက်က ပါမစ်နစ် ဖြစ်မှ ရတာအဖေ၊ အရင်က နေ့စားလရှင်းဘဲ၊
- ဟ၊ ဟန်ကျသားကွ မင့်းအလုပ်က၊ ဘယ်တွေမှာရောက်ခဲ့လဲ၊ ခုက ဘယ်ကနေပြန်ခဲ့တာလဲ၊
- ရောက်တာတော့ အစုံဘဲ အဖေ၊ ရွှေပြည်သာ၊ နိဗ္ဗာန်၊ ပြည်၊ အခုက ချောက်ကနေ ပြန်လာခဲ့တာ၊ ရော့ ဒီမှာ အကြီး ၊
- ဟဲ့ ဘာအိပ်တုံး ..
- ပိုက်ဆံဘဲ အကြီး ၂၅၀၀၊ ဟိုကလေးတွေ ဘယ်ရောက်နေလဲ အကြီး တယ်ငြိမ်နေပါလား၊
- ဟဲ့ ဌေးလာတာပေါ့လေ၊ မင်းညီတွေတော့ ကျောင်ကပြန်လာပြီး ရေသွားချိုးနေကြတာ၊ သိတာနဲ့ ပြေးလာကြမှာပါ၊ ခေါက်ဆွဲများ ဝယ်လာသေးတယ် ထ္မင်းစားချိန်ကြီးမှန်း သိသားနဲ့ အပိုကုန်အောင် လုပ်တယ်နော်၊
အကြီးကိုတော့ ဘာမှပြန်မပြောဖြစ်တော့၊ ဒီလိုပြောလေဦးမည်ဟု သိပြီးသားမို့ အသာငြိမ်နေတာက ပိုပြီး ကောင်းလေမည်၊ သို့မဟုတ်လျှင် အပြစ်တင်စကားတွေ အမျှင်ဆက်လာချေဦးမည်ပင်။ စကားလက်စ မသတ်ခင်မှာပင် ကလေးတသိုက်၏ စီစီလောင်လောင် အသံတွေ ကြားနေရသည်။ အဖေကတော့ ခတ်ပြုံးပြုံးပင် ကြည့်နေလေသည်။
- ဟော ဟော ပြောရင်းနဲ့ လာကြပါပြီ စီလောင်မာကြွက်တို့ တတွေ၊ ဟဲ့ နင်တို့ အကိုကြီးပြန်ရောက် နေပြီဟဲ့၊
- ကိုကြီးရေ.. ကိုကြီးရေ
အော်ရင်းဟစ်ရင်း အိမ်ပေါ်ကို အပြေးတက်လာကြသော ညီတွေညီမတွေ၊
- ဟဲ့ ဟဲ့ ရေစိုတွေသွားလဲကြဦး တကထဲတော် …
- ဟာ … ရေတွေဘယ်လောက် ငုပ်လာလည်းကွာ မျက်စိတွေလည်း နီနေကုန်ပြီ၊ အငယ်မကတော့ ခုထိ ပုတုံး သေးတုံးဘဲ နော်၊ မင်းကတော့ ကိုကြီးကိုတောင် မှီနေပါရောလားဟ၊
- ကိုကြီး ဘာတွေဝယ်လာလဲ၊ စားစရာဘာဝယ်လာလည်း၊
- ပါတာပေါ့ အကြီးလုပ်ပေးလိမ့်မယ်။
- အင်းလေ .. ဘာတွေလဲလို့ဆို ၊
- ဟယ် .. ပြောနေရင်းနဲ့တောင် အမေးထူနေသေးတယ်၊ စကားဖေါမနေကြနဲ့ အဝတ်မြန်မြန်လဲ၊ ထမင်းစားဖို့ပြင်ရမယ်၊ မောင်လွင်လဲ ရေချိုးလိုက်ဦး၊ ဒီမှာဘဲချိုးလိုက်တော့ ကမ်းနားကို မဆင်းနေနဲ့တော့၊
အကြီးရဲ့ ဒီလိုလေသံတွေလဲ မကြားရတာ ကြာတောင့်ကြာလှနေပြီ၊ ရေမိုးချိုးပြီး ခဏနေတော့ မိသားစု ထမင်းဝိုင်း ဖွဲ့ကြတော့သည်။ ဒီလို မိသားစု စုံစုံလင်လင် ဝိုင်းဖွဲ့ မစားရတာ အတော်ကြာခဲ့ပြီမို့ စိတ်ထဲမှာ ရွှင်လန်းနေမိတော့သည်။ မိသားစုတခုလုံး စုံစုံညီညီ နှင့် လက်ရေတပြင်စီး နေခဲ့သော ကာလတွေကို ထားရစ်ခဲ့ပြီး ကိုယ်စိတ်ကိုယ့်ကိုယ် နေလာခဲ့စဉ်ကတော့ ဒီလို အခြေအနေတွေကို တခါမျှ ပြန်လည် လွမ်းဆွတ်ခဲ့ခြင်း မရှိခဲ့ပါဘဲလျှက် ခုလိုအခြေအနေကို ပြန်လည် မဖဲခွါ လိုတော့သလိုပင် ဖြစ်နေရသည်။
ညနေခင်းမှာ မြို့ငယ်ကလေးက တိတ်ဆိပ် ညိမ်သက်နေသည်။ တလျှောက်လုံး တာဝန်ကျခဲ့ရာ အညာမြေနှင့် မြေလတ်ဒေသများဆီ မှာတော့ ကားသံ တဝီဝီ လူသံတစီစီ နှင့် လှုပ်ရှားနေလေမည်။ ကိုယ့်မြို့ ကလေးကတော့ အေးချမ်းသည် ခေါ်ရလေမလား သက်ဝင်လှုပ်ရှားမှု မရှိဘူး ပြောရလေမလား၊ မည်သို့ပင် ဆိုစေ အေးချမ်း ဆိပ်ငြိမ်နေတာတော့ အမှန်ပင်။ မြို့ကလေး၏ အသက်ဝင် လှုပ်ရှားနေရာ အပိုင်းကတော့ သင်္ဘောဆိပ် တဝိုက်မျှသာ ဖြစ်လေသည်။ ဈေးနှင့် သင်္ဘောဆိပ် အပိုင်းမှလွဲလျှင် ကျန်ရပ်ကွက်များကို မြို့ပြ အခင်းအကျင်းဟု ပြောလို့ ရစရာ အကြောင်းမမြင်သော မြို့ကလေးပင်။
ကလေးတွေ မေးသမျှဖြေ ၊ အဖေတို့ အကြီးတို့နှင့် စကားစမည်ပြောရင်း ညနေခင်း အချိန်တွေကို ကျော်လွန်စေပြီး သူငယ်ချင်းတွေ လာခေါ်ချိန်ကို စောင့်နေလိုက်သည်။ ဒီညတော့ မြို့ကလေးရဲ့ လ္ဘက်ရည်ဆိုင် ရင်ခွင်တွေဆီ ပြန်လည် ခိုဝင်ဖြစ်လေဦးမည်။ မြို့ကလေးမှာ ကျောင်းသားဘဝက ထိုင်ခဲ့သော ဆိုင်တွေ ရှိနေလေဦးမည်လား၊ တွေးနေမိသေးသည်။ မြို့ကလေးရဲ့ အနေအထားကတော့ ပိုမို အိုဟောင်းလာတာ အပြင် အသစ်၊ အသစ်သော ပြောင်းလွဲတာတွေတော့ ထင်သာမြင်သာ မရှိပေ။

အခန်း ( ၅ )
- ငါ မော်လမြိုင် သွားမယ်၊ ဘယ်သူ လိုက်မလဲ၊
- လိုက်တော့ လိုက်ခြင်သားကွာ၊ ဟိုမှာ ဘာသွားလုပ်မှာလည်း၊ အလုပ်ရှိနေပြီလား။
- ဘာမှတော့ သေချာ မသိသေးဘူး ဟိုမှာ ဘော်ဒါတယောက်ရှိနေတယ်၊ ဟိုရောက်မှ အခြေအနေကြည့်လုပ်ရမှာဘဲ။
- တို့နဲ့တော့ ဖြစ်မယ်မထင်ပါဘူးကွာ၊ ဒီမှာလဲ အလုပ်တွေရှိနေတာ။
- ဝင်းသိန်း .. ဝက်မကြီး မင်းလိုက်မလား၊
- ငါတော့ မလိုက်ပါဘူး၊ လိုက်သွားလို့လဲ ဖြစ်မယ် မထင်ဘူးကွာ။
- ဘာလို့လဲဟ၊
- အေး .. သူ့ အဖေက ကျန်းမာရေး မကောင်းတော့ဘူး၊ ဒီကြားထဲ သူ့ညီက မိန်းမခိုးလာခဲ့ပြီး အိမ်ပေါ်မှာ။ တောက လယ်ထောက်ခတွေရယ်၊ သူ့လုပ်စာရယ်ဘဲ ရှိနေတော့တာ။
- ဒါဆို မင်းကကော …
- ဟားဟားဟား ….. မင်းက ဘာမှ မသိသေးဘဲ ခေါ်ခြင်နေတာကိုးကွ၊
- ဘာဖြစ်လဲဟ
- ဒီကောင် မိန်းမယူတော့မလို့ကွ၊
- ဟာ ဟုတ်လား ဟေ့ ယောင်၊
- မဟုတ်သေးပါဘူးကွာ၊
- မဟုတ်သေးပါဘူးဆိုတာ၊ နောက်ဟုတ်တော့မှာ လို့ပြောတာ၊ ခုတော့မဟုတ်သေးဘူးပေါ့၊
- မဟုတ်ပါဘူးကွာ၊ ငါ လ္ဘက်ရည်ဆိုင်ဖွင့်မလို့ကွ၊
- မင်းက ဘယ်မှာဖွင့်မှာလည်း၊ ဆိုင်ခန်းငှားမှာလား၊
- မဟုတ်ပါဘူးကွာ၊ ဆိုင်ခန်းမငှားနိုင်ပါဘူး၊ အိမ်မှာဘဲ ရှေ့ချမ်းကို ပြင်ပြီး ဆိုင်ဖွင့်မှာ၊
- ဒါဆို ငါဘယ်သူ့ခေါ်သွားရပါ့မလဲ၊ ဟို တကောင်ကလဲ မလာသေးဘူးဟ၊
- အေး ဟုတ်တယ်၊ အဲဒီကောင်ကိုခေါ်သွား၊ ဒီကောင် လိုက်ယောင်နေတာကွ၊ ဘာမှ ဟုတ်တိပတ်တိ ဘာမှ လုပ်နေတာမရှိဘူး။
- ဘယ်သူလဲဟ၊ ကျော်သေးကို ပြောနေတာလား၊
- အေး ဟုတ်တယ်။
- အေး ဒီကောင် ဘာတွေလုပ်နေလဲ၊
- မင်း ပါလေရာကြီးကို သိတယ်မဟုတ်လား၊
- အင်းသိတယ်၊ ကြက်ခြေနီလိုက်၊ မီးသတ်လိုက် လုပ်နေတာလေ။
- အေးအခု လမ်းစဉ်လူငယ် ခေါင်းဆောင် သင်တန်းက ပြန်လာပြီး လမ်းစဉ်လူငယ် တီးဝိုင်းခေါင်းဆောင်ဖြစ်နေတာကွ၊
- ဟန် .. ပလွေတောင် အသံထွက်အောင် မမှုတ်တတ်ဘဲနဲ့များကွာ၊
- ဟား ဟား ဟား ဟား ၊ ဟုတ်တယ်လေ၊ ဘာဖြစ်ဖြစ် ခု တီးဝိုင်းခေါင်းဆောင်ကွ၊ မနှစ်က ဘောလုံးကွင်ထဲမှာ ကွင်းဖွင့်ပွဲလုပ်တော့ မင်းကိုမြင်စေခြင်လိုက်တာကွာ၊
- ဘာလို့လဲကွ၊
- ဘင်ခရာဝိုင်းရှေ့ကနေ ကားယားကားယားနဲ့ တုတ်တချောင်း လှည့်လိုက် မြှောက်လိုက် ဖမ်းလိုက် လုပ်နေတာ၊ ကွင်းကို လှည့်ရင်းတို့နားရောက်လာတော့ ညာဘယ် ညာဘယ် ဝိုင်းအော် ပေးလိုက်တာ မင်းကောင် တုတ်လွတ်ကျပြီး အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန်တာပေါ့ကွ။
- ဟား ဟား ဟား တွေ့ခြင်လိုက်တာကွာ၊ အဲဒါ ကျော်သေးနဲ့ ဘာဆိုင်လဲကွ၊
- မင့်း ကောင်က အဲဒီမှာ ဂစ်တာလိုက်တီးနေတာ၊ ပါလေရာကြီး တပည့်ပေါ့ကွ၊
- ဟေ တို့နဲ့ တဲ့တာမှ မဟုတ်ဘဲနဲ့ ဒီကောင်ဘာလုပ်တာလဲဟ၊
- အေး မနှစ်ကဘဲ ရံပုံငွေ တီးဝိုင်း ထောင်မယ် ဆိုပြီး ဂစ်တာတွေ ဘာတွေ ပါလာတော့ ပါလေရာကြီးက ကျော်သေးကို ခေါ်သုံးတာဘဲကွ၊ ကိုယ့် ရပ်ကွက်သား အချင်ချင်း ဘဲ ဘာညာပေါ့ကွာ၊ ဒီလိုနဲ့ ဂစ်တာလိုက်တီးဖြစ်တာ။
- အဲဒါ ကျော်သေးက ဝက်ပိန်ရယ် အပုလေးရယ် တရုတ်မရယ်ကိုပါ ဆွဲထည့်လိုက်ပြန်ရော။
- ဟာ ဒီကောင်တွေကွာ၊ သူတို့ဝိုင်းက တီးရော တီးရလို့လား၊
- ဒီမှာတော့ ဆွမ်းပတ်တွေမှာ အလကားလိုက်တီးတာတောင် အလောင်ခံရလို့ မတီးရပါဘူး။ တောက ဥက္ကဌတွေ အတွင်းရေးမှူးတွေရဲ့ သား သမီးတွေ မင်္ဂလာဆောင်တုန်းကတော့ လိုက်တီးရသေးတယ်။
- ဟေ့ယောင်တွေ ဟိုမှာ လာနေပါပြီဗျာ ကိုကျော်သေး။
- ဟေ့ယောင် ကျော်သေး ဒီကိုလာကွ၊ ညီလေးရေ ပေါ့ကျ ဝမ်း လုပ်ဦးဟေ့၊
- ဟာကွာ မင်းတို့က ငါ့ကိုတောင် မစောင့်နေကြဘူး။
- လာပါ လာပါ ဂီတမှူးကြီး၊ ပါလေရာကြီးရဲ့ ဒဘဲ့၊
- တော်စမ်း ဟိုကောင်တွေ ဘာ ချွန်ထားလဲ။ မင်းတို့ ကောင်တွေ ဘာမှလဲ မသိဘဲနဲ့ ငါက ပါလေရာကြီးကို အသုံးချနေတာကွ၊
- အမ်မာ … ကြီးကြီးကျယ်ကျယ် ဘာတွေများ အသုံးချနေပါလိမ့်နော်၊
- ဒီလိုကွ၊
သူငယ်ချင်းတွေထဲမှာတော့ ကျော်အေးက အကောင်အသေးဆုံး၊ ဒါကြောင့်မို့ ကျော်အေး နာမည်ပျောက်ပြီး ကျော်သေးလို့သာခေါ်ကြသည်။ သူက စပ်စပ်ဆော့ဆော့လည်း နိုင်သေးသည်၊ ဘာလေးဖြစ်ဖြစ် ဝင်လုပ်လိုက်ရမှ ကျေနပ်သူ၊ နဲနဲလည်း ကြီးကြီး ကျယ်ကျယ်ပြောတတ်သူ၊
- ညီလေးရေ ရေနွေးထည့်ပေးဦးကွ၊ မင်းတို့ကလည်းကွာ ရေနွေးမရှိတော့တာမထည့်ခိုင်းဘူး ..
- အေးပါ၊ လုပ်စမ်းပါဦး မင့်း အသုံးချပုံကိစ္စ ၊
- ဒလိုကွ ၊ သူတို့ တီးဝိုင်းက ဘာမှတီးရတာမဟုတ်ဘူးလေ၊ ပစ္စည်းတွေကရှိနေတာမဟုတ်လား၊ ဒီတော့ ငါက ဟိုကောင်တွေကိုပါ ဒီရံပုံငွေ တီးဝိုင်းမှာဝင်ခိုင်းလိုက်တော့ တို့ခြေ တို့လက်ဖြစ်တာပေါ့ မဟုတ်ဘူးလား၊ မင်းတို့က ဘာသိလဲ … အခု တို့ အငြိမ့်ထဲမှာလိုက်ပြီး ဂစ်တာတီးတာ ပါလေရာ ကြီးတို့ဆီက ဂစ်တာတွေပေါ့ကွ ဟဲ ဟဲ ဟဲ
- အေးကွ ဒါလည်းပိုင်ပြန်တာဘဲဟ
- ဒလို ကျတော့လဲ တို့ကောင်က ဘယ်ညံ့မလဲ၊
- ဒါပေါ့ကွ မင်းတို့က ဘာမှမသိဘဲနဲ့၊ နေဦး ဟေ့ယောင် ဝင်းလွင်၊ မင်းက ဘယ်ကနေ ကိုယ်ယောင်လာပြတာလဲ၊ မင်းကသွားလိုက်ရင် တမေ့တမောဘဲ၊
- အေးလေ မင်းတို့ကို လွမ်းလွန်လွန်းလို့ ပြန်လာတာပေါ့ကွာ ဟဲဟဲ ဟဲ
- တော်လိုက်တော့၊ မင်းက သတင်းမကြား ဘာမကြားနဲ့ ငါဆို အကြီးကို ရှောင်နေရတယ်၊ တွေ့တာနဲ့ မေးတော့တာဘဲ၊ မင်းတို့ဆီ မှာ မောင်လွင်အကြောင်း သတင်းမရဘူးလား ဘာညာ မေးတော့တာကွာ၊ မင်းကလဲ အတော်နေနိုင်တာကိုးကွ၊
သူငယ်ချင်းတွေက အိမ်မှာ ဝင်ထွက် နေနေကျပင်၊ ကိုယ်ကလဲ ကိုယ်ပင်၊ ထွက်ပြီဆို နောက်ပြန်လှည့်မကြည့်တတ်တဲ့ အကျင့်ဆိုးကလဲရှိနေသေးသည်မို့ ပြောသမျှ ငြိမ်ခံနေလိုက်ရုံသာ ရှိတော့သည်။
- မင်းက ပြန်သွားဦးမှာလား၊ ဒီမှာပြန်မနေတော့ဘူးလားကွ၊
- အဲဒါပြောမလို့ဘဲ၊ ပြန်သွားဦးမှာ၊
- အေးပေါ့၊ အလုပ်ရှိနေတာဆိုတော့ပြန်သွားရမှာပေါ့၊ ပါမစ်နစ် ဖြစ်ပြီဆိုတော့ ထောတာပေါ့ကွ၊
- မဟုတ်ဘူးကွ ဒီကောင်ပြောတာက ဒီတခါ အလုပ်ထဲပြန်သွားမှာမဟုတ်ဘူးတဲ့၊
- ဒါဆိုဘယ်သွားဦးမှာမို့လဲ၊ အလုပ်ပြန်မဝင်တော့ဘူးလား၊
- အေး၊ ငါက မင်းကိုပါ ခေါ်သွားမလားစဉ်းစားနေတာ၊ မော်လမြိုင်ဖက် သွားမလို့လေ၊
- မလိုက်ဘူး ဟေ့ယောင်၊ လုံးဝ မလိုက်ဘူး၊ မင်းဟာက ဘယ်သွားသွား တပျောက်ဘဲ၊
အသည်းအသန် ငြင်းလိုက်သော ကျော်လေးကြောင့် သူငယ်ချင်းတသိုက် ဝိုင်းရယ်ကြရသေးသည်။
- ရီမနေကြနဲ့ ငါတကယ်ပြောတာ၊ လုံးဝဘဲ၊
- မင်းကလဲကွာ ငါနဲ့ လိုက်ရမှာ သူရဲသဘက်နဲ့ လိုက်ရမဲ့အတိုင်းဘဲကိုးကွ၊
- အဲဒီထက်ဆိုးတယ်ကွ၊
- အပိုတွေပြောမနေနဲ့၊ လိုက်သာသွား၊ တို့တောင်လိုက်ခြင်တာ၊
- အေးလေ မင်းတို့လိုက်သွားလိုက်ပေါ့ကွ၊ ပြီးရောပေါ့၊
- တို့က မဖြစ်လို့ပေါ့ကွာ၊ ဒီမှာလဲအလုပ်တွေနဲ့လေ၊
- သြော် …… ငါကတော့ အလုပ်မရှိလို့ပေါ့လေ၊ မင်းတို့ပြောပုံက၊
- အေးလေ ဘာအလုပ်ဟုတ်လို့လဲ၊ မင်းဟာက ၊
- ခုက ဇါတ်ထဲမှာပါလိုက် တီးနေရပြီကွ၊ မင်းတို့က ..
- ကြားပါတယ်ကွာ မင်းဇါတ်ထဲမှာ ဂစ်တာလိုက်တီးတုန်းက အကြောင်းတွေ၊
- ဘာ ဖြစ်လဲကွ လုပ်စမ်းပါဦး၊
- ဒီကောင် အရှေ့ပိုင်းက ဇာတ်ထဲမှာ ဂစ်တာလိုက်တီးတုံးကကွာ …
- ဘာမှမဟုတ်ဘူးဟေ့ယောင် ဇါတ်ထဲကကောင်တွေ ငါ့ဘက်အိပ်ကို ပြဇာတ်ထွက်တော့ အိပ်သုံးစရာမရှိလို့ဆိုပြီးယူသုံးတာ၊ နောက် မနက်လင်းတော့ ရွာထဲက အရက်ဆိုင်မှာ လိုက်ရွေးလိုက်ရတာ၊ ဒီကောင်တွေ ဒါပြောမလို့၊ ငါသိသားဘဲ၊
ဆက်လက် ဖေါ်ပြပါမည် ...

Saturday, August 15, 2009

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် (အပိုင်း ၃ )


ဘ ကိုကြီးရေးသည်

အခန်း (၄)

ခရီးဖေါ် အဒေါ်ကြီးနှင့် စကားစမည်ပြော၊ ဟိုငေးဒီငေးနှင့် ခရီးစဉ်တွေ ဖြတ်သန်းရင်း ဟိုးရှေးဆီမှာ မြို့ကလေးရဲ့ အငွေ့အသက်လေးတွေကို တွေ့နေရပြီ။ ၃ -နှစ်လောက် ခွဲခွာခဲ့ရသော ကိုယ်မြို့ကလေးရဲ့ အရိပ်တွေကိုလည်း ပြန်လည်မြင်ယောင်နေမိ သေးတော့သည်။ သင်္ဘောဥသြ ဆွဲသံ၊ ခရီးသည်များ အထုပ်အပိုး ပြင်နေသံ၊ ဘယ်သူရေ၊ ဘယ်ဝါရေ၊ ဟစ်သံတွေ၊ မကြာခင် မြို့ကလေးမှာ ဆင်းကြတော့မှာမို့ ပျားပန်းခတ် လှုပ်ရှားနေကြ၊ အားလုံး တက်ကြွ သက်ဝင်နေတော့သည်။ ခရီးဖေါ် အဒေါ်ကြီးလည်း သူ့ခြင်းတောင်းတွေထဲကို အခင်းတွေ စောင်ပိုင်းတွေ ခေါက်ထည့် သိမ်းဆည်းနေပြီ၊ ကိုယ်လည်း ကိုယ့်အခင်း တာပေါ်လင်စကို သိမ်းလိုက်သည်။
- ကြီးမေက ဘယ်လမ်းမှာနေတာလဲ
- မြို့ပေါ်မဟုတ်ဘူး၊ ကလတ်ရပ် ကိုပြန်ရမှာ။
- ဟာ.. ဒါဆို သေဘာၤမွီပါ့မလား..
- ၃ နာရီ ခွဲ.. အင်း.. မှီမယ်မထင်တော့ဘူးကွဲ့၊ ကူးတို့နဲ့ ပြန်ရမှာပေါ့။
- ပိုက်ဆံပိုကုန်တာပေါ့နော်။
- အေးလေကွယ် ဘယ်လိုလုပ်မလဲ၊ ဒီလိုဘဲ အစဉ်ပြေသလို သွားလာနေရတာဘဲကိုး။
အဒေါ်ကြီးလည်း သူ့ခြင်းတွေဆွဲပြီး ဆိပ်ခံတံတားပေါ် တက်သွားသည်။ ကိုယ်လည်း ကိုယ့်အိတ်တွေကို လွယ်ပြီး ဘောတံတားပေါ် တက်လာခဲ့သည်။ မြို့အဝင် မြင်ကွင်းကတော့ နည်းနည်းလေးမှပင် မပြောင်းလွဲ၊ အလွတ်ရနေသလောက်ဖြစ်သော မြင်ကွင်းကို ခြုံငုံ ကြည့်လိုက်သည်။ လူမှန်းသိစကပင် မြင်နေရသော ဝမ်းဘဲတံဆိပ် ဆေးပေါ့လိပ် ဆိုင်းဘုဒ်က မပြောင်းလဲ။ ဒါလည်းမြို့ကလေးရဲ့ ထူးခြားချက်ပင်။ ထိုဆေးပေါ့လိပ်က ဒီမြို့ကလေးမှာ တခါမှ မတွေ့ဘူးခဲ့တာ ကိုယ်တို့ တသက် ပါဘဲ။ ဒါပေမယ့် ဒီဆိုင်းဘုဒ်ကြီးကတော့ ဆေးသားတွေ မှိန်နေသော်လည်း ယနေ့အထိ ထီးထီးမားမားပင် အောင်လံဝင့်ထားဆဲ။ မြို့အမည် ဆိုင်းဘုဒ် ဘေးဘယ်ညာ မှာထွန်းညှိထားတဲ့ မာကြူရီ မီးသီး ၂လုံးအနက် ဘယ်ဘက် တလုံးက မီးသီးတပ်ဆင်ပြီး ၂ လ အကြာမှာ ကွဲခဲ့ပေမယ့် ဆယ်နှစ်ကျော်တဲ့အထိ ပြန်လည် မတပ်ဆင်ရ သေးတာလည်း ယနေ့ထက်တိုင်ပင်။ မြို့ကလေးရဲ့ ဆိပ်ကမ်း အတက် ဆိပ်ခံဘောတံတားပေါ်မှာ လာရောက် ကြိုဆိုသူတွေ၊ ဈေးသည်တွေနဲ့ အသက်ဝင်နေလေရဲ့။ ဒီမြင်ကွင်းတွေကလည်း ပုံမှန် အသက်ဝင်နေတဲ့ မပြောင်းလဲသော ပုံရိပ်များသာ။
ဆိပ်ခံ ဘောတံတားပေါ်မှ မြို့ကလေးရဲ့လမ်းမပေါ် ခြေလှမ်းချမိပြီး အရှေ့ဆီကိုမျှော် ကြည့်လိုက်သည်။ တိလောက မာရဇိန် ဘုရားကြီးကို ဖူးမျှော်ရသည်။ သင်္ဘောဆိပ်မှ မြို့ကို ဝင်လျှင်ဝင်ခြင်း ဘုရားဖူးခွင့်ရအောင် စီစဉ်ခဲ့သော ရှေးလူကြီးမင်းများ၏ စေတနာ အမျှော်အမြင်ပင်။
ဆိပ်ခံ ဘောတံတားမှ အိမ်ကို နာရီဝက်ကျော်ကျော် လောက်တော့ လမ်းလျှောက်ရမည်။ ဈေးဆိုင်တန်းမှာ ဖြတ်လျောက်ရင်း ခေါက်ဆွဲကျော် ဝယ်လျင်ကောင်းမလား စဉ်းစားလိုက်သည်။ အဖေရန်ကုန်က ပြန်လာတဲ့ အခါတိုင်း ညအချိန်မတော်ဖြစ်ပါစေ ဝယ်လာတဲ့ ခေါက်ဆွဲကျော်ထုပ်တွေကို အိက်ချင်မူးတူးနဲ့ ထစားခဲ့ရတာတွေ သတိတရ ရှိနေတာမို့ ဝယ်လိုက်မည် ပိုင်းဖြတ်လိုက်သည်။ ထမင်းစာချိန်မို့ ဒီလိုဝယ်လာတာ သက်သက်မဲ့ ငွေဖြုန်းတာဘဲဟု အပြစ်တွေတင်လေဦးမည့် ကြီးဒေါ် အပျိုကြီးကိုလည်း လန့်နေရသေးသည်။ ဘာဘဲဖြစ်ဖြစ် ၃ ထုပ်တော့ ဝယ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
- ညီလေးရေ၊ ခေါက်ဆွဲ ၃ထုပ်ဟေ့၊ ကြက်တစ် ဝက်နဲ့ နှစ်ထုပ်၊
- ဟုတ်ကဲ့ … ကြက်တစ် ဝက်နှစ်ရှိတယ်၊ ဘာမှာဦးမလဲ အကို၊
- မမှာတော့ပါဘူးကွာ ၊ဒါပါဘဲ ။
ခေါက်ဆွဲဆိုင်မှ စားပွဲထိုးကလေးကိုပြောပြီး ခုံလွတ်တခုမှာဝင်ထိုင်လိုက်ရင်း ခေါက်ဆွဲကျော် အပြီးကို စောင့်နေလိုက်သည်။
- ရပြီ အကိုရေ
- ဘယ်လောက်လဲ ညီလေး
- ခြောက်ကျပ်ခွဲ
- ဟ .. ဘယ်လို ခွဲရတာလည်းကွ
- သုံး၊ လေးလ လောက်ရှိပြီ၊ ကြက် ဈေးတက်လို့ တပွဲ ၂ ကျပ်ခွဲဖြစ်နေတာ။
- အော် …

ကျသင့်တာလေး ရှင်းပေးပြီး ခေါက်ဆွဲထုပ်တွေကို ယူလိုက်ရင်း စဉ်းစားမိသေးတော့သည်။ ခရီးထွက်ခဲ့ရာတလျောက် ဈေး တက်တာတွေထက် ကိုယ့်မြို့ကလေးကတော့ နဲနဲ တော်ပါသေးသည်၊ ဒါပေမယ့် ကြက်သားက ဈေးပိုတက်တာတော့ တို့မြို့မှာဘဲလား တခြားမှာလည်း ဒီလိုဘဲလား တွေးနေမိသေးသည်။
- ဟေ့ကောင် ၊ မောင်လွင် ။
- ဟ၊ ဝင်းသိန်း. ဝက်မကြီး၊ ဘာတုန်းဟ ဆိုက်ကားနဲ့ ဘာနဲ့
- အေး အခုဆိုက်ကားနင်းနေတာ တနှစ်တောင်ပြည့်တော့မယ် ၊ လာ တက်ဟ
ပြောပြောဆိုဆို ဆိုက်ကားကိုကွေ့လိုက်သော ဝင်းသိန်းဆိုက်ကားပေါ် အိပ်တွေ အထုပ်တွေတင်ပြီး တက်ထိုင်လိုက်သည်။
- ဟို ခေါက်ဆွဲ ဆိုင်ထဲ မင်းဝင်နေထဲက လှမ်းတွေ့နေတာကွ၊ ဒါကြောင့် မင်းထွက်လာလာခြင်း လာခေါ်လိုက်တာ။
- နေစမ်းပါဦး မင်းကို တောမှာ လယ်ပြန်လုပ်ခိုင်းတာဆို
- အေး ငါလဲ မင်းကိုမေးဖို့ဘဲဟ၊ မင်းကဘာတွေလုပ်နေလဲ၊ အခုက ဘယ်ကနေပြန်လာတာလဲ။ ငါ့ကိုတော့ ဆယ်တန်းမအောင်တဲ့ကောင် တောမှာသွား လယ်ပြန်လုပ် ဆိုပြီး အဖေတို့က တောကို ပို့လိုက်တာ၊ မနေနိုင်ပါဘူးကွာ၊ တောမှာတော့ လုံးလုံးကိုမနေနိုင်ဘူး။ ဒါပေမဲ့ လယ်ပြီးတဲ့အထိ အောင့်အည်း ပြီးနေရတာပေါ့၊ စပါးလဲထွက်ရော စပါး ၅၀ ခိုးရောင်းပြီး ရန်ကုန်ကိုပြေးတာဘဲ၊ ဟား ဟား ဟား၊ နောက် အိမ်ကစိတ်ပြေလောက်မဲ့အချိန် အိမ်ပြန်လာခဲ့တာဘဲ။ ဒီမှာ ဟိုလုပ်ဒီလုပ်နဲ့ နောက်ဆုံး အခုတော့ ဆိုက်ကားနင်းတာပေါ့၊ မင်းကရော ..
- အေးလေ အတူဘဲပေါ့ကွ ဆယ်တန်းမအောင်တော့ ကျောင်း ထွက်ရတယ်၊ အရင်ဆုံး ဘုရားကုန်း ရေနံမြေမှာ အလုပ်ဝင်လိုက်တာ၊ အဲဒီက အဆက်ရပြီး ရေနံမြေတွေမှာ တောက်လျောက် လိုက်လုပ်နေတာလေ။ အခု ချောက် ကနေ ပြန်လာခဲ့တာ။
- ဟ.. ရေနံမှာအလုပ်ရတာ မိုက်တာပေါ့ကွ
- မမိုက်ပါဘူးကွာ၊ အကောင်တွေဘဲ ထောတာပါ။ ငါတို့တော့ မထောပါဘူး။
- ဘုရားကုန်းမှာ လုပ်နေတဲ့သူတွေတော့ လခနဲ့တင် ထောနေတာဘဲ။
- အင်း လစာတော့ကောင်းတယ်၊ အချိန်ပိုလုပ်ခ ရတယ်လေ။
- အေးပေါ့ အချိန်ပို လခနဲ့ ဆိုတော့ အစဉ်ပြေတာပေါ့။
စကားတပြောပြောနှင့်ပင် ကိုယ်နေရာ လမ်းထိပ်သို့ ရောက်ခဲ့ပြီ။ လမ်းအခြေအနေက အတော် ဆိုးနေပြီ၊ ၃နှစ်လောက် ခွဲခွာခဲ့စဉ်အတွင်း ယ္ခင်ကထက် လမ်းတွေပိုပျက်စီးနေပြီ။ လမ်းလျောက်ဝင်မှ ရတော့မည်။
- ဟေ့ယောင် ရပ်လေကွာ ဆင်းလျောက်တော့မယ်။
- နေစမ်းပါကွာ ရပါတယ်၊
- ရတယ် မလုပ်နဲ့ ဆင်းလျောက်တာ ပိုကောင်းဦးမယ် ရပ်ကွာ၊
- ကဲကဲ ၊ အိပ်တွေက ထားထား၊ ငါအိမ်အထိပို့မယ်။
- ကဲ မင်းက ရှေ့ကနင်းသွားနှင့်တော့၊ နောက်ကလမ်းရှောက် လိုက်ခဲ့တော့မယ်။
ဆိုက်ကားပေါ်မှ ဆင်းပြီးသည်နှင့် ဝင်းသိန်းကတော့ လမ်းကြမ်းမှာပင် အမြန်နင်း၍ သွားတော့သည်။ ဆိုက်ကားက ဘယ်တိမ်းညာတိမ်း ယိမ်းကလျက် ရှေ့ဆက်နင်းသွားပုံမှာ လှေငယ်လှိုင်းမိနေသလို၊ သြော် .... ဒီ တို့လမ်းမျိုးကို ပြောကြတာဖြစ်မယ် ကျောက်ခဲစားထားလည်း အစာကြေမဲ့ လမ်းမျိုးဆိုတာဟုတွေးရင်း ပြုံးမိ သေးတော့သည်။

( ဆက်လက်ဖေါ်ပြပါဦးမည် )

Sunday, July 26, 2009

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် .... (အပိုင်း - ၂)


ဘ ကိုကြီးရေးသည်

ဧရာဝတီ သင်္ဘောအောက်ထပ် စက်ခန်းဘယ်ဖက်ဘေးတွင် ထိုင်စရာနေရာ ခင်းလိုက်သည်။ ဝယ်လာသော လိမ္မော်သီး ၅ လုံးတွဲ ခြင်းငယ် ၂ခုကို စက်ခန်းသံဇကာမှာ တွဲချည်လိုက်သည်။ ခရီးတခုခုမှ ပြန်လာတိုင်း စားစရာ ဝယ်လာတတ်သော အဖေ့ကို သတိတရ ရှိလိုက်သေးသည်။
- ဟဲ့- ကလေး လိမ္မော်သီး ဘယ်လိုဝယ်ရလဲ၊
- တလုံးကို ပြားလေးဆယ် ဆယ်လုံးဈေးက ၃၅ ကျပ် ကြီးမေ၊
နဘေးမှမေးလာသူ အဒေါ်ကြီးအား အဖြေပေးရင်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။
- အင်း… ဈေးတွေကလည်း တက်လာလိုက်တာနော် ..
- ဘာလို့လဲကြီးမေရဲ့
- ပြီးတဲ့တပတ်ကဘဲ ရန်ကုန်ကို ဘဲဥလာရောင်းရင်း အိမ်ကအဖိုးကြီးအတွက် ဓါတ်စာဝယ်သွားသေးတယ်။
အဲဒီတုံးက တလုံး တမတ်ပဲ ရှိသေးတာ၊ ခု ကြည့်စမ်း တပတ်ထဲ ဆယ်ပြားတက်လာပြီ…
- ဒါကတော့ ကြီးမေရယ် သူတက်ကိုယ်တက်ပေါ့ မဟုတ်ဘူးလား၊ ခုကော ဘာလာရောင်းတာလဲ
- ဒီတခေါက်လဲ ဘဲဥပါဘဲ၊ ဇော်စိမ်းပန်းနဲ့ ဇော်ကြားပါ နဲနဲယူလာခဲ့တယ်လေ၊ အမ်မယ်လေးလေး ကိုယ်အလှည့်ကြတော့ မမြတ်ပါဘူး၊ မရှုံးအောင်တောင် မနဲ ပြူးနေရတာ။ ဒါပေါ့ ခုဘဲဥတွင်မကဘူး ပန်းပါရောင်းနေရပြီ၊ ဒီလိုဈေးတက်တယ်ကြားတာနဲ့လေ
- ဟုတ်ကဲ့
- ကိုယ့်ကို ဘဲဥသွင်းတဲ့သူတွေက ဈေးတက်ပေးဖို့တောင်းကြတာ မောင်ဟိုနင်းရဲ့၊ သူတို့က တခါမှခရီးမထွက်ဘူးဘဲ လေသံကြားနဲ့ ဈေးတိုးတောင်းတာ ဒီမှာကတော့ ခါးကျိုးတော့မယ်။
- ဒီမှာ ဘယ်ဈေးသွင်းရလဲ
- ၂၁ ကျပ် သွင်းရတယ်၊ ရန်ကုန်က လူလည်တွေက ထိုင်ရာမထ ၁၀၀ ကို ၁ ကျပ် ၁ ကျပ်ခွဲ စားနေတာလေ အံ့ရောတော်..
သူအံ့သြ သလို ကျွန်တော်လည်း နဲနဲ အံ့သြ သွားသည်။ ဘဲဥတောင်မှ တလုံး တမတ် ဖြစ်လေပြီဟု တွေးမိသည်။ ဌာနမှာ အလုပ်လုပ်နေစဉ်က ဌာန လုပ်သားမက်စ် မှာသာ ထမင်းစားခဲ့သည်မို့ ဈေးတွေကို မသိတော့သော်လည်း အရင်က ဘဲဥတလုံးဆယ်ပြား ငါးမူးဖိုး ခြောက်လုံးရခဲ့သေးတာ သတိရမိသည်။ သင်္ဘော ဥသြ ဆွဲပြီ၊ ဆိပ်ကမ်းမှ ထွက်တော့မှာမို့ ကိုယ်ရှေ့မှ ဘုံလုံတိုင်တွင် ချည်ထားသော ကြိုးကို သင်္ဘောသားတွေ လာဖြုတ်နေသည်မို့ နဲနဲရှောင်ပေးထားရသေးသည်။ တဆက်ထည်းပင် တွံတေးသိန်းတံ၏ စိုးမိုးမေတ္တာထဲမှ ကိုသိန်းတန် ကိုသိန်းတန် စိုး သင်္ဘောပေါ်တက်ခဲ့မယ် ဆိုသော ဇာတ်ဝင်ခန်း အသံကို ပြန်လည် ကြားယောင်မိပြီး ပြုံးရသေးတော့သည်။
ဧရာဝတီ သင်္ဘောကတော့ စတင်ထွက်ခွာခဲ့ပြီ၊ ညနေ ၃နာရီလောက်ဆိုရင်တော့ ကိုယ့်မြို့ ကလေးဆီ ရောက်တော့မည်။
- ကြီးမေ အိပ်ချင်ရင် ကျွန်တော့် နေရာပါ ယူအိပ်လေ။
- အေးကွယ် အသက်လည်းထောက် ပင်လည်းပင်ပန်း ဆိုတော့ အိပ်ငိုက်ပြီကွယ်၊ သာဓုပါ
ကိုယ်ကတော့ ဘုံလုံတိုင်ပေါ်မှာထိုင်ရင်း ခင်းထားသည့် နေရာကလေးကိုတော့ ဈေးကြို အဒေါ်ကြီးအား ပေးလိုက်သည်။ သဘောင်္စီးရင်း ဘုံလုံတိုင်ပေါ်မှာ အိပ်ငိုက်ရသော အရသာဟာ ဒီလို အခိုက်တွင်သာ ရနိုင်သည်ဘဲ။ ခုကတော့ နေ့လည်ခင်းကြီးမို့ အိပ်တော့မငိုက်၊ ထိုင်ရင်း ဟိုကြည့် ဒီကြည့် အတွေးတွေကိုသာ ဖြန့်ထားလိုက်သည်။ ဒီခရီးနဲ့ ဒီမြင်ကွင်းတွေဟာ အဆန်းတကြယ်တော့ မဟုတ်၊ ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ ရန်ကုန်ဆိပ်ကမ်း မြစ်ပြင်ကျယ်ပေါ်မှ သဘောင်္ ကြီးငယ်တွေ၊ ဘိအင်ဂျင်သံ တဒိုင်းဒိုင်းပေးပြီး ဆိပ်ကြီးခနောင်တိုနဲ့ ရန်ကုန် ဆိပ်ကမ်း လူးလာပြေးလွှားနေတဲ့ ငှက်ကူးတို့ ကလေးတွေဟာ ဒီမှာဖက်မတော့ ကရိန်းတိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ ရန်ကုန်ဆိပ်ကမ်းရယ် ရွှေတိဂုံ စေတီတော်ရယ်ကို နောက်ခံပြုပြီး ရွေ့လျှားနေလေရဲ့၊ ဟိုမှာဖက်ကမ်းမတော့ တောတန်းလေးကြားက ခေါင်းပြူနေတဲ့ ဆိတ်ကြီးခနောင်တို လှေဆိပ် နဲ့ သီလဝါ မီးပြကို နောက်ခံပြုပြီး အဆုန် အဆန် ကူးလူးနေပုံ သဘာဝ ပန်ချီကားဟာ ဒီခရီးမှာ မြင်နေကျပါဘဲ။ နေ့ခင်း ခရီးမှာတော့ လှုပ်ရှားသက်ဝင်မှုတွေနဲ့ ဒီမြင်ကွင်းဟာ ညခင်းခရီးမှာ ဆိုရင်တော့ မီးရောင်တွေနဲ့ ရွှေရောင်ဝင်းမှည့် နေတဲ့ ရွှေတိဂုံစေတီတော် နောက်ခံ ရန်ကုန် ဆိပ်ကမ်းရဲ့ မီးရောင်စုံ အလှနဲ့ ဆိုတော့ တမျိုးတဖုံ လှပေတာဘဲဟုလည်း တွေးမိသေးတော့သည်။
ရန်ကုန်ဆိပ်ကမ်းက တဖြေးဖြေး ဝေး၍ ကျန်ခဲ့ပြီ၊ တွံတေးတူးမြောင်းနှင့် လှိုင်မြစ်တို့ဆုံသည့်နေရာ အရောက် ရေဝဲရှိရာနေရာမှာ သင်္ဘောအင်ဂျင် စက်ရှိန်မြင့်လာသည်။ ခရီးသည်တွေ လှုပ်ရှားလာပြီး ရေဝဲကို ထကြည့်ကြသည်။ ထိပ်လန့်သလို ရှိသော အသံများ အီခနဲ ထွက်ပေါ်လာသည်၊ တခေါက်တခါသာရောက်ဖူးသုများအတွက်တော့ ဤ၀ဲသည် အသဲတုန်စရာဖြစ်သော်လည်း ကျွန်တော့်အတွက်တော့ အဆန်းတကြယ်မဟုတ်တော့ ဒီခရီး ဒီနေရာမှာ ဖြစ်နေကျပင်၊ ဟိုအရင်နှင့် အခု ဘာမျှ ကွာခြားတာမရှိပေ။ ဧရာဝတီသင်္ဘောက ဆက်လက်ခုတ်မောင်းလာခဲ့ပြီး များမကြာခင်ပင် တွံတေးမြို့ သို့ ရောက်တော့မည်။ တွံတေးတွင်တော့ ဧရာဝတီက ၅ မိနစ်လောက် ဆိုက်ကပ်ရပ်နားလေဦးမည်။ တနာရီ ရေမိုင် ၂၀ နှုံးဖြင့် ဧရာဝတီ သဘောင်္ကြီးက မှန်မှန်ချီတက် လာခဲ့သည်။ အရှေ့ ဝေးဝေး တပြလောက်မှာ တွံတေးမြို့ကိုလှမ်းမြင်နေရလေပြီ၊ ဧရာဝတီပေါ်မှ ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်လာပြန်သည်။ တွံတေးမြို့တွင် ဆင်းကြမည့် ခရီးသည်များက အထုပ်အပိုးတွေ သိမ်းဆည်းနေပြီး တချို့ကတော့ သင်္ဘောဘေးဘယ်ညာ နှစ်ဖက်သို့ ထလာကာ အရှေ့ဆီသို့ မျှော်ကြည့်နေကြ၍ သင်္ဘော အနည်းငယ် လူးသွားရသည်။
- ဟဲ့ မောင်ဟိုနင်း တွံတေးရောက်တော့မလား၊
- ဟုတ်ကဲ့ ရောက်ခါနီးပြီဗျ
- အင်း.. ခုမှဘဲ ခေါင်းနောက်နေတာ နဲနဲပြေပေတော့တယ်
ပြောပြောဆိုဆိုပင် အိပ်နေရာမှနိုးလာသော အဒေါ်ကြီးက နံဘေးတွင် လာပြီး မျက်နှာသစ်နေလေသည်။ တွံတေး ဖက်သို့ လှမ်းကြည့်ဲပီး
- ဟော ဟော လာနေကြပြီကွဲ့
- ဟုတ်ကဲ့
အရှေ့ မြစ်ပြင်ထဲတွင် လှေငယ် ၁၅ စီးခန့် ဧရာဝတီ သင်္ဘောဆီသို့ ဦးတည်၍ မြစ်ကမ်းဘေး နှစ်ဖက်ဆီမှ အပြင်းအထန်လှော်ခတ်လာကြသည်။ ဤနေရာရောက်တိုင်းပင် စိုးရိမ်စိတ်၊ တက်ကြွရွှင်လန်းစိတ်၊ ကြင်နာ၊ စာနာစိတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရဘူးလှပြီ။ ဒီဖက်ပိုင်း ရေလမ်းခရီးတွင်တော့ ဒီမြင်ကွင်းမျိုး ၂ ခု မရှိချေ။ သူတို့သည် တနာရီ ရေမိုင် ၂၀ နှုံး ဖြင့် ပြေးလွှားနေသော ဧရာဝတီ သင်္ဘောကြီးအား အမိဖမ်းကြမည့် ဈေး တံငါသည်များ၊ တနည်းအားဖြင့် ရေပြင်ကျယ်တွင် သင်္ဘောကြီးကိုဖမ်းမည့် လှေငယ်တံငါသည်များ။ သန်မာ ဖြတ်လတ်သော ယောက်ျားသား ၂ ဦး စီ ဦးတတက် ပဲ့တတက် လှော်ခတ်၍ လှေလည်တွင် ဈေးသည် ၁ဦး ၂ ဦး စီ စီးနင်းလာသော လှေငယ်များသည် ဧရာဝတီ သင်္ဘော၏ ဘေးသို့ ချည်းကပ်နိုင်ရန် အမြင့်ဆုံး အလျှင် များဖြင့် ပြေးဝင်လာကြသည်။ သင်္ဘောထိုးခွဲ၍ ဖြာထွက်သွားသော လှိုင်းလုံးများကို ဖီလာဖြတ်ကာ သင်္ဘောဘေးသို့ ကပ်ဝင်လာသော ပဌမဆုံးလှေမှ ဦးစီးသည် ၃ ပေခန့် မြင့်သော သင်္ဘော ကုန်းပတ်ပေါ်သို့ လှိုင်းအရှိန်နှင့် လှေအရှိန်ကိုယူကာ ဖြတ်ကနဲ ခုန်တက်လိုက်သည်။ သင်္ဘောပေါ်မှ ခရီးသည်တို့၏ စိုးရိမ်သံများ ဘုရားတသံများက အီကနဲ ထွက်လာသည်။ တပါတည်းကိုင်လာသော လှေကြိုးကို သင်္ဘော ထရံထောင်တိုင်တွင် ဆက်ကနဲ တပတ်လည် ပတ်လိုက်ပြီး လှေရှိန်ရပ်စေရန် ကိုယ်ကို နောက်သို့ယိမ်းကာ ဂွဲသတ် တောင့်ပေးလိုက်သည်။ သင်္ဘောအရှိန်က လှေငယ်ကို ဆောင့်အဆွဲတွင် ရေလည်သို့ ယိမ်းထားသောကိုယ်လုံးသည် သင်္ဘောနံကာသို့ ကြိုးဆွဲသောအရှိန်နှင့် ကပ်ဝင်လာသည်၊ ထိုအရှိန်နှင့်ပင် လက်ရန်းတန်းများကိုကျော်ကာ သင်္ဘောအတွင်းသို့ ဖြတ်ကနဲ ခုန်ဝင်၊ ကြိုးစကို ဆွဲဆွဲယူလိုက်ပြီး လှေငယ်အကွာအဝေးကို ချိန်ယူလိုက်ကာ ပဲ့ပိုင်းသို့ပြေး၍ ပဲ့ပိုင်းကာတန်းနှင့်လှေကို တွဲချည်လိုက်သည်။ နောက်လှေများကလည်း တစီးပြီးတစီး ကပ်ဝင်လာသည်၊ ခရီးသည်တို့၏ ဘုရားတသံ ထိပ်လန့်သံများ ကလည်း အီကနဲ အီကနဲ ညံစီသွားတော့သည်။ ခဏတာ အတွင်း ပဲ့ပိုင်းမှ တက်လာကြသော ဈေးသည်တို့၏ ဈေးခေါ်သံများ အစာစာ ပေါ်လာတော့သည်။ ၁၅ မိနစ်၊ မိနစ် ၂၀၊ စာမျှသာ ဈေးရောင်းရရေးအတွက် စွန့်စွန့်စားစား တက်လာကြသော်လည်း တပြားတချပ်ဖိုးမျှ မရောင်းလိုက်ရသူများလည်း ရှိလေသည်။ ဒီတစီးမှာ မရောင်းရတော့လည်း နောက်အစီးတွေမှာတော့ ရောင်းကြရပေမပေါ့ ဟုသာ ဖြေတွေးလေး တွေးပေးရုံမှလွဲ၍ ကိုယ်တိုင်လည်း ဘာမျှ မတတ်နိုင်သော အခြေအနေများပါပင်။

ဆက်လက်ဖေါ်ပြပါမည် …….

Thursday, July 23, 2009

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ်


ဘ ကိုကြီး ရေးသည်

အခန်း (၁)

တောက်..တောက်.တောက် ဖုံး- ဖုံး -ဖုံး ဖန်း..ဖန်း ဖန်း …..ဝုန်း…… ဝုန်း……
လက်နက်ငယ်အသံတွေက မိုးသီးမိုးပေါက်တွေကျသလို။ လက်နက်ကြီးသံတွေက ကြိုကြား ကြိုကြားပေမယ်လို့ ခတ်စိတ်စိတ် ကွဲနေသည်။
ယခင်ကတော့ ဒီအသံမျိုးတွေကို ခတ်ဝေးဝေးမှသာ ကြားဖူးခဲ့တာ ဖြစ်သည်။…
ခုတော့…ဇွီ - ကနဲ ဇွီ -ကနဲ ဖြတ်သွားသော ကျည်ငယ်သံတွေက ကိုယ့် ခေါင်းထက်မှာ၊

အခန်း (၂)

ဒီဒေသတွေဟာ စစ်မြေပြင်ဖြစ်ရေး အတွက် ကံထရိုက်များ ဆွဲထားလေသလား တွေးမိလိုက်သေးသည်။ တွေးရင်း သူတို့သမီး ပြေးထွက်ရာသို့ ဦးတည်ပြီး ပြေးရှိန်ကိုမြှင့် သူတို့သမီးကို မှီဘို့ လိုက်ခဲ့သည်။ ဒီလို လက်နက်ကြီး မိုးလိုရွာနေချိန်မှာ အတွေ့အကြုံတွေအရ အကာအကွယ်ကောင်းတယ်လို့ ယူဆရတဲ့ နေရာကလေးမှာ ငြိမ်ငြိမ်လေး ဝပ်နေတာဘဲ ကောင်းသလေ။ ပြေးလွှားနေတာက တော့် .ကတွတ်ပီ ပြောသလို ရှောင်လို့ထိတာ ဖြစ်တတ်တယ် မဟုတ်လား။
သူတို့သမီးကိုမီလုပြီ … ဒီအခိုက် ကလေးမှာဘဲ လက်နက်ကြီး ဖြတ်လာသံက ကိုယ့်ဦးတည်ရာ ဖက်ဆီမှ ရွီသံပေးလာသည်။
ရွီ……………….ရှား.ရှား ရှ
အသံပြတ်သွားပြီ…..
စိုးရီမ်စိတ်တို့က ငယ်ထိပ်ရောက်ပြီ၊ သူတို့သမီးရဲ့ သင်တိုင်းဖြူစကို ထိလုလု အချိန်မှာဘဲ…….
ဝုန်း…………………
လက်နက်ကြီးပေါက်ကွဲသံ၊ ပြတ်တောက်သွားတဲ့ အတွေးများ၊ ဖြူနီပြာ လျှပ်ပြက် သလို အလင်းပွင့်တွေ၊
ပြီးတော့……..

အခန်း (၃)
၁၉၈၆
၁၀ တန်းသုံးခါကျ။ အစိုးရ ဌါနဆိုင်ရာ အလုပ်တွေနဲ့လဲ အစဉ်မပြေ။ အစဉ်ပြေနေတဲ့ အလုပ်ကိုလည်း ဆက်လက် လုပ်လိုစိတ်မရှိတော့။ အစိုးရဌာနတွေမှာ အလုပ် အစဉ်ပြေတယ်ဆိုတာ အကြံ အဖန် ရ မရ ဆိုတာနဲ့ တိုင်းထွာပြီး ပြောရတာကိုး။ အကြံဖန် ရတဲ့ဌာနမှာ ၃ နှစ်ကျော် အလုပ်ဝင်ခဲ့ပြီ ဖြစ်ပေမယ့် လူက အစဉ်ပြေသော်လည်း စိတ်က အစဉ်မပြေတော့ပေ။ တနေ့တနေ့ ခိုးဝှက်ဖို့ စာရင်းလိမ်ပြဖို့ကို လုပ်ရိုး လုပ်စဉ် သဘော လုပ်နေရ သည်ကို ဘဝင်မကျ ဖြစ်လာရသည်။ လုပ်ခဲ့တဲ့ ဌာနရဲ့ သဘောကိုက လုပ်သားတိုင်းကို အချိန်ပို လုပ်အားခ ရှင်းပေးမှ ဆိုရှယ်လစ်ခေတ်ရဲ့ လုပ်သားကောင်းများ အင်တိုက်အားတိုက် အလုပ်လုပ်နေကြောင်း ယူဆတဲ့ ဌာန ဖြစ်နေသည်။ အချိန်ပို ဆင်းဆင်း မ ဆင်းဆင်း အိုတီ ဒေးလီးဖိုး တနေ့ လေးနာရီ လောက်တော့ အချိန်ပို လုပ်ခ စားရသည့် ထုံးစံကရှိနေသည်။
ရိုးရိုး လုပ်သားက စက်ဆီ၊ ဘိလပ်မြေ၊ သံ စသဖြင့် တနိုင်ခိုး၊ စာရေးက စာရင်း တင်ကာခိုး၊ အရာရှိက လက်မှတ်ထိုးပြီးခိုး၊ ဝန်ကြီးတွေက သူခိုးကြီးတွေ ပေးတဲ့ အကောက်ခွန်ကိုစား အခိုး သံသရာထဲ ဝဲလည်နေတဲ့ အစိုးရအလုပ် တခုမှာ အလုပ်ဝင်ခဲ့တာ ၃ နှစ်ကျော် ကြာခဲ့ပြီ။ ခိုးရင်းနဲ့ဘဲ ကိုယ့် ပစ္စည်း ကိုယ်ပြန်ခိုးနေမှန်း ရိပ်မိလာတော့မှ ဒီအလုပ်တွေကို စိတ်ပျက် ငြီးငွေ့လာသည်။
ဒီလိုနဲံ့ဘဲ အလုပ်ထဲမှာ ၁ နှစ်နီးပါး အတူတွဲလုပ်ဖူးတဲ့ သူငယ်ချင်းတယောက်ရှိရာ တောင်ပေါ်ကို သွားဖြစ်ဖို့ အကြောင်းဖန်လာသည်။ တောင်ပေါ် တောင်ပေါ်ဟု ပြောတာ ကြားသိခဲ့ရသော်လည်း တောင်ပေါ်ဆိုတာ လုံးသလား ပြားသလား အရှင်းမသိရသေးပေ။ သူငယ်ချင်းနေထိုင်ရာ မွန်ပြည်နယ် ကရင်ပြည်နယ် တလွှားမှာတော့ တောင်ပေါ်သွားတာ ခေတ်စားတဲ့အကြောင်း၊ ကုန်ကူးဖို့ ဖြစ်ဖြစ် အလုပ် လုပ်ဖို့ ဖြစ်ဖြစ် တောင်ပေါ်မှာ အစဉ်ပြေ နိုင်ကြောင်း မစားရ ဝခမန်း သတင်းစကား တွေကတော့ ကြားထားပြီးသား ဖြစ်နေသည်။ နင်လားဟဲ့ တောင်ပေါ် တခါလောက်တော့ ရောက်အောင်လာဦးမည်ဟု အားခဲထား ခဲ့ရင်းလည်းရှိနေသည်။ ဒီနှစ်တော့ တနှစ်တာ နားရက်မယူဘဲ အလုပ်ဆင်းခဲ့သည်မို့ ဒေးဆော့ (day off) လုပ်ခမပျက် နားရက် ၁ လ ရခဲ့သည်။ နားရက်ရသော တလ လုံးလုံး အိမ်မှာလည်း အချိန် မဖြုံးချင်၊ တနေရာရာကို ခရီးသွားဦးမည် စိတ်ကူးရင်း တောင်ပေါ် သွားမည့် စိတ်ကူးက အထမြောက်ခဲ့သည်။ စိတ်ကူးထဲမှာ ခရီးစဉ်တခုစာ ဇယားချ ကြည့်လိုက်သည်။ သူငယ်ချင်းရှိရာရွာကို အရင်ဆုံး သွားမည်၊ နောက် သူငယ်ချင်းနှင့်အတူ တောင်ပေါ်တက်မည်၊ ဒီတခေါက် ခရီးက ခရီးဝေး၊ ယခင်လို တခေါက်တခေါက် အိမ်ပြန်ဖို့ နဲနဲ ခက်မည်၊ လက်ရှိအလုပ်ကိုတော့ စွန့်လိုက်တော့မည်ဟုလည်း တွေးထားလိုက်သည်။
အိမ်ပြန်ရက်မရောက်မှီ မှာပင် အလုပ်ထဲမှ သူငယ်ချင်းထံ ဒေးဆော့ ဘက်ပေး လစာကို လွှဲစာရေးပေးပြီး သူ့ဆီပှ ငွေကို ကြိုတင်ယူထားလိုက်သည်။ ဒါကတော့ ဌာနတွင်း နားလည်မှု ဖြစ်ပြီး နားရက် ပြန်သူတိုင်း တယောက် တလှည့် လုပ်နေကျမို့ အခက်အခဲမရှိချေ။ နားရက် ရောက်သောနေ့မှာ ချောက် ရေနံမြေမှ ရန်ကုန်သို့ ပြန်မည့် ရန်ကုန် ရုံးချုပ်မှ မေကား ကားကြုံရသဖြင့် လမ်းစားရိတ် ငွေ ၈၀ - ၁၀၀ လောက် သက်သာသွားသည်။ မေကား ဆိုတာကတော့ ရန်ကုန်ဌာနချုပ်မှ ချောစာနှင့် ပစ္စည်းများကို တနိုင်ငံလုံးရှိ ရေနံမြေဌာန များသို့ လိုက်လံ ပို့ဆောင်ပေးနေသောကားကို လုပ်သားများမှ ခေါ်သောအမည်ဖြစ်သည်။ ကိုယ့်ဆရာသမား အင်ဂျင်နီယာက တကူးတကပင် အသအချာ အပ်နှံပြီး ကားကြုံ ထည့်ပေးလိုက်တာမို့ စားစရာကော သောက်စရာပါ ဘာမှ ပူပင်စရာမရှိပေ။ အညာနွေပူပူ ထနောင်းရိပ်ချိုချို ကုက္ကိုလ်ရိပ် အေးအေးတွေကို ဖြတ်သန်းရင်းနှင့်ပင် ဒေါင်းသေချောင်း ယင်းချောင်းတို့ကိုလွန်ခဲ့ပြီ။ ဟိုယ္ခင် ဧရာဝတီဒေသ ကိုယ့် အသိုက်အမြုံဆီမှ စတင်ထွက်ခွာခဲ့စဉ်က ယင်းချောင်းတံတားထိပ်က ဒီယင်းဆိပ်ရွာ ကို အရင်ဆုံးရောက်ခဲ့တာဖြစ်သည်။ အသိုက်ကိုစွန့် မိဘရင်ခွင်ကို စွန့်ခဲ့ပြီး အဝေးဆုံးပျံသန်းဖို့ အတောင်ဖြန့်ခဲ့တဲ့ ငှက်ငယ်တကောင်ဟာ ဒီ ယင်းဆိပ်ရွာမှာ ပဌမဆုံး နားခိုခဲ့ဖူးသည်။ ယင်းချောင်းတံတားပေါ်မှ အိမ်ကိုမျှော်ခဲ့ဘူးသည်။ ယင်းချောင်းတံတားထိပ်က မျှော်စင်ပေါ်မှာ ဂစ်တာတလက် အရက်တပိုင်းနဲ့ ခိုင်ထူးသီချင်းတွေ ဆိုရင်း ကြွေခဲ့ဘူးပုံတွေ သတိတရရှိရင်း ပြုံးမိသေးတော့သည်။
အော်.. အရင်ကတော့ အညာရောက်လို့ အိမ်ကို လွမ်းခဲ့ဘူးပြီး နောက်ဆို ဘယ်လိုဒေသမျိုးကို ရောက်ကာ ဒီနေရာကိုပြန်လည် တမ်းတရဦးမည်နည်း ဟုလည်း တွေးနေမိသေးတော့သည်။ ခရီးစဉ်အတိုင်း ကျော်ဖြတ်လာခဲ့ပြီး ရန်ကုန် အဝင်တွင်တော့ မိုးချုပ်ပြီဖြစ်၍ ရှေ့သို့ ခရီးဆက်ရန် မဖြစ်တော့၊ ရန်ကုန် နယ်နိမိတ် အဝင် ထောက်ကြံတွင် ဆင်းနေခဲ့ပြီး မိတ်ဆွေထံတွင် တညတာ နားခိုခဲ့သည်။ မနက် မိုးလင်းမှ လှည်းတန်း ဆိပ်သို့ ဆင်းခဲ့ပြီး ရေကြောင်းခရီးဖြင့် ဇာတိမြေ ဧရာဝတီ သို့ ခရီးဆက်ခဲ့လေသည်။

ဆက်လက်ဖေါ်ပြပါမည် ……