Saturday, August 15, 2009

ဒေါနတောင်တန်း တောင်ပေါ်သူနှင့် ဧည့်သည် မဟုတ်တော့မည့် ကိုယ် (အပိုင်း ၃ )


ဘ ကိုကြီးရေးသည်

အခန်း (၄)

ခရီးဖေါ် အဒေါ်ကြီးနှင့် စကားစမည်ပြော၊ ဟိုငေးဒီငေးနှင့် ခရီးစဉ်တွေ ဖြတ်သန်းရင်း ဟိုးရှေးဆီမှာ မြို့ကလေးရဲ့ အငွေ့အသက်လေးတွေကို တွေ့နေရပြီ။ ၃ -နှစ်လောက် ခွဲခွာခဲ့ရသော ကိုယ်မြို့ကလေးရဲ့ အရိပ်တွေကိုလည်း ပြန်လည်မြင်ယောင်နေမိ သေးတော့သည်။ သင်္ဘောဥသြ ဆွဲသံ၊ ခရီးသည်များ အထုပ်အပိုး ပြင်နေသံ၊ ဘယ်သူရေ၊ ဘယ်ဝါရေ၊ ဟစ်သံတွေ၊ မကြာခင် မြို့ကလေးမှာ ဆင်းကြတော့မှာမို့ ပျားပန်းခတ် လှုပ်ရှားနေကြ၊ အားလုံး တက်ကြွ သက်ဝင်နေတော့သည်။ ခရီးဖေါ် အဒေါ်ကြီးလည်း သူ့ခြင်းတောင်းတွေထဲကို အခင်းတွေ စောင်ပိုင်းတွေ ခေါက်ထည့် သိမ်းဆည်းနေပြီ၊ ကိုယ်လည်း ကိုယ့်အခင်း တာပေါ်လင်စကို သိမ်းလိုက်သည်။
- ကြီးမေက ဘယ်လမ်းမှာနေတာလဲ
- မြို့ပေါ်မဟုတ်ဘူး၊ ကလတ်ရပ် ကိုပြန်ရမှာ။
- ဟာ.. ဒါဆို သေဘာၤမွီပါ့မလား..
- ၃ နာရီ ခွဲ.. အင်း.. မှီမယ်မထင်တော့ဘူးကွဲ့၊ ကူးတို့နဲ့ ပြန်ရမှာပေါ့။
- ပိုက်ဆံပိုကုန်တာပေါ့နော်။
- အေးလေကွယ် ဘယ်လိုလုပ်မလဲ၊ ဒီလိုဘဲ အစဉ်ပြေသလို သွားလာနေရတာဘဲကိုး။
အဒေါ်ကြီးလည်း သူ့ခြင်းတွေဆွဲပြီး ဆိပ်ခံတံတားပေါ် တက်သွားသည်။ ကိုယ်လည်း ကိုယ့်အိတ်တွေကို လွယ်ပြီး ဘောတံတားပေါ် တက်လာခဲ့သည်။ မြို့အဝင် မြင်ကွင်းကတော့ နည်းနည်းလေးမှပင် မပြောင်းလွဲ၊ အလွတ်ရနေသလောက်ဖြစ်သော မြင်ကွင်းကို ခြုံငုံ ကြည့်လိုက်သည်။ လူမှန်းသိစကပင် မြင်နေရသော ဝမ်းဘဲတံဆိပ် ဆေးပေါ့လိပ် ဆိုင်းဘုဒ်က မပြောင်းလဲ။ ဒါလည်းမြို့ကလေးရဲ့ ထူးခြားချက်ပင်။ ထိုဆေးပေါ့လိပ်က ဒီမြို့ကလေးမှာ တခါမှ မတွေ့ဘူးခဲ့တာ ကိုယ်တို့ တသက် ပါဘဲ။ ဒါပေမယ့် ဒီဆိုင်းဘုဒ်ကြီးကတော့ ဆေးသားတွေ မှိန်နေသော်လည်း ယနေ့အထိ ထီးထီးမားမားပင် အောင်လံဝင့်ထားဆဲ။ မြို့အမည် ဆိုင်းဘုဒ် ဘေးဘယ်ညာ မှာထွန်းညှိထားတဲ့ မာကြူရီ မီးသီး ၂လုံးအနက် ဘယ်ဘက် တလုံးက မီးသီးတပ်ဆင်ပြီး ၂ လ အကြာမှာ ကွဲခဲ့ပေမယ့် ဆယ်နှစ်ကျော်တဲ့အထိ ပြန်လည် မတပ်ဆင်ရ သေးတာလည်း ယနေ့ထက်တိုင်ပင်။ မြို့ကလေးရဲ့ ဆိပ်ကမ်း အတက် ဆိပ်ခံဘောတံတားပေါ်မှာ လာရောက် ကြိုဆိုသူတွေ၊ ဈေးသည်တွေနဲ့ အသက်ဝင်နေလေရဲ့။ ဒီမြင်ကွင်းတွေကလည်း ပုံမှန် အသက်ဝင်နေတဲ့ မပြောင်းလဲသော ပုံရိပ်များသာ။
ဆိပ်ခံ ဘောတံတားပေါ်မှ မြို့ကလေးရဲ့လမ်းမပေါ် ခြေလှမ်းချမိပြီး အရှေ့ဆီကိုမျှော် ကြည့်လိုက်သည်။ တိလောက မာရဇိန် ဘုရားကြီးကို ဖူးမျှော်ရသည်။ သင်္ဘောဆိပ်မှ မြို့ကို ဝင်လျှင်ဝင်ခြင်း ဘုရားဖူးခွင့်ရအောင် စီစဉ်ခဲ့သော ရှေးလူကြီးမင်းများ၏ စေတနာ အမျှော်အမြင်ပင်။
ဆိပ်ခံ ဘောတံတားမှ အိမ်ကို နာရီဝက်ကျော်ကျော် လောက်တော့ လမ်းလျှောက်ရမည်။ ဈေးဆိုင်တန်းမှာ ဖြတ်လျောက်ရင်း ခေါက်ဆွဲကျော် ဝယ်လျင်ကောင်းမလား စဉ်းစားလိုက်သည်။ အဖေရန်ကုန်က ပြန်လာတဲ့ အခါတိုင်း ညအချိန်မတော်ဖြစ်ပါစေ ဝယ်လာတဲ့ ခေါက်ဆွဲကျော်ထုပ်တွေကို အိက်ချင်မူးတူးနဲ့ ထစားခဲ့ရတာတွေ သတိတရ ရှိနေတာမို့ ဝယ်လိုက်မည် ပိုင်းဖြတ်လိုက်သည်။ ထမင်းစာချိန်မို့ ဒီလိုဝယ်လာတာ သက်သက်မဲ့ ငွေဖြုန်းတာဘဲဟု အပြစ်တွေတင်လေဦးမည့် ကြီးဒေါ် အပျိုကြီးကိုလည်း လန့်နေရသေးသည်။ ဘာဘဲဖြစ်ဖြစ် ၃ ထုပ်တော့ ဝယ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
- ညီလေးရေ၊ ခေါက်ဆွဲ ၃ထုပ်ဟေ့၊ ကြက်တစ် ဝက်နဲ့ နှစ်ထုပ်၊
- ဟုတ်ကဲ့ … ကြက်တစ် ဝက်နှစ်ရှိတယ်၊ ဘာမှာဦးမလဲ အကို၊
- မမှာတော့ပါဘူးကွာ ၊ဒါပါဘဲ ။
ခေါက်ဆွဲဆိုင်မှ စားပွဲထိုးကလေးကိုပြောပြီး ခုံလွတ်တခုမှာဝင်ထိုင်လိုက်ရင်း ခေါက်ဆွဲကျော် အပြီးကို စောင့်နေလိုက်သည်။
- ရပြီ အကိုရေ
- ဘယ်လောက်လဲ ညီလေး
- ခြောက်ကျပ်ခွဲ
- ဟ .. ဘယ်လို ခွဲရတာလည်းကွ
- သုံး၊ လေးလ လောက်ရှိပြီ၊ ကြက် ဈေးတက်လို့ တပွဲ ၂ ကျပ်ခွဲဖြစ်နေတာ။
- အော် …

ကျသင့်တာလေး ရှင်းပေးပြီး ခေါက်ဆွဲထုပ်တွေကို ယူလိုက်ရင်း စဉ်းစားမိသေးတော့သည်။ ခရီးထွက်ခဲ့ရာတလျောက် ဈေး တက်တာတွေထက် ကိုယ့်မြို့ကလေးကတော့ နဲနဲ တော်ပါသေးသည်၊ ဒါပေမယ့် ကြက်သားက ဈေးပိုတက်တာတော့ တို့မြို့မှာဘဲလား တခြားမှာလည်း ဒီလိုဘဲလား တွေးနေမိသေးသည်။
- ဟေ့ကောင် ၊ မောင်လွင် ။
- ဟ၊ ဝင်းသိန်း. ဝက်မကြီး၊ ဘာတုန်းဟ ဆိုက်ကားနဲ့ ဘာနဲ့
- အေး အခုဆိုက်ကားနင်းနေတာ တနှစ်တောင်ပြည့်တော့မယ် ၊ လာ တက်ဟ
ပြောပြောဆိုဆို ဆိုက်ကားကိုကွေ့လိုက်သော ဝင်းသိန်းဆိုက်ကားပေါ် အိပ်တွေ အထုပ်တွေတင်ပြီး တက်ထိုင်လိုက်သည်။
- ဟို ခေါက်ဆွဲ ဆိုင်ထဲ မင်းဝင်နေထဲက လှမ်းတွေ့နေတာကွ၊ ဒါကြောင့် မင်းထွက်လာလာခြင်း လာခေါ်လိုက်တာ။
- နေစမ်းပါဦး မင်းကို တောမှာ လယ်ပြန်လုပ်ခိုင်းတာဆို
- အေး ငါလဲ မင်းကိုမေးဖို့ဘဲဟ၊ မင်းကဘာတွေလုပ်နေလဲ၊ အခုက ဘယ်ကနေပြန်လာတာလဲ။ ငါ့ကိုတော့ ဆယ်တန်းမအောင်တဲ့ကောင် တောမှာသွား လယ်ပြန်လုပ် ဆိုပြီး အဖေတို့က တောကို ပို့လိုက်တာ၊ မနေနိုင်ပါဘူးကွာ၊ တောမှာတော့ လုံးလုံးကိုမနေနိုင်ဘူး။ ဒါပေမဲ့ လယ်ပြီးတဲ့အထိ အောင့်အည်း ပြီးနေရတာပေါ့၊ စပါးလဲထွက်ရော စပါး ၅၀ ခိုးရောင်းပြီး ရန်ကုန်ကိုပြေးတာဘဲ၊ ဟား ဟား ဟား၊ နောက် အိမ်ကစိတ်ပြေလောက်မဲ့အချိန် အိမ်ပြန်လာခဲ့တာဘဲ။ ဒီမှာ ဟိုလုပ်ဒီလုပ်နဲ့ နောက်ဆုံး အခုတော့ ဆိုက်ကားနင်းတာပေါ့၊ မင်းကရော ..
- အေးလေ အတူဘဲပေါ့ကွ ဆယ်တန်းမအောင်တော့ ကျောင်း ထွက်ရတယ်၊ အရင်ဆုံး ဘုရားကုန်း ရေနံမြေမှာ အလုပ်ဝင်လိုက်တာ၊ အဲဒီက အဆက်ရပြီး ရေနံမြေတွေမှာ တောက်လျောက် လိုက်လုပ်နေတာလေ။ အခု ချောက် ကနေ ပြန်လာခဲ့တာ။
- ဟ.. ရေနံမှာအလုပ်ရတာ မိုက်တာပေါ့ကွ
- မမိုက်ပါဘူးကွာ၊ အကောင်တွေဘဲ ထောတာပါ။ ငါတို့တော့ မထောပါဘူး။
- ဘုရားကုန်းမှာ လုပ်နေတဲ့သူတွေတော့ လခနဲ့တင် ထောနေတာဘဲ။
- အင်း လစာတော့ကောင်းတယ်၊ အချိန်ပိုလုပ်ခ ရတယ်လေ။
- အေးပေါ့ အချိန်ပို လခနဲ့ ဆိုတော့ အစဉ်ပြေတာပေါ့။
စကားတပြောပြောနှင့်ပင် ကိုယ်နေရာ လမ်းထိပ်သို့ ရောက်ခဲ့ပြီ။ လမ်းအခြေအနေက အတော် ဆိုးနေပြီ၊ ၃နှစ်လောက် ခွဲခွာခဲ့စဉ်အတွင်း ယ္ခင်ကထက် လမ်းတွေပိုပျက်စီးနေပြီ။ လမ်းလျောက်ဝင်မှ ရတော့မည်။
- ဟေ့ယောင် ရပ်လေကွာ ဆင်းလျောက်တော့မယ်။
- နေစမ်းပါကွာ ရပါတယ်၊
- ရတယ် မလုပ်နဲ့ ဆင်းလျောက်တာ ပိုကောင်းဦးမယ် ရပ်ကွာ၊
- ကဲကဲ ၊ အိပ်တွေက ထားထား၊ ငါအိမ်အထိပို့မယ်။
- ကဲ မင်းက ရှေ့ကနင်းသွားနှင့်တော့၊ နောက်ကလမ်းရှောက် လိုက်ခဲ့တော့မယ်။
ဆိုက်ကားပေါ်မှ ဆင်းပြီးသည်နှင့် ဝင်းသိန်းကတော့ လမ်းကြမ်းမှာပင် အမြန်နင်း၍ သွားတော့သည်။ ဆိုက်ကားက ဘယ်တိမ်းညာတိမ်း ယိမ်းကလျက် ရှေ့ဆက်နင်းသွားပုံမှာ လှေငယ်လှိုင်းမိနေသလို၊ သြော် .... ဒီ တို့လမ်းမျိုးကို ပြောကြတာဖြစ်မယ် ကျောက်ခဲစားထားလည်း အစာကြေမဲ့ လမ်းမျိုးဆိုတာဟုတွေးရင်း ပြုံးမိ သေးတော့သည်။

( ဆက်လက်ဖေါ်ပြပါဦးမည် )

No comments:

Post a Comment