Saturday, August 8, 2009

လေးဆယ့်ရှစ်ဆိုတာ …. အပိုင်း (၅)


ဒီလေးဆယ့်ရှစ်ရွာကလေးကို အသက်သွေးတွေနဲ့ ရင်းပြီး တည်ထောင်ခဲ့ပါတယ်။ မုံးလူမျိုး (ဗမာတွေအခေါ်က မျှော့ လူမျိုး) အများစုနဲ့ ထိုင်းကွန်မြူနစ် တွေရဲ့ ပူပေါင်း အင်အားစုကြီးဟာ ထိုင်နိုင်ငံ တာ့ခ် ခရိုင် အတွင်းက တောတောင်ထူထပ်တဲ့ ဒီဒေသကို ခြေကုပ်ယူပြီး ထိုင်းဘုရင်စနစ် ကိုတော်လှန်ခဲ့ကြပါတယ်။ (၁၉၅၀ - ၁၉၆၀) အဲဒီကာလက ထိုင်းနိုင်ငံ အတွင်းမှာလည်း အာဏာ လွန်ဆွဲပွဲတွေနဲ့မို တော်လှန်ပုန်ကန်သူများကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ခဲ့ပါဘူး။ ၁၉၅၉ - ခုနှစ် လောက်မှာတော့ တရုပ်တပ်နီတော် နဲ့ ရင်ဆိုင် ရှုံးနိမ့်ခဲ့တဲ့ ကူမင်တန် တပ်ရဲ့တပ်ဖွဲ့ငယ်တွေဟာ ဗမာပြည်ဖက်ကို ဝင်ရောက် ကျူးကျော်ပါတယ်။ ဗမာပြည်ထဲမှာလည်း ထပ်မံ ရှုံးနိမ့်ခဲ့ရပြီး ရပ်တည်စရာရဖို့ ထိုင်းနိုင်ငံနဲ့ စာချုပ်မဟုတ်သော သဘောတူညီချက်ကို ရယူပြီး ထိုင်းအစိုးရကို ဆန့်ကျင်ပုန်ကန်နေတဲ့ တော်လှန်သူတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါတယ်။ အဲဒီ ကူမင်တန်တပ်တွေရဲ့ ခေါင်းဆောင်က ဒီ လေးဆယ့်ရှစ်ရွာကလေးကို စတင်တည်ထောင်သူ ဖာ့မီယွန် (ဝဏ္ဏစွန်ချိုင်း) ဖြစ်ပါတယ်။ သူက သူ့ရဲ့တပ်ကို ကူမင်တန် တပ်ဖွဲ့ဝင် တပ်ကြပ်၊ တပ်ကြပ် ကြီးများနဲ့ ထိန်းချုပ်ခဲ့ပြီး ဗမာပြည်ဖက်က ရှမ်းတပ်တွေဖြစ်တဲ့ ကောင်န်ဆန်တပ်နဲ့ ခွန်ဆာတပ်ဖွဲ့တွေဆီက တပ်သားတွေကို သူ့ဆီမှာ ခေါ်ယူစုစည်း လိုက်ပါတယ်။ ဒီတပ်ဇွဲ့ကို ကြောထောက် နောက်ခံ ပြုပေးတာကတော့ ကူမင်တန် တပ် ဖြစ်ပြီး အဓိက ကျတဲ့ အထောက် အပံ့ကိုတော့ ထိုင်းနိုင်ငံက ပေးထားပါတယ်။ အဲဒီတပ်ဖွဲ့တွေဟာ တာ့ခ် ခရိုင်ထဲက ပုန်ကန်သူတွေနဲ့ တိုက်ပွဲငယ်ပေါင်းများစွာ၊ နဲ့ တိုက်ပွဲကြီးသုံးပွဲ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

တာ့ခ် ခရိုင် တာ့ခ် မြို့နယ်ရဲ့ တောင်ဖက် ဟော့င်ချော ဒေသမှာ ၁၉၆၁ - ခုနှစ် ကတိုက်ခဲ့ရတဲ့ တိုက်ပွဲ၊ ၁၉၇၈ - ခုနှစ် နှောင်းပိုင်းမှာ တိုက်ခဲ့တဲ့ ကျေဒီခို့ရွာအပိုင် မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ ၁၉၇၉ ဒီဇင်ဘာ လမှာ ဖြစ်ခဲ့တဲ့ (၈၃) ကီလိုမီတာ ရွာမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံး တိုက်ပွဲတွေလို့ဆိုပါတယ်။ ကျေဒီခို့ရွာဟာ လေးဆယ့်ရှစ်နဲ့ ကီလိုမီတာ ၂၀ သာဝေးပါတယ်။ (၈၃) ကီလိုမီတာရွာကတော့ လေးဆယ့်ရှစ်ရွာနဲ့ ၃၅ ကီလိုမီတာ ကွာဝေးပါတယ်။ အုန်းပြန့် ဒုက္ခသည် စခန်းဟာ (၈၃) ကီလိုမီတာ ရွာရဲ့ အပိုင်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီ ၁၉၇၉ - ခုနှစ်က တိုက်ခဲ့တဲ့ ရှစ်ဆယ့်သုံး တိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်ပြီး နောက်ဆုံး ပွဲသိမ်း စခန်းသိမ်း တိုက်ပွဲပါဘဲ။ ဒီတိုက်ပွဲအပြီးမှာ ဒေသဖွင့်ဖြိုးရေးအတွက် မဲဆောက် - အုန်းဖန် ကားလမ်းကို စတင်ဖေါက်လုပ်နိုင်ခဲ့ပါတယ်။ ဒီင်္ လေးဆယ့်ရှစ်ရွာကလေး (ဘန့်လောင်န်ကောက်) ကိုလည်း ဒီ ၁၉၇၉ - ခုနှစ်မှာဘဲ စတင်တည်ထောင်ခဲ့ပါတယ်။ ဒီတိုက်ပွဲအပြီးမှာ ပုန်ကန်သူ မျော့ တပ်တွေလည်း ကစဥ့်ကလျားဖြစ် လက်နက်ချသူချနဲ့ ပြိုကွဲခဲ့ရပြီး ဝဏ္ဏစွန်ချိုင်းရဲ့ တပ်ကတော့ ကိုင်စွဲခဲ့တဲ့ လက်နက်တွေကို ထိုင်းအစိုးရထံ အပ်နှံ ခဲ့ပါတယ်။ ဒီဒေသ အေးချမ်းပြီ ဆိုတော့ ဒေသဖွံ့ဖြိုးရေး လုပ်ဖို့ အတွက် ပြင်ဆင်ပါတော့တယ်။ ကားလမ်းတွေ စတင်ဖေါက်လုပ်ပြီး မြို့ပြနဲ့ ဆက်သွယ်ရေး ကောင်းမွန်တိုးတက် လာပေမယ့် ဒီဒေသကို ထိုင်းလူမျိုးတွေ လာရောက် အခြေချဖို့ မရဲကြပါဘူး။

ဒီအခြေအနေတွေကြောင့်ဘဲ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်မဲ့ လားဟူ၊ အခါ၊ အီကော စတဲ့ ဗမာပြည်က တိုင်းရင်းသားတွေဟာ ဒီရွာကလေးဆီ ထောင်နဲ့ ချီပြီး ဝင်ရောက် အခြေချ လာပါတယ်။ သူတို့တွေဟာ အခု အချိန်မှာတော့ လေးဆယ့်ရှစ်ရွာကလေးကို ခြံရံ ပြီး ရွာမရဲ့ ဘေးဘယ်ညာမှာ အီကောစုနဲ့ လားဟူစု အဖြစ် တည်ရှိနေကြပါတယ်။ သူတို့ကို ထိုင်းနိုင်ငံက တောင်ပေါ်သား ကဒ်ပြားထုပ်ပေးပြီး တည်ငြိမ်စွာ နေခွင့်ရပါတယ်။ ဗမာအများစုကတော့ ဝဏ္ဏစွန်ချိုင်း မီးသီးရုံ စပြီး တည်ထောင်ခဲ့တဲ့ ၁၉၈၁ -ခုနှစ်မှာ စတင်ဝင်ရောက်လာကြပါတယ်။ အဲဒီ အချိန် ထဲက ဝင်ရောက် လာသူတွေဟာ အခု အချိန်မှာတော့ ၃ - ၄ - ဦးသာရှိကြပါတော့တယ်။ သူတို့တွေကတော့ ထိုင်းနိုင်ငံက ဘာ အသိအမှတ်ပြု ကဒ်ပြားမှ မရှိဘဲ ဒီရွာကလေးမှာ နေထိုင်နေကြဆဲပါဘဲ။ ဒီရွာကလေးကို အစဦးဆုံး ဝင်ရောက် လာသူတွေဟာ ဖလူးကုန်သွယ် စခန်းကို ရောက်လာကြတဲ့ ဗမာပြည် အရပ်ရပ်က ကုန်သည် အငယ်စားတွေ၊ ဈေးသည်တွေ၊နဲ့ အထမ်းသ္မားတွေ ဘဲဖြစ်ပါတယ်။ သူတို့ထဲမှာမှ ဆောက်လုပ်ရေး လုပ်ငန်း ကျွမ်းကျင် သူတွေလည်း ပါလာပါသေးတယ်။ ဒုတိယ မီးသီးစက်ရုံကို ၁၉၈၈ နှောင်းပိုင်းမှာ စပြီးလည်ပတ်ပါတယ်။ ၁၉၉၀ -အလွန် နှစ်များမှာ ဒီရွာကလေးဟာ ဗမာသီချင်းသံ တညံညံနဲ့ လှုပ်ရှားသက်ဝင်ခဲ့ဘူး တယ်လို့ဆိုပါတယ်။ ဒီလိုနေခွင့်ရအောင် ရွာခေါင်းဆောင် ဝဏ္ဏစွန်ချိုင်း က တာဝန်ခံ ပေးထားတာ ဖြစ်ပါတယ်။ ဒီရွာမှာ တချိန်က သူနဲ့ စစ်ပြုခဲ့ဘူးတဲ့ မျော့(မုံး) လူမျိုးတွေကို ဝင်ရောက် အခြေချခွင့် မပေးပေမယ့် ဒီရွာကလေးကနေ ၄ ကီလို ၅ကီလိုသာ ဝေးကွာတဲ့ ၄၄ ကီလိုမီတာကျေးရွာ။ ပါခါးကောင်ကျေးရွာ။ ဘန့်စိဆမ်၊ စတဲ့ရွာတွေမှာတော့ ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ နေထိုင်နေတဲ့ မျော့(မုန်း)လူမျိုးတွေ နေထိုင်နေကြပါတယ်။

ဗမာပြည်သားတွေကို လွတ်လပ်စွာ နေထိုင်ခွင့် ပေးခဲ့ပေမဲ့ စည်းလွတ်ဝါးလွတ် နေခွင့်မပေးပါဘူး။ မူးယစ်ရမ်းကားတာ၊ ခိုးဝှက်တာတွေကို သူကိုယ်တိုင် အပြင်း အထန် ဆုံးမ အပြစ်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒီရွာမှာ မှီခိုနေသူဗမာတွေ အထူးသဖြင့် သူ့စက်ရုံမှာ အလုပ်လုပ်နေသူတွေ အရက်သေစာ အလွန်အကျွံ သောက်တာကို မကြိုက်ဘူးလို့ဆိုပါတယ်။ အရက်ဆိုင်မှာ ကြာကြာထိုင်နေတာ တွေ့ရင် ခေါ်ယူပြီး အရက်သောက်ပြီး ငွေမဖြုံးဖို့ အလုပ်ကရတဲ့ငွေကို မိဘတွေဆီ ပြန်ပို့ပေးဖို့ ဆုံးမတယ်လို့ ပြောကြပါတယ်။ ရွာဦးက ဘုန်းတော်ကြီးကျောင်းဟာ ရွာစတည်ပြီးတဲ့ အချိန်ကတည်းက တည်ဆောက်ခဲ့တာပါ။ တည်ဦးစက ထိုင်းဘုန်းတော်ကြီး တပါးသီတင်းသုံးပါတယ်။ ဝါတွင်းကာလမှာသာ သီတင်းသုံးပြီး ကျန်တဲ့ ကာလတွေမှာတော့ ခရီးသွား ဒေသစာရီ ကြွနေတာ များပါတယ်။ တနှစ်မှာတော့ ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ထိုင်း ဆရာတော် ရွာကို ပြန်လည် မရောက်လာတော့ပါဘူး။ ဒါကြောင့် ဗမာပြည်သားတွေ တိုင်ပင်ပြီး ဗမာ ဘုန်းတော်ကြီးတပါး ကို သီတင်းသုံးစေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အချိန်ကစပြီး ရွာဦးကျောင်းကလေးမှာ ဗမာ ဘုန်းတော်ကြီးတွေ အစဉ် အဆက် သီတင်းသုံးခဲ့တာ ယနေ့ အထိတိုင်အောင်ပါဘဲ။ ဗမာဘုန်းတော်ကြီးတွေ အဆက်ဆက် သီတင်းသုံးခဲ့ပေမဲ့လို့ ဒီကျောင်းဟာ တရားဝင် ကျောင်းအဖြစ် မရပါဘူး။ တောရကျောင်း အဖြစ်နဲ့သာ ရပ်တည်နေတာ ဖြစ်ပါတယ်။ တရားဝင် ကျောင်းဆိုတာက ထိုင်းသာသနာရေး က အသိအမှတ်ပြုပြီး အဲဒီကျောင်းမှာ ကံဆောင်ပေးတဲ့ ရဟန်းတွေကို ထိုင်း သာသနာဝင် ကဒ်ပြား ထုပ်ပေးခွင့် (သို့) ထောက်ခံခွင့် ရရှိပါတယ်။ သာသနိက အဆောက် အဦးတွေ ဆောက်တဲ့ အခါမှာ ထိုင်း သာသနာရေးဌာန ရဲ့ ကူညီ လှူဒါန်းတာကို ရရှိပါတယ်။

အဲသလို ထိုင်း သာသနာရေး ဘက် က အကူအညီ မရခဲ့ပေမဲ့ ဒီကျောင်းကို တိုးချဲ့ တည်ဆောက်စဉ် ၁၉၉၉ - ခုနှစ်က ဒီဒေသကို လှည့်လည် ကြည့်ရှုတဲ့ ထိုင်းဘုရင်ရဲ့ မိဘုရားကြီး က အလှူငွေ ဘတ် (၁၀၀၀၀) ထည့်ဝင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီကျောင်းရဲ့ သာသနိက အဆောက်အဦးတွေနဲ့ စေတီတည် ထားရာမှာ ရွာကလေးရဲ့ ရပ်နီး ရပ်ဝေး ဒေသတခွင်လုံးက ဗမာပြည်သား အပေါင်းရဲ့ အလှူငွေတွေနဲ့ တည်ဆောက်ခဲ့တာပါ။ ဒီသာသနိက မြေကို လှူခဲ့တဲ့ ဝဏ္ဏစွန်ချိုင်း ကတော့ ဒီကျောင်း တည်ဆောက်တာကို သတင်းမေးရုံလောက်သာရှိခဲ့ပြီး တခေါက်မှ မရောက်လာခဲ့ဘူးပါဘူး။ ပြောရမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဟုတ်မဟုတ်တောင်မှ အသေချာ မသိကြရဘူးလို့ဆိုပါတယ်။ သူကွယ်လွန်ခဲ့ပြီး နောက်ပိုင်း ၂၀၀၀ ခုနှစ်မှာ သူ့ရဲ့ဇနီး ဒေါ်ကျူရီ (ကျဲကျူရီ စဲ့လျှောင်) ဘုန်းတော်ကြီးကျောင်းကို ၂ ခေါက်တိုင် ရောက်လာပြီး လှူရံတွေကို ကိုယ်တိုင် ကိုယ်ကျ လာရောက် လှူဒါန်းပါတယ်။ ဒီလိုလာလှူဖြစ်တဲ့ အကြောင်းရင်းကလည်း ဒီရွာကလေးမှာတော့ ပြောစမှတ် တွင်ခဲ့ပါတယ်။

No comments:

Post a Comment